၂၀၂၄ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်းအနားကို မတ်လ ၂၄ ရက်နေ့က နေပြည်တော် မာရဝိဇယဗုဒ္ဓဥယျာဉ်တော်ပရိဝုဏ်အတွင်း ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ကြည်ညိုကာ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပြီး ဆွမ်းဆန်စိမ်းများ လောင်းလှူကြသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ၂၀၂၄ ခုနှစ်တွင် ဆရာတော်ကြီးများ၊ ဂန္ထဓုရပရိယတ္တိ ဝန်ဆောင်စာချဆရာတော်များ၊ ဝိပဿနာဓုရပဋိပတ္တိဝန်ဆောင် ကမ္မဋ္ဌာန်းနည်းပြဆရာတော်များ၊ နယ်လှည့်ဓမ္မကထိက၊ ပြည်တွင်း/ပြည်ပ သာသနာပြုပုဂ္ဂိုလ်များနှင့် ဗုဒ္ဓသာသနာတော်ကို ပစ္စည်းလေးပါးတို့ဖြင့် ထူးခြားစွာ ထောက်ပံ့လှူဒါန်းနေကြသည့် လူပုဂ္ဂိုလ်များအား သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့(လွတ်လပ်ရေးနေ့)တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၁/၂၀၂၄ ဖြင့် ဆက်ကပ်လှူဒါန်း အပ်နှင်းခဲ့သည်။
ယခု ၂၀၂၄ ခုနှစ် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲတွင် ပြည်တွင်း/ပြည်ပမှ ဆရာတော်၊ သံဃာတော် ၄၂၁ ပါး၊ သီလရှင်ဆရာကြီး ၄၁ ပါးနှင့် လူပုဂ္ဂိုလ် ၄၇ ဦးတို့ကို နိုင်ငံတော်အဆင့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းချီးမြှင့်ခဲ့ပြီး ကျန်ရှိသော သာသနာတော် ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်၊ သံဃာတော်၊ လူပုဂ္ဂိုလ်များကို နိုင်ငံတော် တစ်ဝန်းရှိ ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးတွင် တစ်ပြိုင်တည်းကျင်းပ၍ ဆက်ကပ်ချီးမြှင့်ကြရာ မြန်မာနိုင်ငံတွင် ဗုဒ္ဓသာသနာတော် အရောင်အဝါနေလပမာ ထွန်းလင်းတောက်ပလျက်ရှိသည်ကိုတွေ့ရသဖြင့် များစွာဝမ်းမြောက်ပီတိဖြစ်ကြရပြီး သာဓုခေါ်ဆိုကြရမည် ဖြစ်သည်။
တိုင်းပြည်တစ်ပြည် သို့မဟုတ် လူမျိုးတစ်မျိုး၏ ယဉ်ကျေးမှု၊ ဘာသာစကား၊ ဓလေ့ထုံးတမ်းများကို ကြည့်ရှုအကဲခတ်ပါက သက်ဆိုင်ရာဘာသာတရားများက ယင်းတိုင်းပြည်နှင့်လူမျိုးကို လွှမ်းခြုံထိန်းသိမ်းထားနိုင်သည်ကို တွေ့ရသည်။ မြန်မာတို့၏ ယဉ်ကျေးမှု၊ ဘာသာစကား၊ စာပေ၊ ဓလေ့ထုံးတမ်းများသည် ပရိယတ္တိဓမ္မကို အခြေခံသည်။ ပရိယတ္တိဓမ္မပျောက်သော် မြန်မာတို့၏ ယဉ်ကျေးမှု၊ ဘာသာစာပေ၊ ဓလေ့ထုံးတမ်းအစဉ်အလာများလည်း ပျောက်ပျက်မည်ဖြစ်သည်။ ထိုအချက်ကို နိုင်ငံ့ခေါင်းဆောင်များက သိရှိသဖြင့် ပရိယတ္တိစာမေးပွဲများကို နှစ်စဉ်ကျင်းပပေးပြီး စာအောင်သံဃာတော်များ၊ စာချစာသင်ဆရာတော်များ၊ ပဓာနနာယကဆရာတော်များအား ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်း ချီးမြှင့်ပေးခဲ့သည်။
