Skip to main content

အစဉ်အလာကောင်းသည့် တပ်မတော်ကိုဂုဏ်ပြု

မြန်မာနိုင်ငံသည် ကွဲပြားခြားနားသော ပထဝီအနေအထား၊ အသွေးအရောင်မတူသည့် တိုင်းရင်းသားလူမျိုးများဖြင့် ဖွဲ့စည်းတည်ထောင်ထားသည့် ပြည်ထောင်စုနိုင်ငံဖြစ်၍ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် အရေးသုံးပါးသည် အရေးအကြီးဆုံးအချက် ဖြစ်ပါသည်။ တပ်မတော်သည် သမိုင်းကြောင်းတစ်လျှောက်တွင် ထိုအရေးသုံးပါးကို ဦးထိပ်ပန်ဆင်ပြီး တိုင်းပြည်တာဝန်များကို ကျရာကဏ္ဍမှ ကျေပွန်စွာထမ်းရွက်လျက်ရှိပါသည်။

တပ်မတော်သည် လွတ်လပ်ရေးကြိုးပမ်းမှုအခန်းကဏ္ဍတွင် အဓိကကဏ္ဍမှပါဝင်ခဲ့ပြီး လွတ်လပ်ရေးကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရာတွင်လည်း ပင်မမဏ္ဍိုင်မှပါဝင်ခဲ့သည်။ တိုင်းပြည်တွင်ဖြစ်ပေါ်ခဲ့သည့် အခြေအနေအရပ်ရပ်ကြောင့် အရေးသုံးပါးကို ထိခိုက်ပျက်စီးခြင်းမရှိစေရန်အတွက် တပ်မတော်သည် နိုင်ငံ့တာဝန်များကို မလွှဲသာမရှောင်သာဘဲ တာဝန်ယူခဲ့ရသည်။ တပ်မတော်သည် သမိုင်းအဆက်ဆက်တွင် အမျိုးသားရေးလိုအပ်ချက်မှန်သမျှကို ရယူတည်ဆောက်ပေးခဲ့သည်။ သမိုင်းကြောင်းအခြေအနေအရ ဖြစ်ပေါ်လာသော ပြဿနာအရပ်ရပ်ကို ပီပီပြင်ပြင်ဖြေရှင်းပေးခဲ့သည်။

တပ်မတော်သည် အဓိကတာဝန်ဖြစ်သည့် အမိနိုင်ငံတော်ကို ကာကွယ် စောင့်ရှောက်ရာတွင် မိမိတို့၏ အသက်ခန္ဓာများကို ပေးဆပ်ရန်ပင် မတွန့်မဆုတ်ဘဲ နိုင်ငံတော်နှင့် တိုင်းရင်းသားမိဘပြည်သူများအပေါ် ချစ်မြတ်နိုးကြောင်း သက်သေအမျိုးမျိုးညွှန်းဆိုခဲ့ပြီးဖြစ်သည်။ တပ်မတော်သားများသည် နယ်ချဲ့လက်ပါးစေ၊ အမျိုးသားသစ္စာဖောက်၊ အဖျက်သမားသောင်းကျန်းသူများနှင့် ရင်ဆိုင်ယှဉ်ပြိုင်ခဲ့ရသည့် တိုက်ပွဲများတွင် ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသား၊ ငါ့အမျိုးသားရေးတို့အတွက်ဟူသော ခိုင်ကြည်သည့် သန္နိဋ္ဌာန်စိတ်ဖြင့် ရဲဝံ့စွန့်စားစွာ တိုက်ခိုက်ခဲ့ကြသည်ချည်းပင်ဖြစ်သည်။ အနိုင်မခံ အရှုံးမပေးစိတ်ဓာတ်ဖြင့် စွန့်လွှတ်စွန့်စားကာ တိုက်ခိုက်ခဲ့ကြသည်။

