Skip to main content

အမျိုးသားမြေဥပဒေ ရေးဆွဲပြုစုရေး အထောက်အကူပြုလုပ်ငန်းအဖွဲ့ ပဉ္စမအကြိမ်အစည်းအဝေး ကျင်းပ

နေပြည်တော် မတ် ၁၂

အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေး အထောက်အကူပြုလုပ်ငန်းအဖွဲ့ ပဉ္စမအကြိမ် ညိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

တက်ရောက်

အစည်းအဝေးသို့ အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေး အထောက်အကူပြုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌများ ဖြစ်ကြသည့် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ ဒုတိယဝန်ကြီး ဦးမင်းသူနှင့် ကော်မတီဝင်များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဥက္ကဋ္ဌ- ၁ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာအောင်ကြီးက ယခုပဉ္စမအကြိမ်အစည်းအဝေးတွင် ၂၀၀၈ ခုနှစ် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပါရှိသည့် မြေနှင့်စပ်လျဉ်းသည့် တည်ဆဲဥပဒေများ၊ ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း (၁) နှင့် (၂) တို့မှ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍဆိုင်ရာ မူဝါဒသဘောတူညီချက်များ၊ အမျိုးသားမြေအသုံးချမှု မူဝါဒများနှင့် ညီညွတ်စေရေး အလေးထားဆောင်ရွက်ပြီး မြေစီမံခန့်ခွဲမှုဆိုင်ရာ တည်ဆဲဥပဒေများအား လွှမ်းခြုံ၍ လက်ရှိ မူဝါဒများနှင့် ကိုက်ညီသော အမျိုးသားမြေဥပဒေ မူကြမ်းဖြစ်စေရေး အလေးထား စိစစ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ (၂) သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူက အမျိုးသားမြေဥပဒေ ရေးဆွဲပြုစုရာတွင် ပါဝင်သင့်သည့်အချက်များနှင့် လုပ်ငန်းအဖွဲ့ငယ်များ၏ ဥပဒေအခန်းအလိုက် ထည့်သွင်းဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်များကို ဆွေးနွေးသည်။

ယင်းနောက် လုပ်ငန်းအဖွဲ့အတွင်းရေးမှူး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က လုပ်ငန်းအဖွဲ့ဆိုင်ရာများကိုလည်းကောင်း၊ ဥပဒေရေးဆွဲရေးအဖွဲ့ငယ် သုံးဖွဲ့ အဖွဲ့ခေါင်းဆောင်များက အမျိုးသားမြေဥပဒေ မူကြမ်းပြုစုထားရှိသည့် အခန်းများအလိုက် အချက်အလက်များကို ရှင်းလင်းတင်ပြကြရာ အစည်းအဝေး တက်ရောက်လာကြသူများက အကြံပြုသုံးသပ်ဆွေးနွေးခြင်း၊ ဖြည့်စွက်တင်ပြခြင်းနှင့် အတည်ပြုခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်