Skip to main content

အသိပညာဗဟုသုတ တိုးပွားလာရေးကြိုးပမ်း

နိုင်ငံတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရာတွင် နိုင်ငံသားတိုင်း အသိပညာဗဟုသုတများ လုံလောက်အောင်ရရှိနိုင်ရေးသည် အရေးပါသည့်အချက်ဖြစ်သည်။ မျက်မှောက်ကာလတွင် မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် ပြည်သူများ၏ ပညာရည်ပြည့်ဝမှု၊ အသိပညာဗဟုသုတပြည့်စုံမှုတွင် လိုအပ်ချက်များရှိနေသည်ကို တွေ့ရမည်ဖြစ်သည်။ ယင်းအချက်များအတွက် နိုင်ငံတော်က အဘက်ဘက်မှ အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။

၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံရှိ အသက်ငါးနှစ်အထက် လူဦးရေသည် ၄၆ ဒသမ ၄၆၃ သန်းရှိသည်ဟုသိရသည်။ အဆိုပါလူဦးရေတွင် ကျောင်းလုံးဝမတက်ဖူးသူ ၈ ဒသမ ၁ ရာခိုင်နှုန်းခန့်ရှိပြီး အသက် ၂၅ နှစ်အထက် လူဦးရေ ၂၅ ဒသမ ၁၆၉ သန်းတွင် အတန်းလုံးဝမရှိသူ ၃ ဒသမ ၈ ရာခိုင်နှုန်း(လူဦးရေ ကိုးသိန်းကျော်)၊ မူလတန်းနှင့် မူကြိုအဆင့်ရှိသူ ၄၉ ဒသမ ၄၇ ရာခိုင်နှုန်း(လူဦးရေ ၁၂ ဒသမ ၈၃ သန်း)၊ အလယ်တန်းအဆင့်ရှိသူ ၂၁ ဒသမ ၇၂ ရာခိုင်နှုန်း(၅ ဒသမ ၄၆ သန်း)၊ အထက်တန်းအဆင့်ပြီးမြောက်သူ ၁၃ ဒသမ ၃ ရာခိုင်နှုန်းနှင့် ဘွဲ့ရပြီးသူ ၁၁ ဒသမ ၄ ရာခိုင်နှုန်း(၂ ဒသမ ၆၈ သန်း)အသီးသီးရှိသည်ဟု သိရသည်။

အဆိုပါစာရင်းဇယားများအရ မြန်မာနိုင်ငံတွင် ပညာတတ်လူဦးရေ အလွန်နည်းပါးလျက်ရှိပြီး လူငယ်လူရွယ်ကျောင်းသားအများစုသည် မူလတန်းပြီးဆုံးချိန်တွင် ပညာသင်ကြားမှုကို စွန့်လွှတ်သွားခဲ့ပြီး ကြုံရာကျပန်းလုပ်ကိုင်နေကြသဖြင့် နိုင်ငံအနာဂတ်အတွက် ရင်လေးဖွယ်ဖြစ်သည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအခြေအနေအရ ပြည်သူအများစုသည် ပညာရေးထက် အလုပ်အကိုင်ဝင်ငွေရရှိရေးကို ဦးစားပေးခဲ့ကြသည်ဟုဆိုနိုင်သည်။ အလုပ်အကိုင်နှင့်ပတ်သက်၍ စစ်တမ်းများအရ လယ်ယာ၊ သားငါး၊ သစ်တောကဏ္ဍ၊ ဝန်ဆောင်မှုနှင့်အရောင်းအဝယ်ကဏ္ဍ၊ အခြေခံလက်မှု ပညာနှင့်ဆက်စပ်လုပ်ငန်းများကဏ္ဍ စသည့်အထွေထွေလုပ်ငန်းများတွင် နိုင်ငံ လူဦးရေ၏ ၈၀ ရာခိုင်နှုန်းခန့် လုပ်ဆောင်နေသည်ကို တွေ့ရသည်။

