နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်တွင် “တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများအားမြှင့်တင်၍ နိုင်ငံ့စီးပွားမြင့်မားရေးနှင့် ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝမြင့်မားရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်” ဟူသည့်အချက်ကို ချမှတ်ထားသည်။ အဆိုပါရှေ့လုပ်ငန်းစဉ်နှင့်အညီ ကုန်ထုတ်လုပ်ငန်းများ တိုးတက်အောင်ကြိုးပမ်းဆောင်ရွက်ခဲ့ရာ အတိုင်းအတာတစ်ခုအထိ အောင်မြင်ဖြစ်ထွန်းခဲ့သည်။
နိုင်ငံတော်အစိုးရက ဆောင်ရွက်ပေးနိုင်ခဲ့သည့် လုပ်ငန်းများကို သုံးသပ်ကြည့်ပါက စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ တိုးတက်စေရေး၊ စားအုန်းဆီကို ပြည်ပမှတင်သွင်းမှု လျှော့ချနိုင်ရေးအတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ဝါဂွမ်းကို ပြည်တွင်း၌ပင် လုံလောက်စွာထုတ်လုပ်ပြီး အရည်အသွေးကောင်းမွန်သည့် ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ရေးနှင့် စက်မှုကုန်ကြမ်းသီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ရေးတို့ကို ကြိုးပမ်းအကောင်အထည်ဖော်ပေးနိုင်ခဲ့သည်ကို တွေ့ရသည်။ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSME) ကို အားပေးမြှင့်တင်ဆောင်ရွက်ပေးနိုင်ခဲ့သည်။
ပြည်သူလူထု၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အဓိကကျသည့် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ လမ်းပန်းဆက်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေး အခြေခံလုပ်ငန်းများ၊ လျှပ်စစ်ဓာတ်အားရရှိရေး၊ သောက်သုံးရေရရှိရေး စသည့်လုပ်ငန်းများ၊ ကျေးလက်ဒေသများတွင် ကုန်ထုတ်လမ်းများ၊ ရာသီမရွေး သွားလာနိုင်သည့် လမ်းကွန်ရက်များ တည်ဆောက်ပေးနိုင်ရေးအတွက်လည်း ဆောင်ရွက်ပေးလျက်ရှိသည်။ အရည်အသွေးမြင့်မားသည့် ပညာရေးစနစ်ဖြစ်စေရန် ပညာရေးအထောက်အကူပြုလုပ်ငန်းများ၊ ကျန်းမာရေးကဏ္ဍတိုးတက်စေရေး စသည့်လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။
“နိုင်ငံတော်၏ လူမှုစီးပွားရေးအဆောက်အအုံများကို ဖွံ့ဖြိုးတိုးတက်ပြီး ကောင်းမွန်ခိုင်မာအောင် တည်ဆောက်ရာတွင် ပြည်တွင်းအင်အားကသာ အဓိကကျသည့်အတွက် ပြည်တွင်း၌ရှိသည့် အရင်းအမြစ်မျိုးစုံကို အလေအလွင့်မရှိစေဘဲ အကျိုးရှိရှိ ထိထိရောက်ရောက် အသုံးပြုကြရမည်ဖြစ်ကြောင်း” အမျိုးသားစီမံကိန်း ကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမျိုးသားစီမံကိန်းကော်မရှင် (၁/၂၀၂၄) အစည်းအဝေးတွင် ပြောကြားခဲ့သည်။ ထို့ကြောင့် နိုင်ငံအကျိုး၊ တိုင်းရင်းသားပြည်သူအားလုံး၏ အကျိုးကိုရှေးရှု၍ လူမှုစီးပွားဘဝ တိုးတက်မြင့်မားလာစေရန် လုပ်ငန်းအသီးသီးအောင်မြင်ရေးအတွက် ယခုထက် တိုးမြှင့်အကောင်အထည်ဖော်ဆောင်ရွက်ကြရမည်ဖြစ်သည်။
