မြန်မာနိုင်ငံသည် လွတ်လပ်ရေးရပြီးချိန်မှစ၍ လက်နက်ကိုင်ပဋိပက္ခများနှင့် ကျင်လည်လာခဲ့သည်မှာ ယခုအချိန်အထိ နှစ်ပေါင်း ၇၀ ကျော် ကြာမြင့်ခဲ့ပြီဖြစ်သည်။ လက်နက်ကိုင်ပဋိပက္ခများကြောင့် မြန်မာနိုင်ငံသားများ၏ ဘဝများ၊ အသက်များ များစွာပေးဆပ်ခဲ့ရပြီးဖြစ်သည်။ လက်နက်ကိုင်ပဋိပက္ခများကြောင့် တိုင်းပြည်ရှေ့သို့ ဖြောင့်ဖြောင့်တန်းတန်းမတက်နိုင်ဘဲ အောက်ကျနောက်ကျဖြစ်နေခဲ့သည်မှာ အားလုံးအသိပင်ဖြစ်သည်။
ကမ္ဘာ့နိုင်ငံရေးသမိုင်းကြောင်းတွင် ကမ္ဘာပေါ်ရှိ နိုင်ငံများစွာတို့သည် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ၊ ပြည်ပမှ ဝင်ရောက်ကျူးကျော်မှုများကြောင့် တိုင်းပြည်ကြေမွပျက်စီးခြင်းများ ကြုံတွေ့ခဲ့ကြရသည်။ အထူးသဖြင့် အာဏာတည်ဆောက်လိုမှု၊ ပြည်ပမှသွေးခွဲသပ်လျှိုပေးမှုကြောင့် ပြည်တွင်း၌ ညီညွတ်မှုပျက်ပြားပြီး အချင်းချင်း သေကျေပျက်စီးအောင် တိုက်ခိုက်ခဲ့ကြသည့် နိုင်ငံများစွာရှိသည်။ သို့သော် မျက်မှောက်ကာလတွင် ထိခိုက်နာကျင်ခဲ့မှုများကို ပြည်ဖုံးကားချပြီး တိုင်းပြည်တိုးတက်အောင် မတူကွဲပြားမှုများ ပူးပေါင်းလက်တွဲ ကြိုးပမ်းဆောင်ရွက်ခဲ့ကြရာ ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံများပင် ဖြစ်လာကြသည်။
မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားလာခဲ့သည်မှာ နှစ်ပေါင်း ၇၀ ကျော်ကြာမြင့်လာပြီဖြစ်သော်လည်း ပဋိပက္ခများမချုပ်ငြိမ်းသေးဘဲ ရှေ့တိုးဆောင်ရွက်နေကြသည်မှာ အတွေးအခေါ်၊ ခံယူချက်မပြောင်းလဲမှု၊ လူမျိုးရေး၊ နိုင်ငံရေးအမြင်ကျဉ်းမြောင်းမှု၊ လက်နက်အားကိုးဖြင့် အနိုင်ကျင့်ဗိုလ်ကျစိုးမိုးလိုမှု၊ ကိုယ်ကျိုးစီးပွားရှာဖွေလိုမှု၊ မကောင်းမှုဒုစရိုက်မှုများဖြင့် အင်အားကြီးထွားလာအောင်လုပ်ဆောင်မှု စသည်တို့မှာ မငြင်းနိုင်သောအချက်များဖြစ်သည်။ လက်နက်ကိုင်ပဋိပက္ခများ အဆုံးမသတ်နိုင်သေးသည့်အချက်တစ်ခုမှာ တိုင်းရင်းသားပြည်သူအားလုံး စည်းလုံးညီညွတ်မှုနှင့် ပြည်ထောင်စုစိတ်ဓာတ် ခိုင်မာအောင် မတည်ဆောက်နိုင်သေးသောအချက်ဖြစ်သည်။
လက်နက်ကိုင်ပဋိပက္ခများရပ်စဲရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသည် အရေးကြီးသောအချက်ဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေဖြင့် နိုင်ငံတော်ကို တာဝန်ယူဆောင်ရွက်နေသောကာလတွင် နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်တို့ကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ “တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ပါအတိုင်း အလေးထားလုပ်ဆောင်ရေး” နိုင်ငံရေးဦးတည်ချက်နှင့် “နိုင်ငံတော်၏ ပကတိအနှစ်သာရဖြစ်သော ပြည်တွင်းငြိမ်းချမ်းရေးနှင့် ရရှိထားသည့် ပြည်တွင်းငြိမ်းချမ်းရေးရလဒ်များ တည်ငြိမ်မှုရှိစေရေးအတွက်(NCA)ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင်သွားမည်”ဟူသည့် ရှေ့လုပ်ငန်းစဉ်တို့ကို ချမှတ်အကောင်အထည်ဖော်လျက်ရှိသည်။
တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)အပေါ်တွင်သာ ခိုင်ခိုင်မာမာ ရပ်တည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သန္နိဋ္ဌာန်ချထားသည်။ NCA စာချုပ်သည် အလွယ်တကူဖြစ်ပေါ်လာသော စာချုပ်မဟုတ်ဘဲ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ စတင်ဖိတ်ခေါ်ခဲ့သည့်နေ့မှစ၍ ဆွေးနွေးညှိနှိုင်းမှု အကြိမ် ၅၀၀၀ ကျော်ပြုလုပ်ပြီးမှ ရရှိခဲ့သည့်စာချုပ်ဖြစ်သည်။ ရရှိထားသည့် သဘောတူညီချက်များမှတစ်ဆင့် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြင်ဆင်သင့်သည့်အချက်များကို ဒီမိုကရေစီနည်းလမ်းတကျ ဆွေးနွေးညှိနှိုင်းပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးလုပ်ငန်းစဉ်များအတိုင်း ပြင်ဆင်ဆောင်ရွက်သွားမည်ဖြစ်သည်။
တပ်မတော်အနေဖြင့် NCA စာချုပ်ကြီး ပေါ်ပေါက်လာသည်နှင့်တစ်ပြိုင်နက် ငြိမ်းချမ်းရေးမူဝါဒ (၆)ရပ်ကို ထုတ်ပြန်ပြီး အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်။ ငြိမ်းချမ်းရေးမူဝါဒ(၆)ရပ်သည် NCA စာချုပ်၏ အနှစ်သာရဖြစ်သလို ခေတ်အဆက်ဆက် ငြိမ်းချမ်းရေးကြိုးပမ်းဆောင်ရွက်မှု သမိုင်းမှတ်တိုင်များမှရရှိလာသည့် “အသိတရား”ဖြစ်သည်။ လက်ရှိတွင် ငြိမ်းချမ်းရေးတည်ဆောက်မှု ခိုင်မြဲစေရေးအတွက် လုပ်ဆောင်ရမည့် “အရှိတရား” လည်းဖြစ်သည်။ မြန်မာနိုင်ငံ ၏ သမိုင်းကြောင်းသင်ခန်းစာများအရ လက်နက်ကိုင်နည်းလမ်းဖြင့် မည်သည့်အခါမျှ ငြိမ်းချမ်းရေးမရနိုင်သလို၊ အောင်မြင်မှုလည်းရရှိခဲ့ခြင်းမရှိပေ။ ထို့ကြောင့် လက်နက်ကိုင်ပဋိပက္ခများ မည်သို့ပင်ရှိနေသော်လည်း ပြည်တွင်းငြိမ်းချမ်းရေးကို ဦးစားပေးဆက်လက်တည်ဆောက်နေသည်။
သို့ဖြစ်ရာ မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၇၀ ကျော် အမြစ်တွယ်နေသည့် လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းပြီး ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် NCA လုပ်ငန်းစဉ်များကို ဆက်လက်အကောင်အထည်ဖော်ပြီး တိုင်းရင်းသားပြည်သူအားလုံး စည်းလုံးညီညွတ်မှုဖြင့် ပြည်ထောင်စုစိတ်ဓာတ်ကိုအခြေခံပြီး ကြိုးပမ်းတည်ဆောက်ကြရမည်ဖြစ်ပါကြောင်း။ ။
ကြေးမုံ(အယ်ဒီတာ့အာဘော်)