Skip to main content

ဘားအံ၌ ကင်းထောက် အခြေခံသင်တန်းဖွင့်လှစ်

ဘားအံ ဇန်နဝါရီ ၁၇

မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ချုပ်နှင့် ကရင်ပြည်နယ် ပညာရေးမိသားစုတို့ ပူးပေါင်း၍ ကင်းထောက်အခြေခံ သင်တန်း (၁/၂၀၂၀) ဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီက ဘားအံမြို့၊ အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်း  မြတ်ပညာခန်းမ၌ ကျင်းပသည်။

ရှေ့ဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ နိုင်ငံအဆင့်ကင်းထောက် အစီအစဉ်မှူးချုပ် ဦးအေးကြိုင်နှင့် ကင်းထောက်လူငယ်မောင်မယ် တို့က နိုင်ငံတော်အလံ အလေးပြုခြင်းနှင့် နိုင်ငံတော် သီချင်းသီဆို၍ အခမ်းအနားကိုဖွင့်လှစ်ပြီး ကင်ထောက်လူငယ်မောင်မယ်များက ကင်းထောက်ဂုဏ်ရည်သီချင်းဖြင့် ကင်းထောက် အခြေခံသင်တန်းကို ဖွင့်လှစ်သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က အဖွင့်အမှာစကား ပြောကြားပြီး မြန်မာနိုင်ငံကင်းထောက် အဖွဲ့ချုပ်၊ နိုင်ငံအဆင့် ကင်းထောက်အစီအစဉ်မှူးချုပ် ဦးအေးကြိုင် က ကင်းထောက်ပညာနှင့် ကင်းထောက်အစဉ်အလာ တို့ကို  ရှင်းလင်းပြောကြားသည်။

အဆိုပါသင်တန်းကို ဇန်နဝါရီလ ၁၇ ရက်နေ့ မှ ၂၀ ရက်နေ့ထိ ၄ ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ဘားအံမြို့ပေါ် အခြေခံပညာကျောင်းများရှိ ကျောင်းသား/သူနှင့် စိတ်ပါဝင်စားသူ ကင်းထောက် လူငယ်မောင်မယ် ၂၆၈ ဦး တက်ရောက်လျက်ရှိကြောင်း သိရှိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)