မြန်မာနိုင်ငံတွင် ငွေရေးကြေးရေးဆိုင်ရာတို့နှင့်ပတ်သက်၍ လွယ်ကူချောမွေ့စွာ လည်ပတ်စီးဆင်း လုပ်ကိုင်နိုင်စေရေးအတွက် နိုင်ငံပိုင်ဘဏ်များနှင့် ပုဂ္ဂလိကဘဏ်များက လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ပုဂ္ဂလိကဘဏ်များအား ဘဏ်လုပ်ငန်းလိုင်စင်ထုတ်ပေးထားပြီး ငွေရေးကြေးရေးဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများနှင့် လိုက်နာ ဆောင်ရွက်လုပ်ကိုင်ခြင်း ရှိ ၊ မရှိ စောင့်ကြည့်ကြပ်မတ်ကွပ်ကဲ ဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံရှိ ဘဏ်များအနေဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ လမ်းညွှန်ချက်နှင့်အညီ ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများဖြစ်သော စုဆောင်းအပ်နှံငွေအမျိုးမျိုးကို လက်ခံပြီး အတိုးအညွန့်ခံစားခွင့်များ ပြုလုပ်ပေးခြင်း၊ ပြန်လည်ထုတ်ပေးခြင်း၊ နိုင်ငံတော်နှင့် အများပြည်သူအကျိုးစီးပွားအတွက် အရေးကြီးသည့်ကဏ္ဍများကို ချေးငွေအမျိုးမျိုးထုတ်ချေးခြင်း၊ ဒစ်ဂျစ်တယ်နည်းလမ်းများဖြင့် ငွေကြေးဝန်ဆောင်မှုများဆောင်ရွက်ခြင်း၊ ကုန်သွယ်ရေးကဏ္ဍအတွက် ငွေကြေးထောက်ပံ့ပေးခြင်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ(MSMEs)ကို ငွေကြေးထောက်ပံ့ပေးခြင်း၊ နိုင်ငံတကာဘဏ်များနှင့် ငွေပေးချေမှုများဆောင်ရွက်ခြင်း စသည့်ဘဏ်ဝန်ဆောင်မှုများစွာတို့ကို လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်။
ဘဏ်ဟူသည် ငွေရေးကြေးရေးနှင့်ပတ်သက်၍ ကြားခံဆောင်ရွက်ပေးရသည့် ဝန်ဆောင်မှုလုပ်ငန်းဖြစ်သည်။ ငွေရေးကြေးရေးများစွာကို လက်ဝယ်တွင်ထားရှိပါက အန္တရာယ်အမျိုးမျိုးဖြစ်နိုင်သည့်အတွက် လုံခြုံစိတ်ချမှုရှိသည့်ဘဏ်တို့က ထိန်းသိမ်းစောင့်ရှောက်ပေးခြင်း၊ ငွေသားများစွာတို့ကို လက်ဝယ်တွင်ကိုင်တွယ်စရာမလိုဘဲ ချက်လက်မှတ်ကဲ့သို့ ပုံမှန်ငွေကြေးစနစ်ဖြင့်လည်းကောင်း၊ လျှို့ဝှက်စွာထားသည့် စာရင်းအင်းအချက်အလက်များကိုအသုံးပြု၍ ဒစ်ဂျစ်တယ်ငွေကြေးစနစ်ဖြင့်လည်းကောင်း လက်ခံ၊ လွှဲပြောင်း၊ ထုတ်ယူ၊ ပေးသွင်းစသည့် ငွေရေးကြေးရေးဆိုင်ရာ အာမခံချက်များစွာတို့ဖြင့် ချည်နှောင်ထားသည့် အဖွဲ့အစည်းဖြစ်သည်။ ပြည်သူတို့အနေဖြင့် ဘဏ်နှင့်ပတ်သက်၍ သိရှိနားလည်ကြသော်လည်း ဘဏ်လုပ်ငန်းဆိုင်ရာများကိုမူ ပြည့်စုံစွာသိရှိနားလည်ကြသူ အလွန်နည်းပါးမည်ဖြစ်သည်။
မြန်မာ့နိုင်ငံရေးသမိုင်းကြောင်းတစ်လျှောက်တွင် နိုင်ငံရေးအခြေအနေပေါ်မူတည်၍ ငွေရေးကြေးရေးနှင့်ပတ်သက်၍ မသမာသူများက ပြည်သူများစိုးရိမ်ပူပန်မှုဖြစ်အောင်၊ ဘဏ်များအပေါ် ယုံကြည်မှုနည်းလာအောင်၊ ငွေရေးကြေးရေးနှင့် ပတ်သက်၍ လွဲမှားဆောင်ရွက်မှုဖြစ်လာအောင် ဥပဒေနှင့်မညီသည့် မမှန်မကန်ဆောင်ရွက်မှုများ၊ မဟုတ်မမှန်လုပ်ကြံဝါဒဖြန့်မှုများပြုလုပ်ခဲ့သည့် အထောက်အထားများရှိခဲ့သည်။ မျက်မှောက်ကာလတွင်လည်း ငွေရေးကြေးရေးနှင့်ပတ်သက်၍လည်းကောင်း၊ ဘဏ်လုပ်ငန်းများနှင့်ပတ်သက်၍လည်းကောင်း မဟုတ်မမှန်လုပ်ကြံဖန်တီးမှုများ ပြုလုပ်မှုများရှိလာသဖြင့် ငွေရေးကြေးရေးနှင့်ဘဏ်လုပ်ငန်း များနှင့်ပတ်သက်၍ ပြည်သူများအနေဖြင့် စိုးရိမ်ပူပန်မှုမဖြစ်အောင် အသိပေး နှိုးဆော်လျက်ရှိသည်။
