မိမိတို့နိုင်ငံတွင် စိုက်ပျိုးမွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (MSME)များ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်မှုများ အောင်မြင်မှသာ နိုင်ငံတော်၏ အမျိုးသားရေးရည်မှန်းချက်(၂)ရပ် ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေး ရည်မှန်းချက်များ ပြည့်မြောက်အောင်မြင်နိုင်မည် ဖြစ်သည်။ နိုင်ငံ့စီးပွားရေးတွင် အခြေခံအကျဆုံးဖြစ်သော စိုက်ပျိုးရေးကဏ္ဍ တိုးတက်မြင့်မားရေးအတွက် သီးနှံအလိုက် တစ်ဧကပန်းတိုင် အထွက်နှုန်းပြည့်မီရေး၊ သီးထပ်စွမ်းအားမြှင့်တင်ရေး တွန်းအားပေးဆောင်ရွက်ခဲ့သလို မွေးမြူရေးကဏ္ဍဖွံ့ဖြိုးရေးအတွက်လည်း နိုင်ငံတော်က အားပေးဆောင်ရွက်ခဲ့သည်။
“ယခုကဲ့သို့ဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်ပေးနေသော်လည်း အကြမ်းဖက်လုပ်ရပ်များကြောင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုများ၊ ကုန်ထုတ်လုပ်မှုနှင့် ကုန်စည်စီးဆင်းမှုများကို အဟန့်အတားဖြစ်စေမှုများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်းမရှိသည့်အတွက် ရည်မှန်းထားသလောက် အောင်မြင်မှုမရှိသေးသည်ကိုလည်း တွေ့ရမည်ဖြစ်ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမျိုးသားစီမံကိန်းကော်မရှင် (၁/၂၀၂၄) အစည်းအဝေးအမှာစကား ပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။ နိုင်ငံကိုတာဝန်ယူထားရသည့် အစိုးရတစ်ရပ်အနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော လမ်းပန်းဆက်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေး၊ လျှပ်စစ်ဓာတ်အားရရှိရေး၊ ရေရရှိရေး၊ ကျေးရွာချင်းဆက်လမ်းများ၊ ကျေးလက်ကုန်ထုတ်လုပ်ငန်းများနှင့် ရာသီမရွေးသွားလာနိုင်သည့် လမ်းများရရှိရေးအတွက် တစ်နိုင်ငံလုံးတွင် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိပြီး စိုက်ပျိုးမွေးမြူကုန်ထုတ်လုပ်ငန်းများ တိုးတက်ရေးနှင့် MSME လုပ်ငန်းများ အားပေးမြှင့်တင်ရေးတို့ကိုလည်း ဆောင်ရွက်ပေးခဲ့သည်။
သို့ရာတွင် ပါပဓာတ်အားကြီးနေသည့် မိမိတို့နိုင်ငံတွင် အပြုထက်အဖျက်က ရှေ့မှပြေးနေပြီး ရထားလမ်း၊ ကားလမ်းများ၊ မြစ်ကူးချောင်းကူးတံတားများ၊ ဆက်သွယ်ရေးတာဝါတိုင်များ၊ ဓာတ်အားလိုင်းများ စသည့်အခြေခံအဆောက်အအုံများစွာတို့ အကြိမ်ကြိမ်ဖောက်ခွဲ ဖျက်ဆီးခံရသည်။ လက်နက်ကိုင်အကြမ်းဖက်တို့ လှုပ်ရှားရာဒေသတို့တွင် ကုန်စည်စီးဆင်းမှုတို့ မချောမွေ့။ လက်နက်ကိုင်အဖွဲ့များစွာ၊ ဂိတ်များစွာရှိသော လမ်းများတွင် အစစ်အဆေး၊ အကောက်အခံကလည်း များစွာရှိနေရာ ကုန်စည်သယ်ယူပို့ဆောင်မှုအတွက် ကြီးမြင့်လာသည့် စရိတ်၏ဒဏ်ကို စားသုံးသူပြည်သူတို့ကသာ ခံကြရသည်။ နယ်မြေတည်ငြိမ် အေးချမ်းမှုကင်းမဲ့ခြင်း၊ လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်စည်စီးဆင်းမှုတို့ လုံခြုံချောမွေ့မှုမရှိခြင်းတို့က ကုန်ထုတ်လုပ်မှု ကဏ္ဍကိုရော ကုန်စည်ကူးသန်းရောင်းဝယ်မှုကဏ္ဍကိုပါ များစွာထိခိုက်စေသည်။
ပြီးခဲ့သည့်ကာလအတွင်း စိုက်ပျိုးထုတ်လုပ်မှုများ ထိခိုက်ခဲ့ပြီး မွေးမြူရေးနှင့်ပတ်သက်၍လည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လျော့နည်းကျဆင်းခဲ့ရာ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ်(၃/၂၀၂၄)တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်မှသာ စက်မှုလုပ်ငန်းများနှင့် MSME လုပ်ငန်းများ တိုးတက်လာမည်ဖြစ် ကြောင်း၊ MSME လုပ်ငန်းများကို ဆောင်ရွက်ရာတွင် ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရုံသာမကဘဲ ပြည်ပနိုင်ငံများသို့ပါ တင်ပို့နိုင်သည့် အရည်အသွေးပြည့်မီသော အဆင့်မီထုတ်ကုန်များအဖြစ် ထုတ်လုပ်နိုင်သည်အထိ ဆောင်ရွက်ကြရန်လိုကြောင်း” တိုက်တွန်းမှာကြားခဲ့ရာ နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူ့လူမှုစီးပွားဘဝမြင့်မားရေးတို့အတွက် တာဝန်ရှိသူအားလုံး၊ သက်ဆိုင်သူအားလုံးက ကျရာကဏ္ဍများအလိုက် အားသွန်ကြိုးပမ်းစွမ်းဆောင်ကြရပါမည့် အကြောင်း။ ။