Skip to main content

စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်မှ ဒုတိယအချက်တွင် “တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများအားမြှင့်တင်၍ နိုင်ငံ့စီးပွားမြင့်မားရေးနှင့် ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝမြင့်မားရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်” ဟူသည့်အချက်ကို ချမှတ်ထားသည်။

မြန်မာနိုင်ငံသူ နိုင်ငံသားအများစုသည် ကျေးလက်ဒေသများတွင်နေထိုင်ကြပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အဓိကအသက်မွေးဝမ်းကျောင်းပြုကြသည်။ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများသည် နိုင်ငံ၏အဓိကကျသော စီးပွားရေးမဏ္ဍိုင်ဖြစ်ပြီး ပြည်သူလူထုလူမှုစီးပွားဘဝ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေး၊ နိုင်ငံ့စီးပွား တိုးတက်မြင့်မားလာရေးတို့ကို အဓိကအထောက်အကူပြုလျက်ရှိသဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ မြင့်မားတိုးတက်လာအောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။

စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့်ပတ်သက်၍ “စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များသည် ခိုင်မာသည့်ဈေးကွက်ရှိပြီးဖြစ်ကြောင်း၊ နိုင်ငံ့စားရေရိက္ခာကို အထောက်အကူပြုစေနိုင်သကဲ့သို့ ပြည်ပသို့ပို့ကုန်များတင်ပို့နိုင်သောကြောင့် ပြည်ပဝင်ငွေများ ပိုမိုရရှိစေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ငွေကြေးတတ်နိုင်သည့် လုပ်ငန်းရှင်များအနေဖြင့် သေချာသည့်လုပ်ငန်းများဖြစ်သော စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံကြစေလိုကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၃/၂၀၂၄) တွင် ပြောကြားခဲ့သည်။

စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရအနေဖြင့် မူဝါဒများ၊ လုပ်ထုံးလုပ်နည်းများ၊ ဥပဒေများ၊ ဦးဆောင်ပြသလမ်းညွှန်မှုများ၊ အသိပညာပေးမှုများ၊ တိုက်တွန်းနှိုးဆော်မှုများ၊ ပံ့ပိုးကူညီမှုနှင့် ဖြည့်ဆည်းဆောင်ရွက်ပေးမှုတို့ကိုသာ အဓိကဆောင်ရွက်ပေးလျက်ရှိသည်။ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို လက်တွေ့အကောင်အထည်ဖော်နေကြသူများမှာ ကျေးလက်နေပြည်သူများနှင့် စီးပွားရေးလုပ်ငန်းရှင်များဖြစ်သည်။ မြန်မာနိုင်ငံ၏စီးပွားရေးတွင် စိုက်ပျိုးမွေးမြူရေးသည် သေချာရေရာသည့် အရင်းအမြစ်ဖြစ်၍ အခြားစီးပွားရေးတွင် ရင်းနှီးမြှုပ်နှံလုပ်ကိုင်သလို ပါဝင်ဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါသည်။

ငွေကြေးအရင်းအနှီး တတ်နိုင်သူများအနေဖြင့် စိုက်ပျိုးရေးနှင့်မွေးမြူရေး လုပ်ငန်းများတွင် ဝင်ရောက်ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ကြမည်ဆိုပါက နိုင်ငံ၏ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖြစ်ထွန်းလာပြီး ကုန်ထုတ်လုပ်ငန်းများ ပိုမိုတိုးတက်ကာ စီးပွားရေးအားကောင်းလာမည်ဖြစ်သည်။ အသားစားကြက်၊ ဥစားကြက်၊ အသားစားနွား၊ နို့စားနွား၊ အသားတိုးဝက်နှင့် ဆိတ်မွေးမြူရေးလုပ်ငန်းများသည် အမြတ်စွန်းများသည့် လုပ်ငန်းများဖြစ်၍ အဆိုပါလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံလုပ်ကိုင်ကြပါက နိုင်ငံအတွက်လည်း အကျိုးရှိမည်ဖြစ်သည်။ အလားတူ သီးနှံမျိုးစုံ စိုက်ပျိုးထုတ်လုပ် ရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံလုပ်ကိုင်ကြလျှင်လည်း အကျိုးအမြတ်ဖြစ်ထွန်းပြီး နိုင်ငံ့စီးပွားရေး မြင့်မားတိုးတက်လာမည်ဖြစ်သည်။

