Skip to main content

ဂုဏ်ယူဖွယ်ရာအမျိုးသားအားကစားပွဲတော်

ကျောင်းသားအားကစားပွဲတော်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် အားကစားပြိုင်ပွဲတို့သည် တစ်နိုင်ငံလုံးနှင့်ဆိုင်သည့်၊ တစ်မျိုးသားလုံးနှင့်အကျုံးဝင်သည့် အမျိုးသားအားကစားပွဲတော်များ ဖြစ်ပါသည်။ အလားတူတစ်မျိုးသားလုံးနှင့် သက်ဆိုင်သည့် အမျိုးသားအားကစားပွဲတော်ကိုလည်း ခြိမ့်ခြိမ့်သဲသဲ ကျင်းပခဲ့ဖူးပါသည်။ အမျိုးသား အားကစားပွဲတော်များသည် တစ်မျိုးသားလုံးအတွက် ဇာတိမာန်၊ အမျိုးသားအားမာန်များ တက်ကြွနိုးကြားစေပါသည်။

တစ်ချိန်သောကာလက တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် အားကစားပြိုင်ပွဲများ၊ အထူးသဖြင့် ဘောလုံးပြိုင်ပွဲများသည် တစ်နိုင်ငံလုံး၊ တစ်မျိုးသားလုံးအတွက် နိုးကြားတက်ကြွသည့်အားမာန် တွန်းအားများဖြစ်စေခဲ့သည်။ ထိုပြိုင်ပွဲများမှသည် ရွှေရောင်လွှမ်းသော အမျိုးသားအောင်ပွဲများဖြစ်စေခဲ့သည်။ တစ်နိုင်ငံလုံးဂုဏ်ယူမဆုံး ဝမ်းမြောက်ဝမ်းသာ ဖြစ်ခဲ့ကြသည်။ နိုင်ငံတကာအလယ်တွင် “မြန်မာဟေ့” ဟု ဂုဏ်ယူဝင့်ကြွား ဖွယ်ဖြစ်စေခဲ့သည်။ အမျိုးသားအားကစားပြိုင်ပွဲများသည် မြန်မာ့ဂုဏ်ကို မြင့်မားတောက်ပြောင် ဝင့်ကြွားနိုင်ခဲ့သည်။

တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်မြင့်မားရေးအတွက် တစ်မျိုးသားလုံး နှင့်အကျုံးဝင်သည့် အားကစားကဏ္ဍကို နိုင်ငံတော်က မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိသည်။ အားကစားသည် အမျိုးသားအားမာန်ကို ထက်သန်နိုးကြားစေသဖြင့် အားကစားကို မြှင့်တင်ခြင်းသည် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နေခြင်းပင်ဖြစ်သည်။ ထို့အတူ အားကစားတိုးတက်အောင်မြင်ခြင်းသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုကို ရောင်ပြန်ဟပ်စေသကဲ့သို့ နိုင်ငံတော်၏ ဂုဏ်သိက္ခာအဆင့်အတန်းနှင့် နိုင်ငံတော်၏အခြေအနေကို ထင်ဟပ်ဖော်ပြနေပေသည်။

တစ်ချိန်သောကာလက တစ်မျိုးသားလုံး၊ တစ်နိုင်ငံလုံး အားမာန်အပြည့်ဖြင့် အားပေးခဲ့သော အမျိုးသားအားကစားပြိုင်ပွဲကြီး ပြန်လည်ကျင်းပတော့မည် ဟုသိရသဖြင့် ဝမ်းမြောက်မိသည်။ နိုင်ငံတော်အဆင့် ဝန်ကြီးဌာနပေါင်းစုံပြိုင်ပွဲ၊ ကျောင်းသားအားကစားပွဲ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် အားကစားပြိုင်ပွဲများအားလုံးကို ပေါင်းစုထားသည့် ပွဲတော်ကြီးဖြစ်သဖြင့် တစ်မျိုးသားလုံး၊ အားလုံးနှင့်သက်ဆိုင်သည့် အမျိုးသားအားကစားပြိုင်ပွဲကြီး ဖြစ်ပေသည်။ ပထမအကြိမ် အမျိုးသားအားကစားပွဲတော်ကို ၁၉၉၂ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး ဒုတိယအကြိမ် အမျိုးသားအားကစားပွဲတော်ကို ၁၉၉၄ ခုနှစ်တွင်လည်းကောင်း၊ တတိယအကြိမ်အမျိုးသားအားကစားပွဲတော်ကို ၁၉၉၇ ခုနှစ်တွင်လည်းကောင်း ရန်ကုန်မြို့၌ ကျင်းပခဲ့သည်။

