၂၀၂၇-၂၀၂၈ ခုနှစ်တွင် ဝါသီးနှံဧက ၇၄၇၀၀၀ စိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ တစ်ဧကအထွက်နှုန်း ဝါပိဿာ ၇၀၀ ရရှိရေးအတွက် ဝါသီးနှံစိုက်ပျိုးရေးဇုန်အလိုက် တာဝန်ပေးအပ်ထားကြောင်း သိရသည်။ သဘာဝချည်မျှင်လုပ်ငန်းအခြေခံ MSME စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတွင် အရေးအပါဆုံး စက်မှုကုန်ကြမ်းသီးနှံဖြစ်သည့် ဝါစိုက်ပျိုးမှုကို အားပေးမြှင့်တင်ပြီး ပန်းတိုင်ရည်မှန်းချက်အတိုင်း ထွက်ရှိအောင် ဆောင်ရွက်၍ ပြည်တွင်းဖူလုံမှုမှသည် ပြည်ပသို့တင်ပို့နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ၂၀၂၄-၂၀၂၅ ခုနှစ် စိုက်ပျိုးရာသီတွင် တိုင်းဒေသကြီး၊ ပြည်နယ်ခြောက်ခု၏ ဝါစိုက်ပျိုးရေးဇုန် ၁၉ ခု၌ ဝါ ၆၁၂၇၁၂ဧက စိုက်ပျိုးထုတ်လုပ်ရန် စီမံဆောင်ရွက်ထားသည်ဟုလည်း သိရသည်။
မြန်မာနိုင်ငံတွင် လက်ရှိဝါစိုက်ပျိုးဧကမှာ စုစုပေါင်း ဧက ငါးသိန်းဖြစ်ရာ နှစ်အလိုက် တိုးမြှင့်စိုက်ပျိုးကြရမည်ဖြစ်သည့်အလျောက် ဝါစိုက်ပျိုးသူ တောင်သူများနှင့် ကဏ္ဍအလိုက် တာဝန်ရှိသူများ အနီးကပ်လက်တွဲကြိုးပမ်းကြရမှာဖြစ်သည်။ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုန်ထုတ်လုပ်မှုကဏ္ဍကို မြှင့်တင်ပြီး ပြည်ပပို့ကုန် ပိုမိုတင်ပို့ရေး၊ သွင်းကုန်အစားထိုး ထုတ်လုပ်ရေးတို့ကို နိုင်ငံတော်က အားပေးဆောင်ရွက်လျက်ရှိရာ ပြီးခဲ့သည့် မတ်လ ၇ ရက်နေ့က ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုနှင့် ချည်မျှင်နှင့် အထည်အလိပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးညှိနှိုင်းဆွေးနွေးပွဲကို နေပြည်တော်တွင် ကျင်းပခဲ့သည်။ အဆိုပါဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ ဝါအထွက်နှုန်းများ တိုးတက်စေရေးနှင့် ဝါကုန်ကြမ်းများမှ အဆင့်မီသည့်ချည်ထည်များ ထုတ်လုပ်နိုင်ရေးအတွက် ဆွေးနွေးရာတွင် “မိမိတို့နိုင်ငံနှင့်ကိုက်ညီသည့် ဝါကြိတ်စက်များကို ပြည်တွင်း၌ ထုတ်လုပ်နိုင်ရန်လိုကြောင်း၊ ပြည်တွင်းမှ ထွက်ရှိသည့် ဝါဂွမ်းများကို ပြည်တွင်းဈေးကွက်တွင် ရောင်းချနိုင်ရေးနှင့် ချည်ကုန်ချောများ၊ အဆင့်မြင့်ချည်ထည်များ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ပေးရန်လိုကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။
