Skip to main content

ဆင်ခြင်သတိထားကြရမည့် ဘဝရှေ့ရေးအတွက် ခြေလှမ်းများ

အရှေ့အလယ်ပိုင်းဒေသနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်ရာမှ အခက်အခဲများကြုံတွေ့ကြရပြီး မြန်မာနိုင်ငံသို့ပြန်လိုသူ မြန်မာနိုင်ငံသားများ (အထူးသဖြင့် အမျိုးသမီးများ) ကို သက်ဆိုင်ရာနိုင်ငံ မြန်မာသံရုံးကကူညီ၍ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးရသည့် သတင်းများကို မကြာခဏတွေ့မြင်ဖတ်ရှုသိရှိကြရသည်။ မိမိနိုင်ငံသားများကိုတန်ဖိုးထားကာ ၎င်းတို့၏အခက်အခဲကို ကူညီဖြေရှင်းဆောင်ရွက်ပေးခြင်းအားဖြင့် သက်ဆိုင်ရာနိုင်ငံအသီးသီးတို့တွင် ဖွင့်လှစ်ထားသည့် မြန်မာသံရုံးများမှာ အမိနိုင်ငံတော်၏ကိုယ်စား တိုင်းတစ်ပါးရေခြားမြေခြားတွင် မြန်မာနိုင်ငံသူနိုင်ငံသားတို့၏ မှီခိုအားထားရာဖြစ်လာသည်။ အခြားတစ်ဖက်တွင်လည်း မိမိနိုင်ငံနှင့်ယဉ်ကျေးမှု၊ ဓလေ့စရိုက်၊ ကိုးကွယ်ယုံကြည်မှု ရာသီဥတုတို့အပါအဝင် အစစအရာရာကွာခြားလှသည့် အရှေ့အလယ်ပိုင်းဒေသနိုင်ငံများသို့ မြန်မာအမျိုးသမီးများ သွားရောက်အလုပ်လုပ်ကိုင်ကြခြင်းနှင့်စပ်လျဉ်း၍ မိမိနိုင်ငံမှမထွက်ခွာမီကပင် သေချာစွာကြပ်မတ်စိစစ်ရန် လိုအပ်လျက်ရှိသည်။

ယူအေအီး၊ ဆော်ဒီအာရေဗျစသည့်နိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်ကြရာတွင် ခရီးသွားဗီဇာဖြင့်သွားရောက်ကြသူများ ပါဝင်လျက်ရှိသည်။ လူမှုကွန်ရက်စာမျက်နှာများတွင်လည်း ခရီးသွားလုပ်ငန်းဝန်ဆောင်မှုအေဂျင်စီများအဖြစ် ကြော်ငြာကြရာတွင် ‘‘ဘဝအတွက် အခွင့်အလမ်းကောင်းသည့် ခရီးစဉ်’’ များအဖြစ် နှတ်ကြောင်းပေးဖော်ပြထားပြီး chatbox တွင် ဆွေးနွေးရန်ဖိတ်ခေါ်ထားရာ အလုပ်သမားဝန်ကြီးဌာန၏ ပြည်ပအလုပ်အကိုင် အကျိုးဆောင်အေဂျင်စီများနှင့်စပ်လျဉ်း၍ ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များ၊ စည်းမျဉ်းစည်းကမ်းများကို တိမ်းရှောင်နိုင်ရန်ဖြစ်သည်ဟု ယူဆစရာဖြစ်သည်။ အလည်အပတ်ဗီဇာဖြင့် သွားရောက်အလုပ်လုပ်ကိုင်ကြခြင်းကြောင့် ခရီးသွားအေဂျင်စီ အမည်ခံထားသည့်ကုမ္ပဏီများမှာ တစ်ဖက်နိုင်ငံသို့ ခရီးသည်ရောက်ရှိသွားသည်နှင့် ၎င်း၏တာဝန်မှာပြီးဆုံးသွားသည်။ အမှန်စင်စစ်မှာမူ ယူအေအီး၊ ဆော်ဒီအာရေဗျစသည့်နိုင်ငံများတွင်ရှိနေသည့် အလုပ်သမားပွဲစားအေဂျင်စီများနှင့်ချိတ်ဆက်၍ လူပို့နေ ကြခြင်းသာဖြစ်သည်။

အဆိုပါနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်ကြသည့် မြန်မာ နိုင်ငံသူအများစုမှာ မိမိတို့လုပ်ကိုင်ရမည့် အလုပ်နှင့်ပတ်သက်၍ သတင်းအချက်အလက်များ ပြည့်ပြည့်စုံစုံ၊ ဂဃနဏ ရရှိကြဟန်မတူ၊ သိရှိကြပုံလည်းမရ။ ဥပမာ - အိမ်အကူအလုပ်လုပ်ရမည်၊ မြန်မာငွေမည်မျှနှင့်တန်ဖိုးတူညီသည့် လုပ်ခလစာမည်မျှရရှိမည်။ စာချုပ်ကာလမည်မျှကြာမြင့်မည်ဆိုသည့် အချက်လောက်ကိုသာ သိရှိကြပုံရသည်။ တကယ်တမ်း အိမ်အကူအလုပ်ကို နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်လုပ်ကိုင်ကြရသည့်အခါ အလုပ်ပင်ပန်းသည်၊ အိမ်ရှင်နှင့်ဆက်ဆံရေးအဆင်မပြေ စသည်ဖြင့်ဖြစ်လာသည်။ ထိုအခါ စာချုပ်ချုပ်ဆိုထားသည့်ကာလမပြည့်မီ ထွက်ပြေးကြရာမှ ဒုက္ခအမျိုးမျိုးကြုံတွေ့ရသည်။ အချို့ထပ်ဆင့် ရောင်းစားခံရပြီး နောက်တစ်နိုင်ငံသို့ ပို့ဆောင်ခံရခြင်း၊ ဖမ်းဆီးထိန်းသိမ်းခံရခြင်း၊ လေဆိပ်တွင်ရက်ပေါင်းများစွာ သောင်တင်နေခြင်း၊ အလည်အပတ် ဗီဇာဖြင့်သွားရောက်ပြီး တရားမဝင်အလုပ်လုပ်ကိုင်ခြင်းကြောင့် ရသင့်ရထိုက်သည်များကို တောင်းဆို၍မရခြင်းစသည်တို့နှင့် ရင်ဆိုင်ကြရသည်။

ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်မည်ဆိုလျှင် ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများနှင့်ဆက်သွယ်၍သာ သွားရောက်လုပ်ကိုင်ကြရန် အသိပေးမှု၊ တိုက်တွန်းနှိုးဆော်မှု ‌မြောက်မြားစွာရှိနေသည့်တိုင်အောင် တရားမဝင်ပွဲစားများနှင့် ဆက်သွယ်လုပ်ကိုင်မှုများစွာ ရှိနေဆဲဖြစ်သည်။ မည်သည့်အလုပ်အကိုင်အမျိုးအစားကို သွားရောက်လုပ်ကိုင်သည်ဖြစ်စေ မိမိလုပ်ကိုင်ရမည့် လုပ်ငန်းခွင်နှင့်စပ်လျဉ်း၍ လေ့လာမှု၊ လေ့ကျင့်မှုတို့ လိုအပ်သလောက်ပါရှိမှသာ အဆင်ပြေနိုင်မည်ဖြစ်သည်။ ပွဲစား၏ပါးစပ်ဖျားမှ ပြောသမျှကိုသာ မျက်စိမှိတ်ယုံကြည်ကြပြီး ဆင်ကန်းတောတိုး သွားရောက်ကြခြင်းကြောင့် မိမိတို့ကြိုတင် တွေးမြင်မထားမိသော အခက်အခဲများ၊ ဒုက္ခများတွေ့ကြုံကြရခြင်း ဖြစ်သည်ကိုဆင်ခြင်၍ သင်ခန်းစာယူကြရန်လိုသည်။

သတင်းစာတွင်ပါရှိသော သတင်းများနှင့်လူမှုကွန်ရက်များတွင်တွေ့ရှိချက်များအရ ပြည်တွင်းရှိခရီးသွားဝန်ဆောင်မှု အမည်ခံကုမ္ပဏီပွဲစားများနှင့် ပြည်ပနိုင်ငံများရှိ အလုပ်သမားပွဲစား အေဂျင်စီများချိတ်ဆက်၍ တရားမဝင်အလုပ်သမား ပို့ဆောင်မှုများ ပြုလုပ်နေသည်ဟု ယူဆဖွယ်များရှိနေရာ မိမိနိုင်ငံသူနိုင်ငံသားများ ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့ရသည့် ဖြစ်စဉ်များဆက်လက်မပေါ်ပေါက်စေရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူအသီးသီးတို့က အလေးဂရုပြုလျက် စိစစ်ကြပ်မတ်ဆောင်ရွက်ကြရပါမည့်အကြောင်း။ ။