၂၀၂၄ ခုနှစ် ဧပြီလ ၇ ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့ကျန်းမာရေးနေ့ကို “လူတိုင်းလူတိုင်း ကျန်းမာဖို့၊ ကိုယ်စီပါဝင်ဆောင်ရွက်စို့” “My Health , My Right” ဟု သတ်မှတ်ထားသည်။ ဆိုလိုသည်မှာ လူတိုင်းလူတိုင်း ကျန်းမာရေးအတွက် ကျန်းမာရေးနှင့်ညီညွတ်သော နေထိုင်ပြုမူလုပ်ကိုင်ဆောင်ရွက်မှုတို့ကို လူတိုင်းလူတိုင်းက ကိုယ်ပိုင်အသိစိတ်ဓာတ်ဖြင့် အလေးထားဆောင်ရွက်ကြရန် တိုက်တွန်းနှိုးဆော်ထားခြင်းဖြစ်သည်။
မြတ်စွာဘုရားရှင် ဟောကြားထားတော်မူသည့် “အတ္တာဟိ အတ္တနော နာထော” ဆုံးမညွှန်ပြစကားနှင့်အညီ အရာရာတွင် မိမိကိုယ်သာအားထားခြင်း၊ မိမိကိုယ်သာ စောင့်ရှောက်ခြင်းသည် အကောင်းဆုံးဖြစ်သည်ဆိုသည့်အတိုင်း မိမိတို့၏ကျန်းမာရေး၊ ချမ်းသာရေး၊ ကြီးပွားတိုးတက်ရေးတို့ကို မိမိတို့ကိုယ်တိုင်အကောင်းဆုံး ဖြစ်အောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။ လူ့ဘောင်လောကတွင် ရပ်တည်ရှင်သန်နေထိုင်လုပ်ကိုင်ကြရာ၌ ကျန်းမာခြင်းသည် အရေးအကြီးဆုံးလိုအပ်ချက်ဖြစ်ပြီး ကျန်းမာမှသာ ဆောင်ရွက်လိုသောကိစ္စအဝဝတို့ကို ဆောင်ရွက်သွားနိုင်မည် ဖြစ်သည်။
သို့သော် မျက်မှောက်ကာလ လူသားများအနေဖြင့် တိုးတက်ပြောင်းလဲနေသော ခေတ်ကာလတွင် စား၊ ဝတ်၊ နေရေးကို အကြောင်းပြုသည့် မြားမြောင်လှသော ကိစ္စအထွေထွေကို နိစ္စဓူဝကြံစည်လုပ်ကိုင်အားထုတ်နေကြရသောကြောင့် မိမိတို့၏ကျန်းမာရေးကို အလေးမမူနိုင်ဘဲ ရုန်းကန်လှုပ်ရှားနေကြရသည်။ တစ်ဖက်တွင် ခေတ်ကာလအလျောက် တိုးတက်ပြောင်းလဲနေသော နေထိုင်စားသောက်မှုပုံစံများအရ ကျန်းမာရေးအတွက် ထည့်မတွက်နိုင်တော့ဘဲ အလျဉ်းသင့်သလို နေထိုင်စားသောက်နေကြရသည်ကိုလည်း တွေ့ရသည်။ ယင်းအချက်များသည် လူအများစု၏ကျန်းမာရေးကို ထိခိုက်စေနိုင်သည့် အနေအထားများဖြစ်နေသည်ကို တွေ့ရသည်။
မလွန်ဆန်နိုင်သော အခြေအနေအကြောင်းတရား အမျိုးမျိုးတို့ကြောင့် ကျန်းမာရေးကို ထိခိုက်စေနိုင်သည့် အနေအထားအမျိုးမျိုးကို ကြုံတွေ့နေသော်လည်း မိမိကိုယ်သာမိမိ အတတ်နိုင်ဆုံးသတိပြုထိန်းသိမ်းစောင့်ရှောက်ခြင်းဖြင့် သင့်တင့်လျောက်ပတ်သည့် ကျန်းမာသောဘဝကို ပိုင်ဆိုင်ရရှိစေရန် လူတိုင်းလူတိုင်း ကြိုးစားအားထုတ်သင့်ပေသည်။ လူတိုင်းရောဂါဘယကင်းရှင်းပြီး ကျန်းမာသောဘဝကို ပိုင်ဆိုင်နိုင်ရန်၊ လူ့သက်တမ်းစေ့နေနိုင်စေရန် “ကံ၊ စိတ်၊ ဥတု၊ အာဟာရ” တည်းဟူသော ကဏ္ဍလေးခုကို တတ်နိုင်သမျှ ထိန်းသိမ်းစောင့်ရှောက်မှုပြုလုပ်ကြရန် လိုအပ်သည်။ အဆိုပါလေးခု ညီညွတ်မျှတနေပါက သက်ရှည်ကျန်းမာသောဘဝကို သေချာရေရာ ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။