မြန်မာနိုင်ငံသည် သဘာဝသယံဇာတများ ပေါများကြွယ်ဝသောနိုင်ငံဖြစ်သည်။ စိုက်ပျိုးနိုင်သော ရေမြေသဘာဝများလည်း ပိုင်ဆိုင်ထားပြီးဖြစ်သည်။ ရေသယံဇာတနှင့် သားငါးများလည်း အလုံအလောက်ရှိသောနိုင်ငံဖြစ်သည်။ အဆိုပါနိုင်ငံတော်၏ အရင်းအမြစ်များကို ထိရောက်စွာအသုံးချပြီး တိုးတက်သည့် ရလဒ်ကောင်းများ ပေါ်ထွက်လာအောင် ဆောင်ရွက်ကြရမည် ဖြစ်သည်။ ပြည်သူလူထု၏ အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးရမည်ဖြစ်သည်။ ထုတ်ကုန်များကို ပိုမိုထုတ်လုပ်နိုင်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ နိုင်ငံ့ဘဏ္ဍာငွေနှင့် ပတ်သက်၍ မကြာမီတွင် သတ်မှတ်ကာလပြည့်မည်ဖြစ်၍ ပိုလျှံရန်ပုံငွေများကို ပညာရေး၊ ကျန်းမာရေးနှင့် ဖွံ့ဖြိုးရေးကဏ္ဍများတွင် အကျိုးရှိရှိ အသုံးချကြရမည်ဖြစ်သည်။
ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးရေးကို ရည်မှန်းချက်အတိုင်း အကောင်အထည်ဖော်နိုင်ခဲ့ပြီး ဝါသီးနှံအထွက်တိုးရေးကိုလည်း ဆက်လက်ဆောင်ရွက်ကြရမည်ဖြစ်သည်။ ဝါကို မိုးနည်းသည့်ဒေသများတွင် အများဆုံးစိုက်ပျိုးကြသဖြင့် ဆိုလာဖြင့် လျှပ်စစ်ထုတ်လုပ်သည့် စနစ်ကိုအသုံးပြု၍ ဝါသီးနှံကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ တိုးတက်အောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။ ဝါစိုက်ပျိုးရာတွင် အရည်အသွေးမီဝါမျိုးများကို ပြောင်းလဲစိုက်ပျိုးကြရမည်ဖြစ်ပြီး ပြည်ပသို့ ဝါကုန်ကြမ်းအစား အရည်အသွေးမီဝါဂွမ်းများ ပို့ဆောင်နိုင်ပါက စီးပွားရေးအရ တွက်ခြေကိုက်မည်ဖြစ်သည်။ ပြည်တွင်း၌ ဝါဂွမ်းကို တိုးတက်ထုတ်လုပ်ပြီး အဆင့်မီချည်ထည်များ ထုတ်လုပ်ပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။
ပြည်တွင်းကုန်ထုတ်လုပ်မှုများကို မြှင့်တင်ဆောင်ရွက်ရာတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးသည် အဓိကအခန်းကဏ္ဍမှပါဝင်ပြီး အဆိုပါလုပ်ငန်းများကိုအခြေခံ၍ စက်မှုကဏ္ဍနှင့်ဝန်ဆောင်မှုကဏ္ဍများ တိုးတက်လာအောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ တိုးတက်လာပါမှ စက်ရုံ၊ အလုပ်ရုံများ လည်ပတ်ပြီး ဘဏ်လုပ်ငန်းနှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ လည်ပတ်လာမည်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံ၏ အခြေခံအရင်းအမြစ်များကို ထိရောက်စွာအသုံးချပြီး စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်စွမ်းအားများ မြင့်မားတိုးတက်လာလျှင်နိုင်ငံ၏ GDP လည်း မြင့်မားတိုးတက်လာပြီး ပြည်သူများ၏ လူမှုစီးပွားဘဝများ တိုးတက်လာမည်ဖြစ်ပါကြောင်း။ ။