ကမ္ဘာလောကတစ်ခွင် လှမ်းမျှော်ကြည့်လျှင် တစ်လောကလုံးဒေါသတို့ ပိတ်ဖုံးနေသည်ဟုပင် ထင်ရသည်။ ပြည်တွင်းပြည်ပ မြင်သမျှ၊ ကြားသမျှအားလုံးတို့က အပူဓာတ်ပေးသည့် စိတ်မသက်သာစရာ သတင်းမြင်ကွင်းများသာ။ သတင်းမီဒီယာတို့၏ သဘောတရားအရလည်း ဣဋ္ဌာရုံထက် အနိဋ္ဌာရုံကသာ သတင်းတန်ဖိုးမြင့်ခြင်းကြောင့် မကောင်းသတင်းများ၊ သတင်းဆိုးများကို ပိုမိုမြင်တွေ့နေရခြင်းလည်းဖြစ်သည်။ ထို့အပြင် ကမ္ဘာ့နိုင်ငံများအကြား ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးအကျိုးစီးပွားအတွက် ကြိုးပမ်းဆောင်ရွက်ကြရာတွင် ပြိုင်ဆိုင်မှုများ ပိုမိုပြင်းထန်လာခြင်းနှင့် ပွတ်တိုက်မှုများ ပိုမိုများပြားလာခြင်းတို့ကြောင့်လည်း ဖြစ်သည်။
ဗုဒ္ဓဓမ္မအရမူ လောကကြီးတစ်ခုလုံးကို စိတ်ကဖန်တီးနေခြင်း၊ ကြိုးကိုင်နေခြင်းဖြစ်သည်။ စိတ်၏ဆွဲဆောင်ရာသို့ ပါနေရခြင်းဖြစ်သည်။ သတ္တဝါတို့သံသရာ၌ အတောမသတ်လည်ပတ်ကြရာတွင် လောဘ၊ ဒေါသ၊ မောဟတည်းဟူသော အကုသိုလ်တရားများနှင့် အဆိုပါအပူဓာတ်၊ အလောင်ဓာတ်တို့ကို ငြိမ်းအေးစေသည့် အလောဘ၊ အဒေါသ၊ အမောဟတည်းဟူသော ကုသိုလ်တရားတို့တွင် အကြောင်းရင်းခံသည်။ ကုသိုလ်တရားတို့က အပြစ်မရှိခြင်း၊ ကောင်းသောအကျိုးပေးခြင်းလက္ခဏာရှိ၍ အကုသိုလ်တရား တို့က အပြစ်နှင့်တကွဖြစ်ခြင်း၊ မကောင်းသောအကျိုးကို ပေးခြင်းလက္ခဏာရှိကြသည်။
အကုသိုလ်တရားများအနက် လောဘသည် အတ္တစွဲအားကြီးခြင်း၊ ကိုယ်ကျိုးကိုသာ ရှေးရှုခြင်း၊ ပိုင်ဆိုင်လိုခြင်း၊ ကုသိုလ်တရားမှ သွေဖည်ခြင်းသဘောများရှိ၍ ဒေါသကမူ ခက်ထန်မာန်စောင်ခြင်း၊ ပုတ်ခတ်ညှဉ်းဆဲလိုခြင်း၊ သည်းခံခြင်းနှင့်ခွင့်လွှတ်ခြင်း တရားခေါင်းပါးခြင်း၊ သောကဗျာပါဒဖြစ်ခြင်း၊ ပူဆွေးဝမ်းနည်းခြင်းသဘောတို့ရှိသည်။ မောဟကမူ အသိဉာဏ်ပညာ ကင်းမဲ့ခြင်း၊ တွေဝေခြင်း၊ အကြောင်းနှင့်အကျိုး၊ ကုသိုလ်နှင့်အကုသိုလ်ကို ခွဲခြားနိုင်စွမ်းမရှိခြင်း၊ လောဘနှင့်ဒေါသတို့ကို ဦးစီးခေါင်းဆောင်ခြင်းဟူသော သဘောများရှိသည်။ ယင်းအကုသိုလ်တရားတို့သည် သတ္တဝါတို့ကို လောင်မြိုက်တတ်သော သတ္တိရှိခြင်းကြောင့် ကိလေသာမီး (၃) မီးဟုလည်း ခေါ်ဆိုကြသည်။
ကုသိုလ်တရားများတွင်မူ အလောဘသည် လိုချင်တပ်မက်မှုမရှိခြင်း၊ တွယ်တာငြိတွယ်မှုမရှိခြင်း၊ စွန့်လွှတ်ခြင်းသဘောတို့ရှိ၍ အဒေါသမှာ မေတ္တာတရား၊ သည်းခံခြင်းတရားတို့နှင့် ပြည့်စုံ ခြင်း၊ တက်ကြွခက်ထန်ခြင်းနှင့် ဆုတ်နစ်ခြင်းမရှိ ပကတိကြည်လင် ချမ်းမြေ့သောသဘောရှိသည်။ အမောဟကမူ ဉာဏ်ပညာဦးစီး၍ အကြောင်းအကျိုးနှင့် အမှားအမှန်ကို ခွဲခြားဆုံးဖြတ်နိုင်ပြီး လူနတ်နိဗ္ဗာန်ချမ်းသာအကျိုးကို ရှေ့ဆောင်သည်။ အကုသိုလ်တရားတို့သည် စိတ်ကိုညစ်နွမ်းပူလောင်စေ၍ ကိုယ်ကိုပင်ပန်း ဆင်းရဲစေကာ ရုပ်သွင်သဏ္ဌာန်ဟန်ပန်ကိုလည်း ခက်ထန်ကြမ်းတမ်းစေသည်။ ပတ်ဝန်းကျင်ကိုပါ ချောက်ချားတုန်လှုပ်စေသည်။ ကုသိုလ်တရားတို့ကမူ ရုပ်ကိုကြည်လင်စေကာ စိတ်ကိုချမ်းမြေ့စေပြီးတွေ့မြင် ရသူတို့ကို နှစ်လိုစေသည်။ ပတ်ဝန်းကျင်ကိုလည်း အေးချမ်းသာယာစေသည်။
ရာဂ၊ ဒေါသ၊ မောဟတို့သည် သတ္တဝါအပေါင်းတို့အား ထက်ကြပ်မကွာငြိတွယ်ကုန်ကြရာတွင် အကုသိုလ်တရားတို့ တိုးပွားထူပြောမလာအောင်၊ ကင်းအောင်ကွာအောင် အားထုတ်ကြရန်လိုသည်။ အကုသိုလ်တရားတို့ တိုးပွားထူပြောကုန်သည်ရှိသော် အန္တရကပ်ဘေးတို့ ကျရောက်တတ်သည်။ သတ္တဝါတို့လောဘထူပြောသည့်အခါ ဒုဗ္ဘိက္ခန္တရကပ် ငတ်မွတ်ခြင်းဘေးသည်လည်းကောင်း၊ သတ္တဝါတို့ ဒေါသထူပြောသည့်အခါ သတ္ထန္တရကပ် စစ်မက်ဘေးသည်လည်းကောင်း၊ သတ္တဝါတို့ မောဟထူပြောသည့်အခါ ရောဂန္တရကပ် ကူးစက်ရောဂါဘေးသည်လည်းကောင်း ကျရောက်တတ်သည်ဖြစ်ရာ အကုသိုလ်အယုတ်တရားတို့ မိမိ၌လည်းကောင်း၊ မိမိအသိုက်အဝန်း၌လည်းကောင်း မတွယ်မငြိ၊ မဖြစ်ထွန်းရအောင် အားထုတ်ကြိုးပမ်းကြရမည်ဖြစ်သည်။
ယနေ့မှလွန်သော် မြန်မာသက္ကရာဇ်အရ နှစ်သစ်ဆီသို့ ရောက်ရှိတော့မည်။ နှစ်ဟောင်းတွင်မူ နောက်ဆုံးနေ့များဆီသို့ရောက်သည့်တိုင် အကုသိုလ်အမှုပြုသူတို့က ကြီးမားလှစွာသော အကုသိုလ်အမှုတို့ကို ဟိရိဩတ္တပ္ပတရားကင်းမဲ့စွာပြုလုပ်ခဲ့ကြပြီး အပြစ်မဲ့သူတို့ ကိုလည်းကောင်း၊ ရဟန်းသံဃာတို့ကိုလည်းကောင်း သတ်ဖြတ်ညှဉ်းဆဲနာကျင်စေမှုဖြစ်စေခဲ့ပြီဖြစ်သည်။ နှစ်သစ်တွင် မိမိတို့နိုင်ငံနှင့်တကွ ကမ္ဘာတစ်ဝန်းလုံးရှိ လူသားတစ်ရပ်လုံး ကိလေသာမီးတို့ လောင်မြိုက်ခြင်းမှ လွတ်ကင်းကာ အေးချမ်းသာယာပါစေကြောင်း။ ။