Skip to main content

ကမ္ဘာလှည့်စက်ဘီးစီးနင်းနေသည့် အီတလီနိုင်ငံသား ခရီးသွားလေးဦး ရဲရွာရေအား လျှပ်စစ် စီမံကိန်း သွားရောက်ရာ လမ်းကြောင်းနှင့် အင်းဝဒေသသို့ လှည့်လည်စက်ဘီးစီးနင်း

မန္တလေး ဇန်နဝါရီ ၁၇

ကမ္ဘာလှည့် စက်ဘီးစီးနင်းနေသည့် အီတလီနိုင်ငံ Veneto ဒေသ Porto Viro ခရီးသည်လေးဦးတို့သည် ယနေ့ နံနက်ပိုင်းတွင် ရဲရွာရေအားလျှပ်စစ်စီမံကိန်းသွားရောက်ရာလမ်းကြောင်းနှင့် အင်းဝဒေသသို့ စက်ဘီးစီးနင်းကာ သွားရောက် လှည့်လည် လေ့လာခဲ့ကြောင်း သိရသည်။

အဆိုပါ ကမ္ဘာ့လှည့်စက်ဘီးစီးနင်းနေသည့် အီတလီနိုင်ငံသားလေးဦးသည် ဇန်နဝါရီ ၁၅ ရက် မှ ဖေဖော်ဝါရီ ၅ ရက်အထိ (၂၀)ရက်ကြာ ခရီးစဉ်အတွင်း လည်ပတ်သည့် ဒေသများတွင် ခရီးတို စက်ဘီးစီးနင်းလည်ပတ်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ ခရီးစဉ်အတွင်း စက်ဘီးစီးနင်းမှုကို စစ်ကိုင်းမြို့မှ မင်းကွန်းဒေသသို့ စတင်စီးနင်းခဲ့ခြင်းဖြစ်ပြီး ထိုမှတစ်ဆင့် မန္တလေး-ပုဂံ-အင်းလေး-ပင်းတယ-ကလော-အောင်ပန်း၊ ရမည်းသင်း၊ နေပြည်တော် ဒေသများသို့ ဆက်လက် လည်ပတ်မည်ဖြစ်ရာ ယနေ့ နံနက်ပိုင်းတွင် ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာအနီး ရဲရွာရေအားလျှပ်စစ်စီမံကိန်းသွားရောက်ရာလမ်းကြောင်းမှ စတင်၍ မန္တလေးမြို့ခံ စက်ဘီးစီးအဖွဲ့နှင့်အတူ အဆိုပါလမ်းကြောင်းအတိုင်း စက်ဘီးနင်းခဲ့ကြသည်။ ထို့မှတဆင့် အင်းဝဒေသသို့ သွားရောက်ကာ အင်းဝဒေသရှိ စက်ဘီးစီးအဖွဲ့နှင့်အတူ ရှေးဟောင်းစေတီပုထိုးများနှင့် အဆောက်အဦများအား စက်ဘီးစီးနင်းကာ သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။

အဆိုပါ အီတလီနိုင်ငံသားလေးဦးပါဝင်သည့် Free Bikers Porto Viro အဖွဲ့မှာ အမေရိကန်၊ ဘရာဇီး၊ အာဂျင်တီးနား၊ ဆွစ်ဇာလန် စသည့်နိုင်ငံများသို့ သွားရောက်စီးနင်းခဲ့ပြီး ယခုနှစ်အစပိုင်းတွင် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ကာ စက်ဘီးစီး နင်းခြင်းဖြစ်ကြောင်း သိရသည်။

သန်းဇော်မင်း(ပြန်/ဆက်)