စတုတ္ထအကြိမ် အမျိုးသားအားကစားပြိုင်ပွဲကို ၂၀၁၅ ခုနှစ်တွင် နေပြည်တော်၌ ခမ်းခမ်းနားနားကျင်းပခဲ့ပြီး ယခု ၂၀၂၄ ခုနှစ်တွင် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပြိုင်ပွဲကို ဒီဇင်ဘာလတွင် နေပြည်တော်၌ ခမ်းနားထည်ဝါစွာ ကျင်းပ တော့မည်ဖြစ်သည်။ ၁၀ နှစ်နီးပါးကြာမြင့်ပြီးမှ အမျိုးသားအားကစားပွဲတော်ကို ပြန်လည်ကျင်းပနိုင်သည့်အတွက် အားကစားကိုချစ်မြတ်နိုးသော တန်ဖိုးထားသော အားကစားသမားများ၊ ဝါသနာရှင်များအတွက် စိတ်အားတက်စေသည်။ အားကစားမျိုး စုံလင်စွာပါဝင်သော ၂၀၂၄ ခုနှစ် အမျိုးသားအားကစားပွဲတော်ကြီး အောင်မြင်စွာ ပြန်လည်ကျင်းပနိုင်ရေးအတွက် အခက်အခဲများရှိမည်ဖြစ်သော်လည်း နိုင်ငံတော်က အားကစားကဏ္ဍကို မြှင့်တင်အားပေးမှု၊ အားကစားကဏ္ဍအလိုက် အောင်မြင်မှုများရရှိမှု၊ အားကစားစိတ်ဓာတ် မြင့်မားတက်ကြွလာမှုများကြောင့် အဆင်ပြေချောမွေ့ အောင်မြင်နိုင်မည်ဖြစ်သည်။

၂၀၂၄ ခုနှစ် အမျိုးသားအားကစားပွဲတော်ကြီး ကျင်းပရသည့်ရည်ရွယ်ချက်တွင် နိုင်ငံတော်၏ အားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားစေရေးအတွက် ဆောင်ရွက်ခြင်းနှင့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ထိုင်းနိုင်ငံ၌ကျင်းပမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် အခြားနိုင်ငံတကာ အားကစားပြိုင်ပွဲများတွင် “မြန်မာ့အားကစားကမ္ဘာကို လွှမ်းရမည်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ မြန်မာ့အားကစားအဆင့်အတန်း မြင့်မားရေးနှင့် အောင်မြင်မှုရှိစွာ ယှဉ်ပြိုင်နိုင်ရေး၊ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများနှင့် အလားအလာရှိသည့် လူငယ်မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရေး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များနှင့် ဝန်ကြီးဌာနများအကြား အချင်းချင်းချစ်ကြည်ရင်းနှီးမှုရရှိစေရေး၊ အားကစားလှုပ်ရှားမှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရေးနှင့် ပြည်သူတစ်ရပ်လုံး အားကစားကို ပိုမိုစိတ်ဝင်စားလာပြီး အားကစားလှုပ်ရှားမှုများတွင် ပါဝင်လာစေရေးဆိုသည့် ဦးတည်ချက်များနှင့်အညီ ကျင်းပသွားမည်ဟုသိရသည်။

ယခုကျင်းပမည့် အမျိုးသားအားကစားပြိုင်ပွဲကြီး၏ ဦးတည်ချက်များသည် မြန်မာနိုင်ငံ၏ အခြေအနေနှင့် ဂုဏ်ဒြပ်ကို ထင်ဟပ်ပေါ်လွင်စေသည့် အချက်များအဖြစ် တွေ့မြင်နိုင်မည်ဖြစ်သည်။ မျက်မှောက်ကာလတွင် မြန်မာ့အားကစားကဏ္ဍသည် အဆင့်မြင့်မားလာနေသည်ကိုတွေ့ရပြီး ထိုအားကစားအောင်မြင်မှုများနှင့် ယခုကျင်းပပြုလုပ်မည့် အမျိုးသားအားကစားပြိုင်ပွဲကြီး၏ အရှိန်အဟုန်အားမာန် များကို ပေါင်းစပ်ပြီး မကြာမီကာလတွင်ကျင်းပမည့် (၃၃)ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲတွင် ယခင်စံချိန်များထက် ပိုမိုမြင့်မားသော အောင်မြင်မှုများကို ဆွတ်ခူးနိုင်မည်ဟု မျှော်လင့်ပါသည်။ သို့ဖြစ်ရာ အမျိုးသားအားကစားပွဲတော်ဆိုသည့် ဂုဏ်ဒြပ်နှင့်အညီ မြင့်မားပြင်းပြလာသော အားကစားစိတ်ဓာတ်များဖြင့် ကြီးကျယ်ခမ်းနား ဂုဏ်ယူဖွယ်ရာ အားကစားပွဲတော်ကြီးကို ကြိုဆိုလိုက်ရပါကြောင်း။     ။