လူဖြစ်စေ၊ ရှင်ရဟန်းဖြစ်စေ အစဉ်ထာဝရ အားထားကိုးစားရမည့်အရာမှာ မှန်ကန်တိကျသော အကျင့်ပဋိပတ် ဖြစ်သည်။ ယင်းပဋိပတ်ကား သီလ၊ သမာဓိ၊ ပညာဟူသော သိက္ခာသုံးရပ် ဖြစ်သည်။ ပဋိပတ်၏ အခြေခံအကြောင်းရင်းသည် ပရိယတ်ဖြစ်၍ နောက်ဆုံးအကျိုးတရားကား မဂ်ဖိုလ်နိဗ္ဗာန်ဖြစ်သည်။ ထိုအကျိုးတရားကို အကျင့်ပဋိပတ်ဖြင့်သာ ရရှိနိုင်ပေသည်။ ပဋိပတ်ကျင့်စဉ်ကို ကြိုးပမ်းအားထုတ်သူများသည် ပြုလုပ်အားထုတ်ခဲ့သည့် ပဋိပတ်လမ်းစဉ်ကို လူအများလိုက်နာကျင့်ကြံလာအောင် ဆက်လက်ဟောပြောပြသနေသမျှ ပဋိပတ်ကျင့်စဉ် မကွယ်ပျောက်ဘဲ သာသနာတော်သည်လည်း သန့်ရှင်းစင်ကြယ် တည်တံ့ပြန့်ပွားပြီး အစဉ်ရှင်သန် ထွန်းကားနေမည်ဖြစ်သည်။
သာသနာပြုလုပ်ငန်းဟူသည် မြတ်စွာဘုရား တရားတော်များကို ဟောပြောခြင်း၊ ရေးသားခြင်း၊ သင်ပြပို့ချပေးခြင်းတို့ဖြစ်သည်။ အချုပ်အားဖြင့် အကုသိုလ်မှန်သမျှမပြုလုပ်ခြင်း၊ ကုသိုလ်ဟူသမျှ ပြုလုပ်ခြင်း၊ မိမိစိတ်ကို ဖြူစင်အောင်ထားခြင်းဟူသော မြတ်စွာဘုရားရှင်၏ အဆုံးအမများကို လူအများလိုက်နာအောင် ဆောင်ရွက်ခြင်းသည် သာသနာပြုခြင်းပင်ဖြစ်သည်။ ဗုဒ္ဓသာသနာကို မယုံကြည်သေးသူများ ယုံကြည်လာအောင်၊ ယုံကြည်ပြီးသူများ ပိုမိုယုံကြည်လာအောင် စွမ်းနိုင်သမျှ ဟောပြောရေးသားသင်ကြားကြကာ သာသနာပြုကြရသည်။ ထိုသို့ သာသနာပြုရာတွင် စွမ်းနိုင်ပါက ဗုဒ္ဓသာသနာ အရောက်အပေါက်နည်းသော နေရာများအထိ သွားရောက်သာသနာပြုသင့်သည်။ ကိုယ်တိုင် သာသနာမပြုနိုင်သေးပါက တစ်နည်းနည်းဖြင့် သာသနာပြုနေကြသော ရဟန်းရှင်လူ ပုဂ္ဂိုလ်များကို အားပေးထောက်ပံ့ချီးမြှောက်သင့်သည်။
ယခုအခါ ဗုဒ္ဓသာသနာတော်သုံးရပ် ရှင်သန်ထွန်းကားပြန့်ပွားအောင် ထူးကဲစွာ ကြိုးပမ်းအားထုတ်တော်မူကြသော ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များနှင့် ဗုဒ္ဓသာသနာတော်ကို ပစ္စည်းလေးပါးတို့ဖြင့် ထူးခြားစွာထောက်ပံ့လှူဒါန်းနေကြသည့် လူပုဂ္ဂိုလ်များအား သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီးမြှင့်နိုင်ခြင်းကြောင့် မြန်မာနိုင်ငံတွင် ဗုဒ္ဓသာသနာ အရောင်အဝါ နေလိုလလို ထွန်းလင်းတောက်ပလျက်ရှိပါကြောင်း။ ။