၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများအားလုံးသာမက ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများပါ စတင်ဖွင့်လှစ်သင်ကြားပေးနေပြီဖြစ်သည်။ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သည့်နေ့တွင် နိုင်ငံတစ်ဝန်းရှိ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၆၅၃၆၇၁၃ ဦး ပညာသင်ကြား ဆည်းပူးလေ့လာနေကြပြီဖြစ်သည်။
ကျောင်းသား ကျောင်းသူ၊ မိဘပြည်သူအားလုံး စိတ်နှလုံးချမ်းမြေ့စွာဖြင့် တက်ကြွရွှင်လန်းနေသည့် ပညာရေးနှင့်ပတ်သက်သည့် မြင်ကွင်းများမှာ အားတက်ဝမ်းမြောက်စရာဖြစ်သည်။ ပညာလိုလား အမျိုးကောင်းသားတို့သည် မိမိတို့ဘဝ အနာဂတ်အတွက်သာမက တိုင်းပြည်အနာဂတ်အတွက်ပါ အညွန့်တလူလူလူးလွန့််နေသည့် ပန်းကောင်းအဖူးအပွင့်များပင်ဖြစ်သည်။ နိုင်ငံတော်အစိုးရက ပညာရေးကို အားပေးအားမြှောက် ချီးမြှင့်ထောက်ပံ့ပေးမှုများနှင့်အတူ မိဘပြည်သူ၊ ကျောင်းသား ကျောင်းသူများ၏ တက်ကြွရွှင်လန်းသည့် အားမာန်များမှာ နိုင်ငံအနာဂတ်အတွက် အားတက်ဖွယ်ဖြစ်သည်။
၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေး ရက်သတ္တပတ်ကာလမတိုင်မီကတည်းက သက်ဆိုင်ရာ နယ်မြေဒေသအလိုက်ရှိ အခြေခံပညာကျောင်းအသီးသီး၏ စာသင်ခန်းများ၊ စာသင်ဆောင်များ၊ ကျောင်းပန်းဥယျာဉ်စိုက်ခင်းများ၊ ကျောင်းကစားကွင်းများ၊ ကျောင်းစာကြည့်တိုက်များစသည့် ကျောင်းဥပဓိရုပ်ပြည့်စုံ ကောင်းမွန်ရေး၊ သန့်ရှင်းသာယာလှပရေးတို့ကို ဖြည့်ဆည်းဆောင်ရွက်ထားခဲ့သည်။ ထို့အပြင်ကျောင်းအပ်နှံရေးရက်သတ္တပတ်၌ ကျောင်းသား ကျောင်းသူများ စတင်လက်ခံရာတွင် မည်သည့်အခကြေးငွေမျှ ကောက်ခံခြင်းမပြုဘဲ အခမဲ့ပညာရေးစနစ်ဖြင့် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ၊ ဗလာစာအုပ်နှင့် စာရေးကိရိယာများအပြင် ကျောင်းဝတ်စုံများကိုပါ အခမဲ့ထောက်ပံ့ပေးခဲ့သည်။
ထိုသို့ ကျောင်းမဖွင့်မီ၊ ကျောင်းအပ်လက်ခံစဉ် နိုင်ငံတော်က အစစအရာရာ ထောက်ပံ့ဖြည့်ဆည်းပေးထားသဖြင့် ယခုနှစ်ကျောင်းအပ်ရာသီတွင် ယခင်က ကျောင်းမတက်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူဟောင်းများ ပြန်လည်ကျောင်းတက်လာကြသည်ကို ဝမ်းမြောက်ဖွယ်တွေ့ရသည်။ ကျန်ရှိနေသေးသော ကျောင်းသား ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများအနေဖြင့် မိမိတို့သားသမီး ရင်သွေးငယ်များ၏ အနာဂတ်ကို တန်ဖိုးထားပြီး ကျောင်းအပ်နှံပညာသင်ကြားနိုင်ရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ကျောင်းတက်ပညာသင် ပညာတတ်များဖြစ်လာခြင်းသည် မိမိတို့ဘဝမြင့်မားတိုးတက်ရေးအတွက်သာမက တိုင်းပြည်အနာဂတ်ကို မြင့်မားတောက်ပြောင်လာအောင် တည်ဆောက်ပေးခြင်းဖြစ်သည်။