လူတိုင်း ရောဂါဘယကင်းရှင်းပြီး ကျန်းမာစွာဖြင့် သက်တမ်းစေ့နေနိုင်ရေးအတွက် အရည်အသွေးပြည့်ဝသော အခြေခံကျန်းမာရေးစောင့်ရှောက်မှုကို အသက်အရွယ်မရွေး၊ နေရာဒေသမရွေး လူတိုင်းလက်လှမ်းတမီရရှိနိုင်သည့် ဝန်းကျင်ကောင်း များလည်း ရှိရန်လိုအပ်သည်။ ပြည်သူလူထု၏ကျန်းမာရေးနှင့်ပတ်သက်၍ ငွေကုန်ကြေးကျ သက်သာမှုရှိစေရန်နှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးမှုရည်မှန်းချက်ကို နိုင်ငံတော်က ချမှတ်အကောင်အထည်ဖော်လျက်ရှိသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားသည့် လူမှုရေးဦးတည်ချက် ဒုတိယအချက်တွင် “တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေး”ကို ချမှတ်ထားသည်။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် အခြေခံကျန်းမာရေးစောင့်ရှောက်မှုတွင် ရောဂါကာကွယ်နှိမ်နင်းရေးနှင့် ကျန်းမာရေးအဆင့်မြှင့်တင်ရေးအတွက် ဘဝတစ်သက်တာ ကျန်းမာရေးစောင့်ရှောက်မှုပုံစံဖြင့် ဆောင်ရွက်ပေးလျက်ရှိသည်။ အရည်အသွေးပြည့်ဝသော ကုသစောင့်ရှောက်မှုများကို ဆေးရုံ ၁၁၇၈ ရုံဖြင့် ဆောင်ရွက်ပေးလျက်ရှိခြင်း၊ ကျန်းမာရေးဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးလျက်ရှိခြင်း၊ ကျန်းမာရေးအထောက်အကူပြု သုတေသနလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်နေခြင်း၊ ၇၀ ရာခိုင်နှုန်းကျော်ရှိသော ကျေးလက်ပြည်သူအားကိုးအားထားရာဖြစ်သည့် မြန်မာ့တိုင်းရင်းဆေးပညာဖြင့် ကုသစောင့်ရှောက်ပေးနေခြင်း၊ အစားအသောက်ဘေးကင်းလုံခြုံမှုရှိစေရေးတို့ကို အလေးထားဆောင်ရွက်ပေးလျက်ရှိသည်။
သို့ဖြစ်ရာ တစ်နိုင်ငံလုံးလွှမ်းခြုံသည့် ကျန်းမာရေးစောင့်ရှောက်မှုများကို နိုင်ငံတော်က အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပြီး ကျန်းမာခြင်းကို အထောက်အကူပြုသည့် လူတိုင်းလူတိုင်းနှင့် အကျုံးဝင်သည့် အားကစားကဏ္ဍကို မြှင့်တင်ပေးလျက်ရှိသည်။ မြန်မာနိုင်ငံတွင် လူတိုင်းကျန်းမာရေးနှင့် ပျမ်းမျှလူ့သက်တမ်းအရ နိမ့်ကျနေသေးသော်လည်း လူတိုင်းလူတိုင်း၏ အသိတရားဖြင့် ကျန်းမာစွာနေထိုင်စားသောက်လုပ်ကိုင်မှုနှင့် နိုင်ငံတော်က စဉ်ဆက်မပြတ် ဖြည့်ဆည်းဆောင်ရွက်ပေးမှုတို့ဖြင့် ပြည်သူ့ကျန်းမာရေးကဏ္ဍ မြင့်မားလာမည်ဖြစ်ပါကြောင်း။ ။