ထို့အပြင် “ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုနှင့် ချည်မျှင်နှင့် အထည်ချုပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးစွာ အရည်အသွေးကောင်းသော (A) အဆင့်ရှိဝါများ ပြောင်းလဲစိုက်ပျိုးနိုင်ရန်လိုကြောင်း၊ ထိုမှတစ်ဆင့် ထွက်ရှိလာသည့် ဝါကုန်ကြမ်းများကို ချည်မျှင်ထုတ်လုပ်နိုင်ရေးနှင့် ပိတ်အဖြစ် ပြောင်းလဲထုတ်လုပ်နိုင်ရေး စက်ကိရိယာများ လိုအပ်ကြောင်း၊ ချည်ချောများ ထုတ်လုပ်နိုင်ရေး၊ ပိတ်အဖြစ် ပြောင်းလဲနိုင်ရေး ဆောင်ရွက်ရာတွင် လုပ်ငန်းများအလိုက် ဦးတည်ချက်များ ချမှတ်၍ တစ်ဆင့်ချင်းအောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်သွားရန်လိုကြောင်း” လည်း ဖြည့်စွက်ဆွေးနွေးမှာကြားခဲ့သည်။ ဝါသည် မြန်မာမင်းများလက်ထက်ကပင် ပြည်တွင်း၌ စိုက်ပျိုးထုတ်လုပ်ပြီး ပြည်ပသို့တင်ပို့နိုင်ခဲ့သော ပို့ကုန်သီးနှံတစ်မျိုးဖြစ်ခဲ့သည်။ လက်ရှိအခြေအနေတွင်လည်း ပြည်တွင်းသုံးစွဲမှုအဖြစ် ပြည်ပသို့တင်ပို့ရာတွင် ကုန်ကြမ်းအတိုင်း တင်ပို့နေရခြင်းနှင့် ပြည်ပမှ ချည်မျှင်နှင့် အထည်အလိပ်များ ပြန်လည်တင်သွင်းနေရခြင်းတို့ကို လျှော့ချနိုင်ရန် လိုအပ်လျက်ရှိသည်။
နိုင်ငံအတွင်း စိုက်ပျိုးထုတ်လုပ်နေသည့် ဝါစိုက်ဧကများမှ ပန်းတိုင်အထွက်နှုန်း ရည်မှန်းချက်ပြည့်မီအောင် ဆောင်ရွက်ခြင်း ဖြင့် ပြည်တွင်းသုံးစွဲမှု ဖူလုံသည့်အပြင် ပြည်ပသို့ပါ တိုးမြှင့်တင်ပို့နိုင်မည်ဖြစ်သည်။ ဝါစိုက်ပျိုးထုတ်လုပ်မှုသည် တစ်ဖက်တွင် ဝါကြိတ်စက်များ၊ ချည်မျှင်နှင့် အထည်စက်များ ဖွံ့ဖြိုးမှု၊ အထည်ချုပ်လုပ်ငန်းများ ဖွံ့ဖြိုးမှုတို့နှင့် တစ်ဆက်တစ်စပ်တည်းဖြစ်ရာ အဆိုပါလုပ်ငန်းများ ဒေသအလိုက် ထူထောင်နိုင်ရေးနှင့် ရေရှည်ရှင်သန်နိုင်ရေး၊ ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်ရေးအတွက် အဘက်ဘက်မှ ပံ့ပိုးကူညီပေးနိုင်ရန်လည်း လိုအပ်သည်။ စက်မှုကုန်ကြမ်း သီးနှံဝါစိုက်ပျိုးထုတ်လုပ်မှုနှင့် ချည်မျှင်နှင့် ချည်ထည်အဆင့်မီ ထုတ်လုပ်နိုင်မှု လုပ်ငန်းကွင်းဆက်တစ်လျှောက်တွင် အလုပ်အကိုင်အခွင့်အလမ်းများစွာရှိနေပြီး နိုင်ငံနှင့်ပြည်သူ စီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း ကြီးမားသည့် အထောက်အကူဖြစ်ပေါ်စေမည်ဖြစ်သည့်အလျောက် ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုနှင့် ချည်မျှင်နှင့် အထည်အလိပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဝါစိုက်ပျိုးထုတ်လုပ်သူ တောင်သူများ၊ လုပ်ငန်းရှင်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများအားလုံးက အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ကြရပါမည့်အကြောင်း။ ။