လူရယ်လို့ဖြစ်လာလျှင် မိမိအနာဂတ်အတွက် မျှော်လင့်ချက်ကိုယ်စီ ထားရှိကြမည်ဖြစ်သည်။ မြင့်မားတိုးတက်သောအနာဂတ်ကို တည်ဆောက်နိုင်ရန်အတွက် ပညာသင်ကြားခြင်းသည် အခြေခံအကျဆုံး အရေးပါသည့်အချက်ဖြစ်သည်။ မိမိတို့ဘဝတွင် အခက်အခဲကိုယ်စီ ရှိကြမည်ဖြစ်သော်လည်း နိုင်ငံတော်အစိုးရ ပံ့ပိုးကူညီဖြည့်ဆည်းပေးမှုများဖြင့် မဖြစ်မနေ ပညာသင်ကြားကြရမည်ဖြစ်သည်။ တစ်ဦးချင်းစီ၏ ကောင်းမွန်သောရည်မှန်းချက်၊ ရည်ရွယ်ချက်များ အောင်မြင်စေရေးအတွက် စာသင်နှစ်စကတည်းက ပညာကို ကြိုးစားသင်ယူကြရမည်ဖြစ်သည်။ ပညာတတ်အောင် သင်ယူသင်ကြားကြရုံသာမက စည်းကမ်းရှိအောင်၊ လိမ္မာရေးခြားရှိအောင်၊ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ရှိအောင်၊ ယဉ်ကျေးမှုဓလေ့စရိုက်များကို တန်ဖိုးထားတတ်အောင်၊ နိုင်ငံတော်နှင့်မိသားစုက အားထားရသည့် လူကောင်း၊ လူတော်လေးများဖြစ်အောင် ဆရာဆရာမများ၏ သွန်သင်ဆုံးမမှုများကိုခံယူပြီး စဉ်ဆက်မပြတ် ကြိုးပမ်းအားထုတ်ကြရမည်ဖြစ်သည်။
၂၀၂၄-၂၀၂၅ ပညာသင်နှစ်၏ ကျောင်းအပ်နှံရေးဆောင်ပုဒ်ဖြစ်သည့် “ကျောင်းနေအရွယ်ကလေးငယ်အားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဟူသောဆောင်ပုဒ်နှင့်အညီ အခြေခံပညာကျောင်းများအပြင် ဘုန်တော်ကြီးသင်ပညာရေးကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများတွင်ပါ ကျောင်းသား ကျောင်းသူများကို လက်ခံပညာသင်ကြားပေးနေပြီဖြစ်ရာ ကျောင်းမနေနိုင်သေးသည့် ကျန်ရှိသော ကလေးသူငယ်၊ လူငယ်လူရွယ်များအားလုံး ကျောင်းအပ်နှံပညာ သင်ကြားကြပါရန် တိုက်တွန်းအပ်ပါသည်။ မြန်မာနိုင်ငံ၏ ပညာရေးမျှော်မှန်းချက်ဖြစ်သည့် မျက်မှောက်ကာလ ပညာခေတ်၏စိန်ခေါ်မှုကို ရင်ဆိုင်နိုင်မည့် အစဉ်လေ့လာသင်ယူနေသော လူ့ဘောင်အဖွဲ့အစည်းကို ဖန်တီးပေးနိုင်သည့် ပညာရေးစနစ်ဖြစ်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။
သို့ဖြစ်ရာ ကျောင်းနေအရွယ်ကလေးငယ်များအားလုံး အခြေခံပညာများ သင်ယူနိုင်ရန် အခွင့်အလမ်းများကို နိုင်ငံတော်အစိုးရက အစစအရာရာ အတတ်နိုင်ဆုံးဖန်တီးဖော်ဆောင်ပေးထားပြီဖြစ်ရာ မိမိတို့၏အနာဂတ်တိုးတက်ကောင်းမွန်မြင့်မားလာရေး၊ နိုင်ငံတော်၏အနာဂတ် မြင့်မားတောက်ပြောင်လာစေရေးအတွက် သာတူညီမျှအခွင့်အရေးရနေသည့် ပညာရပ်ဝန်း ဝန်းကျင်များတွင် အားလုံးစိတ်အေး ချမ်းမြေ့စွာဖြင့် ပညာဆည်းပူးလေ့လာသင်ယူကြပါရန် အလေးအနက်တိုက်တွန်း အပ်ပါကြောင်း။ ။