တပ်မတော်သည် နိုင်ငံတော်၏ လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်လျက်ရှိသည်။ တစ်ဖက်တွင် နက်ရှိုင်းရှုပ်ထွေးမှုများနှင့် ရောပြွမ်းနေသော နိုင်ငံရေးအခြေအနေများကို ဝင်ရောက်တာဝန်ယူရန် များစွာဝန်လေးသော်လည်း ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးအတွက် မလွှဲသာမရှောင်သာ ဝင်ရောက်တာဝန်ယူခဲ့ရသည်။
အထူးသဖြင့် နိုင်ငံရေးဝဲဂယက်များအတွင်း ငြိတွယ်ရစ်ဝဲနေကြသော ပုဂ္ဂိုလ်များ၊ ၎င်းတို့ပယောဂများကြောင့် လွင့်မျောလိုက်ပါနေကြသော ပြည်သူများနှင့် ထိပ်တိုက်မတွေ့ဆုံလိုသော်လည်း အေးချမ်းစွာနေထိုင်လိုကြသော ပြည်သူများ အကျိုးစီးပွားအတွက် မဖြစ်မနေပါဝင်ဆောင်ရွက်ခဲ့ရသည်။ ထို့အတူ ပြည်ထောင်စုကြီးအတွင်းရှိ တိုင်းရင်းသားညီအစ်ကိုအချင်းချင်းဖြစ်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပဋိပက္ခမဖြစ်လိုသဖြင့် ငြိမ်းချမ်းစွာ ဆွေးနွေးအဖြေရှာနေသော်လည်း နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုနှင့် တိုင်းရင်းသားပြည်သူများ အကျိုးစီးပွားထိခိုက်နိုင်မည့် အန္တရာယ်များကို ဖယ်ရှားရှင်းလင်းလျက်ရှိသည်။
တပ်မတော်သည် တိုင်းပြည်တွင် ဖြစ်ပေါ်ခဲ့သည့်အခြေအနေဆိုးများကို ရှင်းလင်းဖယ်ရှားခြင်းမပြုဘဲ လက်ပိုက်ကြည့်နေမည်ဆိုပါက အသက်သွေးချွေးပေါင်းမြောက်မြားစွာ စွန့်လွှတ်စွန့်စားရယူခဲ့သည့် လွတ်လပ်ရေးကြီး ဆုံးရှုံးသွားနိုင်သည်သာမက တစ်တိုင်းပြည်လုံး မီးဟုန်းဟုန်းတောက်နိုင်သည့်အခြေအနေများကို လုံးဝလက်မခံနိုင်သဖြင့် နိုင်ငံတော်ကို အစဉ်အမြဲကာကွယ်စောင့်ရှောက်နေခြင်း ဖြစ်သည်။ တပ်မတော်သည် ပြည်သူအတွင်းမှ ပေါက်ဖွားလာပြီး ပြည်သူများ၏ ရင်နှစ်သည်းချာများဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည့် တပ်မတော်ဖြစ်သည်နှင့်အညီ သမိုင်းတစ်လျှောက်တွင် ဘေးပယောဂအမျိုးမျိုး ထိုးနှက်တိုက်ခိုက်နေသည်ကို ကြံ့ကြံ့ခံရင်ဆိုင်ပြီး တိုင်းပြည်ကို အကောင်းဆုံးအခြေအနေသို့ရောက်အောင် ကြိုးပမ်းဖော်ဆောင်လျက်ရှိသည်။
မျက်မှောက်ကာလတွင် မြန်မာနိုင်ငံ၌ ပြည်သူများ လိုလားချက်နှင့်အညီ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်းဟူသည့် လောကပါလတရားများ ထွန်းကားရာ ဒီမိုကရေစီစနစ်ကိုကျင့်သုံးသည့်နိုင်ငံအဖြစ်သို့ စတင်လျှောက်လှမ်းနေသည်။ ဒီမိုကရေစီနိုင်ငံထူထောင်ရာတွင် နိုင်ငံသားအားလုံးအနေဖြင့် စည်းလုံးညီညွတ်ခြင်း၊ စည်းကမ်းရှိခြင်း၊ တရားဥပဒေကို လေးစားလိုက်နာခြင်းတို့ မရှိမဖြစ်လိုအပ်သည်။ သို့သော် လက်နက်ကိုင်ပဋိပက္ခများ၊ နိုင်ငံရေးအရ သဘောထားကွဲလွဲမှုများ၊ အာဏာထူထောင်လိုမှုများ၊ သွေးခွဲသပ်လျှိုမှုများ၊ စည်းလုံးညီညွတ်မှု လျော့နည်းလာမှုများ၊ နိုင်ငံ့အကျိုးကို လျစ်လျူရှု၍ ကိုယ်ကျိုးစီးပွားရှာဖွေမှုများ၊ နိုင်ငံ့အရင်းအမြစ်များကို ပျက်စီးအောင် ဖျက်နေမှုများရှိနေသည်။ အထူးသဖြင့် ပြည်သူများကြားတွင် သွေးကွဲအောင်ဖန်တီးပေးပြီး တိုင်းပြည်ပြိုကွဲပျက်စီးအောင် ကြိုးပမ်းအားထုတ်မှုများရှိနေသည်။
ထိုသို့ ရှုပ်ထွေးပွေလီ မြားမြောင်သည့် ပြဿနာများရှိနေသည့် နိုင်ငံအခြေအနေတွင် တိုင်းပြည်ကို အကောင်းဆုံးအခြေအနေသို့ရောက်အောင် ဦးဆောင်တာဝန်ယူလုပ်ကိုင်နိုင်ရန်မှာ လွယ်ကူလှသည့် အခြေအနေမဟုတ်ပေ။ တိုင်းပြည်တွင် အကြောင်းအမျိုးမျိုးဖြင့် ပြဿနာအဖုံဖုံဖြစ်ခဲ့ရသည်။ နိုင်ငံရေးသဘာရင့်ဝါရင့်ပုဂ္ဂိုလ်များ နိုင်ငံ့တာဝန်ယူစဉ် တိုင်းပြည်ပြိုကွဲပျက်စီးစေမည့်အခြေအနေများ ဖြစ်ပေါ်လာသဖြင့် တပ်မတော်ကို လွှဲပြောင်းတာဝန်ယူရန် တောင်းဆိုသည့်အခြေအနေများရှိခဲ့သည်။ မည်သို့ပင်ဖြစ်စေ တပ်မတော်သည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးအတွက် နိုင်ငံတော်တာဝန်အရပ်ရပ်ကို ရယူထမ်းဆောင်ခဲ့ရသည်။ နိုင်ငံတော်၏တာဝန်ကို ထမ်းဆောင်ရာတွင် ပြည်သူများ၏ဆန္ဒကို မျက်ကွယ်မပြုဘဲ ပြည်သူများ လိုလားသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို မျက်ခြည်အပြတ်မခံဘဲ တစိုက်မတ်မတ် ဆောင်ရွက်လျက်ရှိသည်။
မျက်မှောက်ကာလအပါအဝင် မြန်မာ့နိုင်ငံရေး ဖြတ်သန်းလာခဲ့သော သမိုင်းကြောင်းတစ်လျှောက်တွင် တပ်မတော်၏ တိုင်းပြည်နှင့်လူမျိုးအပေါ် ထားရှိသည့်ဆောင်ရွက်ချက်များကို အထင်အရှားတွေ့မြင်နိုင်မည်ဖြစ်သည်။ တပ်မတော်၏ မူလတာဝန်ဖြစ်သည့် နိုင်ငံတော်ကာကွယ်ရေးတာဝန်အပြင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများအားလုံးကို တစ်ချိန်တည်း တစ်ပြိုင်တည်း ဆောင်ရွက်နေရသည်မှာ လွယ်ကူလှသည့် အလုပ်မဟုတ်ပေ။ မည်သည့်တပ်မတော်မှ စွမ်းဆောင်နိုင်ခြင်းမရှိသည့် တိုင်းပြည်၏ တာဝန်အရပ်ရပ်ကို ကျေပွန်စွာထမ်းဆောင်နိုင်နေသည်မှာ မြန်မာ့တပ်မတော်ပင်ဖြစ်သည်။
သို့သော် တိုင်းပြည်ကို တည်ငြိမ်အေးချမ်းအောင်၊ အကောင်းဆုံးအခြေအနေရောက်အောင်၊ ပြည်သူများ၏ အကျိုးစီးပွားများကို ဆောင်ကြဉ်းပေးနိုင်သည့် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံအဖြစ် ခိုင်မာစွာတည်ဆောက်နိုင်အောင် ကြိုးပမ်းဆောင်ရွက်ရမည့်တာဝန်ကို တပ်မတော်တစ်ရပ်တည်းဖြင့် အောင်မြင်ခရီးရောက်အောင် ဆောင်ရွက်နိုင်မည်မဟုတ်သဖြင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက တပ်မတော်နှင့်အတူလက်တွဲ၍ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။