Skip to main content

တရားမဝင် သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော် မတ် ၁၃

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မတ် ၁၁ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာသုံးလုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် JFRESH Solar Flood Light with Panel အစုံ ၁၃၂၀၊ Ching Kuen Caped Wrapping Paper Machine တံဆိပ်ရိုက်စက် နှစ်လုံးအပါအဝင် ကုန်ပစ္စည်းကိုးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၅၄၅၀၀၀၀) ကိုလည်းကောင်း၊ အေးရှားဝေါလ် ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာနှစ်လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသည့် Measurement Equipment ၅၀ ကီလိုဂရမ် အပါအဝင် ကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၆၁၀၁၂၃၅၀) ကိုလည်းကောင်း၊ မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်း၌ လိုင်စင်မဲ့ Nissan X-Trail မော်တော်ယာဉ်တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၄၀၀၀၀၀၀) ကိုလည်းကောင်း၊ ဘားအံမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးနှင့် မော်လမြိုင်မြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးတို့ပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် IWACHI LED မီးသီး အလုံး ၄၃၀၀၊ Smart Softener အမွှေးဆီ အထုပ် ၂၁၆၀ အပါအဝင် ကုန်ပစ္စည်း နှစ်မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၂၈၀၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Hino Profia Truck တစ်စီးနှင့် Asia Star Bus တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၆၅၀၀၀၀၀၀) ကိုလည်းကောင်း စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၇၈၂၆၂၃၅၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် မတ် ၁၂ ရက်တွင် မွန်ပြည်နယ်တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မော်လမြိုင်မြို့နယ် ဂွေးကုန်းရပ်ကွက်၌ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ပုစွန်နှစ်ကောင်စားသုံးဆီ တစ်လီတာပါဘူး ၂၄၀၀၊ Sponsor အချိုရည်ဘူး ၁၃၂၀၀ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၉၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် မတ် ၁၂ ရက်တွင် တနင်္သာရီတိုင်းဒေသကြီးတရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြိတ်ခရိုင် မြိတ်မြို့နယ် နောက်လယ် (၃) လမ်း ကျောက်ပုံဆိပ်အနီး၌ တရားဝင်စာရွက် စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ငါးဖမ်းပိုက် ၂၀၀၀ ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀၀၀၀၀၀)ကို အကောက်ခွန် လုပ်ထုံးလုပ်နည်းများအရလည်းကောင်း၊ မြိတ်မြို့နယ် ကမ်းသာယာကျေးရွာ၌ တရားမဝင် အခြားသစ် ၃ ဒသမ ၅၉၂ တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၃၈၉၂၀)ကို သစ်တောဥပဒေအရလည်းကောင်း စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၅၃၈၉၂၀) ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ မတ် ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၁ မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၁၇၀၁၂၇၀) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်