မြန်မာနိုင်ငံတွင် နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်ဒေသများ တွင် နေထိုင်ကြပြီး ၃၀ ရာခိုင်နှုန်းခန့်သည် မြို့ပြများတွင် နေထိုင်ကြသည်။ နိုင်ငံသူနိုင်ငံသားများ၏ ပကတိအခြေအနေများအရ အများစုသည် ပညာသင်ကြားရေး၊ တတ်မြောက်ရေးကို ဦးစားမပေးနိုင်ဘဲ အလုပ်အကိုင်များတွင် ဘဝများကို နှစ်မြှုပ် ကြရသည်ကိုတွေ့ရသည်။ ပညာကို အခြေခံမတည်ဆောက်နိုင်သဖြင့် လူမှုစီးပွားဘဝတွင် တိုးတက်သင့်သလောက် မတိုးတက်နိုင်ဘဲ ဖြစ်ကြရသည်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်လာရေးကိုလည်း အားကောင်းမောင်းသန် အထောက်အပံ့ကောင်းမွန်စွာ လုပ်ဆောင်ပေးနိုင်ရေးတွင်လည်း လိုအပ်ချက်များရှိနေသည်။

မည်သို့ပင်ဖြစ်စေ နိုင်ငံအတွင်းရှိ ပြည်သူများအနေဖြင့် အကြောင်းကြောင်းကြောင့် ပညာကို ပြီးဆုံးအောင် မသင်ကြားနိုင်ခဲ့သောအခြေအနေကို ဖြေရှင်းပေးနိုင်ရန်အတွက် နိုင်ငံတော်အစိုးရက အလယ်တန်းပညာပြီးဆုံးအောင် သင်ကြားခဲ့ကြ သောသူများအတွက် အသက်မွေးဝမ်းကျောင်းပညာ၊ အထက်တန်းပညာများ ဆက်လက်ဆည်းပူးနိုင်အောင် စီမံဆောင်ရွက်ပေးလျက်ရှိသည်။ ပညာမသင်ကြားနိုင်သော နိုင်ငံသားပြည်သူအများစုအတွက် အသိပညာဗဟုသုတပညာရပ်များ ရရှိနိုင်သည့်အခွင့်အလမ်းဖြစ်သည့် စာကြည့်တိုက်များ တိုးချဲ့ဖွင့်လှစ်ပေးပြီး နိုင်ငံသားများ စာဖတ်လိုစိတ်မြင့်မားလာရေးနှင့် စာပေဖတ်ရှုလေ့လာနိုင်သည့် ပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးလျက်ရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဧပြီ ၁၀ ရက်နေ့ကပြုလုပ်သည့် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူငွေနှင့်စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပွဲအခမ်းအနားတွင် “မိမိတို့နိုင်ငံ၏ အဓိကစီးပွားရေးလုပ်ငန်းမှာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဖြစ်ပြီး ကျေးလက်တွင် အဓိကဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် အဆိုပါလုပ်ငန်းများ ဆောင်ရွက်နေသူများကို အသိပညာများပေးနိုင်ရေး ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်အတွက် စာကြည့်တိုက်လုပ်ငန်းများကို အားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။

သို့ဖြစ်ရာ ပညာအခြေခံ၊ စာပေအသိပညာမရှိခြင်းနှင့် အားနည်းခြင်းတို့သည် နေ့စဉ်လူမှုစီးပွားဘဝတိုးတက်ရေးတွင် အချို့ပြည်သူများအနေဖြင့် အခက်အခဲများ ကြုံတွေ့နိုင်သည်ဖြစ်ရာ အဆိုပါပြည်သူများ၏ လူမှုစီးပွားဘဝ ပြောင်းလဲတိုးတက်လာရေးနှင့် အနာဂတ်တွင် အသိပညာကြွယ်ဝသည့် လူ့အသိုက်အဝန်းကို ပုံဖော်နိုင်ရေးအတွက် အသက်အရွယ်မရွေး ငွေကုန်ကြေးကျအနည်းဆုံးဖြင့် ပညာရရှိစေမည့် စာကြည့်တိုက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာအောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။  ။