ယခုကာလတွင် နိုင်ငံ၌အဓိကကျသည့် ငွေရေးကြေးရေးနှင့်သက်ဆိုင်သည့် လုပ်ငန်းများနှင့်ပတ်သက်၍ မသမာသူဝိသမလောဘ စီးပွားရေးသမားများကို ဖော်ထုတ်အရေးယူ ဆောင်ရွက်နေသည်ကို တွေ့ရမည်ဖြစ်သည်။ ထိုအချိန်တွင် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို မလိုလားသော အဖျက်မီဒီယာများနှင့် အဖျက်သမားအုပ်စုများက ပြည်သူများအသုံးပြုနေသည့် လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် မဟုတ်မမှန်သတင်းများထုတ်လွှင့်ပြီး နိုင်ငံ့စီးပွားရေးနှင့် ပြည်သူများကြားတွင်လည်ပတ်နေသော ငွေရေးကြေးရေးအခြေအနေများ တည်ငြိမ်မှုပျက်ပြားစေရန်ရည်ရွယ်ချက်ရှိရှိဖြင့် သွေးထိုးလှုံ့ဆော်မှုများ ဆောင်ရွက်နေသည်ကို မြင်တွေ့ကြားသိရမည်ဖြစ်သည်။ အဖျက်သမားအမျိုးမျိုးတို့က အစိုးရနှင့်အများပြည်သူ အကျိုးစီးပွားထိခိုက်စေရန်ရည်ရွယ်၍ မကြာခဏဖြန့်ဝေနေသော လူမှုကွန်ရက်စာမျက်နှာများကို သတိပြုဆင်ခြင်မိကြရန်လိုအပ်ပါသည်။
စစ်ရေး၊ ဘာသာရေး၊ ကုန်သွယ်စီးပွားရေး မျက်နှာစာသုံးမျိုးသည် နယ်ချဲ့ဝါဒီများ အဓိကအသုံးပြုသော လက်နက်သုံးမျိုးဖြစ်သည်ကို သတိပြုကြရမည်ဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းသာယာဝပြောရေး၊ ပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍပေါင်းစုံတွင် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ သိသာသည့်တိုးတက်ဖြစ်ထွန်းအောင်မြင်မှုများ အတိုင်းအတာတစ်ခုအထိ ရရှိလာပြီဖြစ်သည်။ ယင်းအချိန်တွင် ကုန်သွယ်စီးပွားရေး မျက်နှာစာအမျိုးမျိုးတို့မှ နိုင်ငံတော်နှင့် အများပြည်သူအကျိုးစီးပွား ထိခိုက်ပျက်ပြားစေရန် နည်းလမ်းအမျိုးမျိုးတို့ဖြင့် အဖျက်အုပ်စုအမျိုးမျိုးတို့က ထိုးနှက်တိုက်ခိုက်လာသည်ကို တွေ့ရမည်ဖြစ်သည်။
လတ်တလောဖြစ်ပေါ်နေသည့် ငွေရေးကြေးရေးနှင့်ပတ်သက်၍ ပြည်သူများအနေဖြင့် အဖျက်သမားများ၏ လှုံ့ဆော်ရေးသားပြောဆိုနေမှုများကို စိုးရိမ်စရာမလိုဘဲ ငွေကြေးနှင့်ဘဏ်များအပေါ် ယုံကြည်စိတ်ချစွာဖြင့် ဘဏ်ဝန်ဆောင်မှုများကို ပုံမှန်ဆောင်ရွက်နိုင်အောင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ပြည်သူများ၏ အပ်နှံငွေများကို အပြည့်အဝအကာအကွယ်ပေးထားသည်ဖြစ်ရာ အဖျက်သမားအုပ်စု အမျိုးမျိုးတို့၏ရည်ရွယ်ချက်ရှိရှိ လှုံ့ဆော်ခြောက်လှန့်မှုများကို နားမယောင်ဘဲ တိုင်းပြည်ကို ပျက်စီးရာပျက်စီးကြောင်းပြုလုပ်နေသည့် အဖျက်သမားအမျိုးမျိုးတို့ကို ဝိုင်းဝန်းဆန့်ကျင် တိုက်ဖျက်ကြရမည်ဖြစ်ပါကြောင်း။ ။