ရန်ကုန် ဇန်နဝါရီ ၁၆
ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့် အထိမ်းအမှတ်အဖြစ် ကဗျာဆရာ၊ စာရေးဆရာအံ့မောင်၏ “အောင်ဆန်း တို့အမေ၊ အောင်ကျော် တို့အမေ” ကဗျာစာအုပ်မိတ်ဆက်ပွဲကို ယမန်နေ့ နံနက် ၁၁ နာရီတွင် ရန်ကုန်မြို့ သိမ်ဖြူ လမ်းရှိ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း (ရုံးချုပ်) ရွှေဥဒေါင်းခန်းမ၌ကျင်းပသည်။
အခမ်းအနားတွင် ဆရာအံ့မောင်က နှုတ်ခွန်းဆက်စကား ပြောကြား၍ သံအမတ်ကြီး(ငြိမ်း) စာရေးဆရာ ဦးမောင်မောင်စိုးတင့်နှင့် ဆရာဂုဏ်ထူး ဦးသိန်းနိုင်တို့က မုဒိတာစကား ပြောကြားကြသည်။
ထို့နောက် ကဗျာနှင့် စာပေအသိုင်း အဝိုင်းမှပုဂ္ဂိုလ်များက ငြိမ်းချမ်းရေး စကားများပြောကြားခြင်းနှင့် ငြိမ်းချမ်း ရေးကဗျာရွတ်ဆိုခြင်းတို့ကို ပြုလုပ်ကြ သည်။
ဆရာအံ့မောင်က “ရန်ကုန် တက္ကသိုလ်က အထူးချွန်ဆုံး ကျောင်းသားကြီး ကိုအောင်ဆန်း နဲ့အတူ ကိုအောင်ကျော်၊ ကိုဗဟိန်း၊ ကိုဘဆွေ၊ ကိုဘဦးတို့လို ပုဂ္ဂိုလ်တွေကို တက္ကသိုလ်ကြီးက မွေးထုတ်လိုက်တဲ့ အထိမ်းအမှတ်အဖြစ် ဒီနာမည်ကို ပေးလိုက်တာပါ” ဟု ပြောသည်။
ထို့ပြင် ပြည်တွင်းငြိမ်းချမ်းရေးရရှိ ရေးနှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှု ရရှိရေးတို့အတွက် အထောက်အပံ့ ဖြစ်ရန်၊ တိုင်းရင်းသားအချင်းချင်း ခိုင်မာသည့် ညီညွတ်မှုရရှိစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ၁၉၄၉ ခုနှစ်ခန့်မှစတင်ကာ နိုင်ငံရေးကဗျာနှင့် ဆောင်းပါးများကို ရေးသားခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
အဆိုပါ ကဗျာစာအုပ်တွင် ရန်ကုန် တက္ကသိုလ်နှင့်ပတ်သက်သည့် ရသစုံ ကဗျာအပုဒ် ၁၅၀ ပါဝင်ပြီး ကဗျာ ချစ်သူများနှင့် ဝါသနာရှင်များအတွက် တစ်ချိန်က ရန်ကုန်တက္ကသိုလ်၏ အရိပ် အငွေ့အသက်များကို ပြန်လည် ခံစားစေနိုင်မည့် ကဗျာစာအုပ် ဖြစ်ကြောင်း သိရသည်။
သတင်းနှင့် ဓာတ်ပုံ - ဇော်ကြီး