ပြီးခဲ့သည့် မတ်၊ ဧပြီ၊ မေ နွေလများအတွင်း အပူချိန်မြင့်တက်မှုဒဏ်ကို မိမိတို့ နိုင်ငံသူနိုင်ငံသားများ သိသိသာသာ ခံစားခဲ့ကြရသည်။ မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းခြောက်သွေ့ရပ်ဝန်းမှ အချို့မြို့များ၏ နွေရာသီအမြင့်ဆုံးအပူချိန်သည် ကမ္ဘာ့အပူဆုံးမြို့များ၌ပင် စာရင်းဝင်ခဲ့သည်အထိဖြစ်ခဲ့သည်။ ကမ္ဘာ့အပူချိန် မြင့်တက်လာခြင်း၊ ယင်း၏အကျိုးဆက်အဖြစ်ရာသီဥတုများ ပြောင်းလဲလာခြင်းတို့သည် ရာစုနှစ်နှင့်ချီ၍ လူသားတို့ပြုလုပ်ခဲ့ကြသည့် အပြုအမူများကြောင့် သဘာဝပတ်ဝန်းကျင်များ ထိခိုက်ပျက်စီးခဲ့ရခြင်းကို အကြောင်းရင်းခံ၍ ဖြစ်ပေါ်လာရခြင်းဖြစ်ရာ ကမ္ဘာ့သဘာဝပတ်ဝန်းကျင်ကြီး ပြန်လည်ကောင်းမွန်လာအောင် ထိန်းသိမ်းရန်မှာလည်း လူသားတစ်ရပ်လုံး၏ တာဝန် ဖြစ်သည်။
ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေး အရေးတကြီးလိုအပ်မှုကို အများပြည်သူသတိမူကြစေရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုပ်ရှားဆောင်ရွက်မှုများတွင် တက်ကြွစွာပါဝင်လာကြစေရေးရည်ရွယ်၍ ကုလသမဂ္ဂပတ်ဝန်းကျင်ထိန်းသိမ်းရေး အစီအစဉ်က ၁၉၇၃ ခုနှစ်မှစကာ နှစ်စဉ် ဇွန်လ ၅ ရက်နေ့ကို "ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့" အဖြစ်သတ်မှတ်၍ ကမ္ဘာတစ်ဝန်းတွင် ကျင်းပလျက်ရှိသည်။ ယခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့၏ ဆောင်ပုဒ်မှာ "သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး မြေယာပြန်လည်ပြုပြင်ပေး" (Land restoration, desertification and drought resilience) ဟူ၍ဖြစ်သည်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အဓိကအကြောင်းအရာ တစ်ရပ်ရပ်ကို နှစ်စဉ်အထူးပြုရွေးချယ်၍ အခမ်းအနားကျင်းပရာယခုနှစ်တွင် မြေယာပြုပြင်ထိန်းသိမ်းရေးနှင့်ပတ်သက်၍ ပြည်သူအများသတိထားဂရုပြုလာကြစေရန် ရည်ရွယ်သည်။
ကမ္ဘာတစ်ဝန်းတွင် သစ်တောများမှ အလွန်အကျွံထုတ်ယူသုံးစွဲမှုများ ပြုလုပ်ခြင်း၊ စိုက်ပျိုးမြေများ တိုးချဲ့ခြင်း၊ သတ္တုတူးဖော်ခြင်း၊ ဆည်မြောင်းတာတမံများ တည်ဆောက်ခြင်း၊ လူနေမြို့ရွာများ ချဲ့ထွင်ခြင်းတို့ကြောင့် သစ်တောများပြုန်တီးခြင်းနှင့် မြေဆီလွှာပျက်စီးခြင်းတို့ဖြစ်ပေါ်ကာ ဂေဟစနစ်ပျက်စီးမှုနှင့်အတူ သဲကန္တာရများဖြစ်ပေါ်လာခြင်းသည် စိုးရိမ်ဖွယ်ရာကောင်းသည့် ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတစ်ခုဖြစ်သည်။ သဲကန္တာရဖြစ်ထွန်းသည်ဟုဆိုရာတွင် မိုးရွာသွန်းမှုပုံစံ မမှန်ခြင်း၊ မိုးရွာသွန်းမှုအကြိမ်ရေနည်းပါးခြင်း၊ မိုးခေါင်ခြင်း၊ ပူပြင်းခြောက်သွေ့ခြင်း၊ အပူရှိန်မြင့်မားမှုဒဏ်ကို လေထုနှင့်မြေထုတို့ ကြာရှည်စွာခံစားရခြင်း၊ အပူချိန်အတက်အကျ လွန်ကဲခြင်း၊ မြေဆီလွှာရေငွေ့ပြန်နှုန်း မြင့်မားခြင်း၊ စိုထိုင်းဆနိမ့်ခြင်း၊ မြေဆီခြောက်ခန်းခြင်းနှင့် မြေအရည်အသွေး အဆင့်အတန်းနိမ့်ကျခြင်း၊ အပေါ်ယံမြေဆီလွှာကို ရေနှင့်လေတိုက်စားမှုများပြားခြင်း စသည့်ဝိသေသလက္ခဏာများ ဖြစ်ပေါ်သည်ဟု ကုလသမဂ္ဂသဲကန္တာရတိုက်ဖျက်ရေးကွန်ဗင်းရှင်း (United Nations Convention to Combat Desertification - UNCCD) က သတ်မှတ်ထားရာ ယင်းသို့သော ဝိသေသလက္ခဏာများ ပေါ်ပေါက်ခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံတွင်လည်း အထူးသတိပြုနိုင်ကြရန် လိုအပ်သည်။
သစ်တောသစ်ပင်များကို ခုတ်ထွင်ရှင်းလင်းပြီး စိုက်ပျိုးမြေများ ဖော်ထုတ်လုပ်ကိုင်ကြရာတွင် မြေအရည်အသွေး ကျဆင်းမှုကို ပြုပြင်ထိန်းသိမ်း ဆောင်ရွက်သွားကြရန်လိုအပ်ပြီး နှစ်ပေါင်းများစွာ စွန့်ပစ်ထားသည့် အလေ့အထကို ပြောင်းလဲကြရမည်ဖြစ်သည်။ ပြောင်းလဲလာသည့် ကမ္ဘာ့ရာသီဥတုနှင့် သဘာဝပတ်ဝန်းကျင်တို့ကို ထိန်းသိမ်းကြရာတွင် သစ်ပင်များစိုက်ပျိုးခြင်း၊ သစ်တောများကို တန်ဖိုးထားထိန်းသိမ်းခြင်း၊ ရေအရင်းအမြစ်များ မပျက်စီးစေရန်နှင့် ရေဝေရေလဲသစ်တောများ မပျက်စီးစေရန် ထိန်းသိမ်းစောင့်ရှောက်ခြင်းတို့ကို လူတိုင်းအသိတရားကိုယ်စီနှင့် ဆောင်ရွက်ကြရန်လိုသည်။ လူတို့၏ မဆင်မခြင်မှုကြောင့် သဲကန္တာရဖြစ်ထွန်းနိုင်သည့် အခြေအနေများဖြစ်ပေါ်လာပြီး လူပေါင်းသန်းနှင့်ချီ၍ နေရပ်စွန့်ခွာရသည့် အခြေအနေဖြစ်ပေါ်လာနိုင်ကြောင်း ခန့်မှန်းသတိပေးချက်များ ရှိရာ ယင်းဖြစ်စဉ်မျိုး မိမိတို့ဒေသ၊ မိမိတို့နိုင်ငံတွင် ဖြစ်ပေါ်မလာရေး၊ နောင်သားစဉ်မြေးဆက်တို့ အေးချမ်းစိုပြည်၊ သာယာဝပြောသည့် မြေပေါ်တွင် အစဉ်အဆက်နေထိုင်နိုင်ကြရေးသည် မိမိတို့၏ တာဝန်ဟုခံယူ၍ သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး မြေယာပြန်လည်ပြုပြင်မှုများတွင် လူတိုင်းပါဝင်ကြရပါမည့်အကြောင်း။ ။