ဤသို့ အသက်ခန္ဓာများကို စွန့််လွှတ်ပေးဆပ်ပြီး နိုင်ငံတော်၏ လွတ်လပ်ရေးနှင့်အချုပ်အခြာအာဏာကို မည်မျှအထိ၊ မည်သည့်အတိုင်းအတာအထိ ထိန်းသိမ်း ကာကွယ်စောင့်ရှောက်နေသည်ဟူသောအချက်မှာ ပေါ်လွင်ထင်ရှားလျက်ရှိသည်။ မြန်မာနိုင်ငံသည် ပထဝီအနေအထားနှင့်နိုင်ငံရေးအခြေအနေအရ လွတ်လပ်ရေးရရှိပြီး သမိုင်းကြောင်းတစ်လျှောက်တွင် ပါဝင်ခဲ့ရသည့် အစိုးရများက နိုင်ငံတော်ကို တည်ဆောက်လိုက်၊ သောင်းကျန်းသူ အဖျက်သမားများက နိုင်ငံတော်ကိုဖျက်ဆီးလိုက်နှင့် အဆိုးသံသရာတွင် ကျင်လည်နေရသည်။ အကျိုးဆက်မှာ တိုင်းပြည်အောက်ကျ၊ နောက်ကျဖြင့် ရှေ့မတက်နိုင်အောင် ဖြစ်ခဲ့သည်။

မျက်မှောက်ကာလတွင် နိုင်ငံတော်အစိုးရက ပြည်သူများလိုလားသည့် လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်း၍ တရားဥပဒေစိုးမိုးရေးအပြည့်အဝရရှိလာအောင် အလေးထားဆောင်ရွက်လျက်ရှိသည်။ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးအကျုံးဝင်သည့် လူမှုစီးပွားဘဝမြင့်မားရေးကို ကြိုပမ်းဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော်၏ ပကတိအနှစ်သာရဖြစ်သည့် ပြည်တွင်းငြိမ်းချမ်းရေးနှင့်ရရှိထားသည့် ငြိမ်းချမ်းရေးရလဒ်များ တည်ငြိမ်ရေးအတွက် NCA ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင် လျက်ရှိသည်။

တပ်မတော်အနေဖြင့် (၇၉) နှစ်မြောက် တပ်မတော်နေ့အတွက် ချမှတ်ထားသည့် ဦးတည်ချက်များအတိုင်း ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသော ဒို့တာဝန် အရေး (၃) ပါးကို တပ်မတော်၏ အမျိုးသားရေးမူဝါဒအဖြစ် အမြဲဦးထိပ်ပန်ဆင်ပြီး နိုင်ငံတော်အတွက် အသက်ပေးကာကွယ်စောင့်ရှောက်လျက်ရှိသည်။ နိုင်ငံတော်၏ အမျိုးသားရေးရည်မှန်းချက် (၂) ရပ်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးလုပ်ငန်းစဉ်များတွင် နိုင်ငံတော်အစိုးရ၊ တိုင်းရင်းသားပြည်သူ လူထုနှင့်အတူ တပ်မတော်သားများအနေဖြင့် ကျရာအခန်းကဏ္ဍမှ တက်ကြွစွာပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သည့် ခေတ်မီမျိုးချစ်တပ်မတော်တည်ဆောက်ရေးကို အစဉ်တစိုက် အကောင်အထည်ဖော်လျက်ရှိသည်။ နိုင်ငံတော်၏ ပကတိလိုအပ်ချက်ဖြစ်သည့် တည်ငြိမ်အေးချမ်းရေး၊ စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီး ပေါ်ထွန်းလာစေရေးအတွက် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲကျင်းပနိုင်ရေးတွင် တပ်မတော်က လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

သို့ဖြစ်ရာ သမိုင်းအစဉ်အလာ ကောင်းမြတ်ခဲ့သည့် တပ်မတော်သည် ခေတ်အဆက်ဆက်၌ တိုင်းပြည်ကာကွယ်ရေးနှင့် တည်ဆောက်ရေးအတွက်ပေးအပ်သည့် တာဝန်များကို ကျေပွန်စွာထမ်းရွက်ခဲ့သလို မျက်မှောက်ကာလတွင်လည်း နိုင်ငံတော်နှင့်တိုင်းရင်းသားပြည်သူများ၏ အကျိုးစီးပွားများကို ကျေပွန်စွာ ကာကွယ်စောင့်ရှောက်ပေးလျက်ရှိသည့် တပ်မတော်ကို ဂုဏ်ပြုလိုက်ရပါကြောင်း။ ။