အစွန်းရောက် မိုးလေဝသဖြစ်စဉ်များဖြစ်သော မိုးရွာသွန်းမှုမူမမှန်ခြင်း၊ နေ့အပူချိန်များမြင့်မားခြင်း၊ မုန်တိုင်းဖြစ်ပေါ်မှုများ မူမမှန်ခြင်း၊ မိုးခေါင်ရေရှားခြင်း စသည်တို့ကိုဖြစ်ပေါ်စေသည့် အယ်နီညိုဖြစ်စဉ်သည် အားအသင့်အတင့်အခြေအနေတွင်ရှိနေရာ ကမ္ဘာတစ်ဝန်းတွင် အယ်နီညိုအားနည်းလာသော်လည်း အပူချိန်ဆက်လက်မြင့်မားနေဦးမည်ဖြစ်သည်ဟု သတင်းများတွင် တွေ့ရသည်။
၂၁ ရာစုဦးပိုင်းမှစတင်၍ ကမ္ဘာတစ်ဝန်းတွင် ရာသီဥတုပြောင်းလဲမှုများ သိသိသာသာဖြစ်ပေါ်လာခဲ့ရာ အဆိုပါပြောင်းလဲမှုသည် နိုင်ငံအများစုတွင် ဆိုးကျိုးကိုသာ သက်ရောက်စေခဲ့သည်။ မုန်တိုင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်း၊ ရေကြီးရေလျှံခြင်း၊ အပူလှိုင်းအအေးလှိုင်းများ ကျရောက်ခြင်း စသည့်သဘာဝဘေးအန္တရာယ်များ ပိုမိုပြင်းထန်လာသလိုဖြစ်ပေါ်သည့် ကြိမ်ရေလည်း ပိုမိုများပြားလာသည်။ ရာသီဥတုပြောင်းလဲမှုသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများအပေါ်တွင် အကျိုးသက်ရောက်မှုဖြစ်ပေါ်စေခြင်းကြောင့် စားနပ်ရိက္ခာထုတ်လုပ်မှုလျော့ နည်းကျဆင်းလာခြင်းများ ဖြစ်ပေါ်စေနိုင်သည်။ သစ်ပင်သစ်တောများနှင့် သဘာဝပတ်ဝန်းကျင်ကိုလည်းကောင်း၊ ဂေဟစနစ်ကိုလည်းကောင်း ထိခိုက်စေနိုင်သလို သီးနှံဖျက်ပိုးမွှားများ ပိုမိုပေါက်ပွားစေနိုင်ခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများ ရှင်သန်တည်ရှိမှုအပေါ် ခြိမ်းခြောက်နိုင်ခြင်းတို့ ဖြစ်ပေါ်နိုင်စေသည်။ ထို့အပြင် လူသားတို့၏ ကျန်းမာရေးကို ထိခိုက်စေသည့် ရောဂါပိုးမွှားများ ပေါက်ပွားရှင်သန်မှုကို ပိုမိုဖြစ်ပေါ်စေနိုင်ခြင်းကြောင့် ကပ်ရောဂါများဖြစ် ပွားလာစေသည့် အန္တရာယ်လည်း ပိုမိုကြီးမားလာသည်။
ယခုအခါ မိမိတို့နိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းတွင်အား အသင့်အတင့်ရှိသော အယ်နီညိုဖြစ်ပေါ်ခြင်း၏ အကျိုးသက်ရောက်မှုကို ခံစားနေရချိန်ဖြစ်ပြီး မြန်မာနိုင်ငံတွင် နွေရာသီဖြစ်သည့် အလျောက်အပူရှိန်ပုံမှန်ထက် ပိုမိုမြင့်မားနိုင်သည့်အခြေအနေကို သတိပြုကြရမည်ဖြစ်သည်။ မုတ်သုံလေမဝင်ရောက်မီကာလအတွင်း အပူလှိုင်းကျရောက်ခြင်း၊ မိုးခေါင်ခြောက်သွေ့ခြင်းတို့ကြောင့် ပြည်သူတို့၏ကျန်းမာရေးများ ထိခိုက်မှုမဖြစ်စေရန်၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများတွင် ပျက်စီးဆုံးရှုံးမှုများ မဖြစ်စေရန် ကြိုတင်ကာကွယ်ဆောင်ရွက်ကြဖို့လိုသည်။ အယ်နီညိုသည် လွန်ခဲ့သည့်ရာစုနှစ်များစွာကပင် သဘာဝအလျောက် ဖြစ်ပေါ်နေခဲ့သည့် သဘာဝဖြစ်စဉ်တစ်ခုသာဖြစ်သော်လည်း ကမ္ဘာကြီးပူနွေးလာမှုကြောင့် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုမှာ လူသားတို့ကြောင့်သာ ဖြစ်သည်။
ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုတွင် အဓိကကျသောသော့ချက်မှာ လေထုထဲတွင်ရှိနေသည့် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ပင်ဖြစ်ကြောင်း သိပ္ပံပညာရှင်များက အတည်ပြုထားသည်။ ကမ္ဘာ့လေထုထဲတွင် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ပမာဏ ပိုမိုများပြားလာသည်နှင့်အမျှ ကမ္ဘာ့အပူချိန်မြင့်မားလာကြောင်း တွေ့ရှိခဲ့ကြပြီး ဒီဇယ်ဆီ၊ ဓာတ်ဆီ စသည့်ရုပ်ကြွင်းလောင်စာများ သုံးစွဲခြင်း၊ သစ်တောများ ပြုန်းတီးခြင်း၊ တောမီးလောင်ကျွမ်းခြင်း၊ မြေအသုံးချမှုပြောင်းလဲခြင်းစသည်တို့ကြောင့် လေထုထဲသို့ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့များ ရောက်ရှိစေကြောင်းကိုလည်း သိရှိနိုင်ခဲ့ကြသည်။ သို့ဖြစ်ရာ ကမ္ဘာကြီးပိုမိုပူနွေးလာမှုကို တားဆီးနိုင်ရန်အတွက် လူသားတို့၏အပြုအမူများကို ပြုပြင်ပြောင်းလဲနိုင်ရန် ကမ္ဘာတစ်ဝန်း၌ ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ တာဝန်ကျေသော ကမ္ဘာသူကမ္ဘာသားများအဖြစ် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတွင် လူတိုင်းပါဝင်ကြရမည်ဖြစ်သည်။
ထို့အပြင် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကြောင့် အစွန်းရောက် မိုးလေဝသဖြစ်စဉ်များနှင့် သဘာဝဘေးအန္တရာယ်များ ပိုမို၍ ပြင်းပြင်းထန်ထန်နှင့် ပိုမို၍ ဖြစ်နိုင်ခြေမြင့်မားလာမှုအပေါ် အာဏာပိုင်အဖွဲ့အစည်းများ၊ တာဝန်ရှိသူများနှင့် ပြည်သူတစ်ရပ်လုံးက အစဉ်သတိ၊ အမြဲရှိနေကြရန်လိုသည်။ သည့်အပြင် မိုးလေဝသနှင့် ဇလဗေဒဆိုင်ရာ ခန့်မှန်းချက်များသည် ဆောလျင်စွာနှင့် တိကျမှန်ကန်စွာ ကျယ်ကျယ်ပြန့်ပြန့် ထုတ်ပြန်ကြေညာပေးနိုင်သည်နှင့်အမျှ အပျက်အစီးနှင့်ထိခိုက်ဆုံးရှုံးမှုတို့ ပိုမိုလျော့နည်းသက်သာစေသည့်အလျောက် နည်းပညာပိုင်းဆိုင်ရာ အဆင့်မြှင့်တင်ကြိုးပမ်းမှုများကို ကြိုဆိုအပ်ပါကြောင်း။ ။