သီးနှံများစိုက်ပျိုးရာတွင် နည်းစနစ်တကျစိုက်ပျိုး၍ ပန်းတိုင်ရည်မှန်းချက် ပြည့်မီအောင် စိုက်ပျိုးကြမည်ဆိုပါက အကျိုးအမြတ်များ ပိုမိုရရှိလာမည်ဖြစ်သည်။ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံဆောင်ရွက်ကြခြင်းဖြင့် လုပ်ငန်းဆောင်ရွက်သူရော နိုင်ငံတော်အတွက်ပါ အကျိုးဖြစ်ထွန်းစေမည်ဖြစ်သည်။ ငွေကြေးများစွာ ရင်းနှီးမြှုပ်နှံနိုင်သူများအနေဖြင့် လူအများစိတ်ဝင်စားသည့် ဆူလွယ်နပ်လွယ်သော လုပ်ငန်းများကိုသာ စိတ်ဝင်တစားလုပ်ကိုင်နေကြသည်ကို တွေ့ရမည်ဖြစ်သည်။ မိမိလည်းအကျိုးရှိ၊ နိုင်ငံနှင့်ပြည်သူလည်း အကျိုးရှိဖြစ်ထွန်းစေသော စီးပွားရေးလုပ်ငန်းများတွင်လည်း ပါဝင်ဆောင်ရွက်ကြစေလိုသည်။ ဥပမာအားဖြင့် ငွေကျပ် သိန်း ၄၀၀၀ ရင်းနှီးမြှုပ်နှံ၍ ဥစားကြက်ကောင်ရေ ၁၀၀၀၀ ကို ဥသက်တမ်းလ ၂၀ မွေးမြူမည်ဆိုပါက အမြတ်ငွေကျပ်သိန်း ၇၀၀ ကျော်၊ အသားတိုးကြက် ၁၇၀၀၀ မွေးမြူမည်ဆိုပါက အမြတ်ငွေကျပ်သိန်း ၅၀၀ ကျော်ရရှိမည်ဖြစ်သည်။

အလားတူ စိုက်ပျိုးရေးလုပ်ငန်းတွင် ကျပ်သန်း ၄၀၀ ရင်းနှီးမြှုပ်နှံ၍ အစေ့ထုတ်ပြောင်းဧက ၅၀၀ စိုက်ပျိုးမည်ဆိုပါက အမြတ်ငွေကျပ်သန်း ၅၀၀ ခန့်၊ ပဲပုပ်ဧက ၈၀၀ စိုက်ပျိုးမည်ဆိုပါက အမြတ်ငွေကျပ်သန်း ၃၂၀ ခန့်၊ နေကြာဧက ၆၄၀ စိုက်ပျိုးမည်ဆိုပါက အမြတ်ငွေကျပ်သန်း ၁၇၀ ကျော်၊ ကြက်သွန်နီဧက ၂၀၀ စိုက်ပျိုးမည် ဆိုပါက အမြတ်ငွေကျပ်သန်း ၅၀၀၊ ကြက်သွန်ဖြူဧက ၁၆၀ စိုက်ပျိုးမည်ဆိုပါက အမြတ်ငွေကျပ်သန်း ၅၀၀ ကျော်ရရှိမည်ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ စိစစ်တွက်ချက်မှုများအရ သိရသည်။ အဆိုပါထွက်ကုန်များသည် ပြည်ပဈေးကွက်လိုအပ်ချက်မြင့်မားသော ထုတ်ကုန်များဖြစ်ပြီး စနစ်တကျ အောင်မြင်ဖြစ်ထွန်း ဆောင်ရွက်နိုင်ရေးသာ အရေးအကြီးဆုံးဖြစ်သည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံမှထုတ်လုပ်သော စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များသည် ခိုင်မာသည့်ဈေးကွက်ရှိပြီး အကျိုးအမြတ်ဖြစ်ထွန်းလွယ်သော ထုတ်ကုန်များဖြစ်သဖြင့် မိမိတို့အကျိုးစီးပွားဖြစ်ထွန်းရေးသာမက နိုင်ငံ့စီးပွားတိုးတက်ရေးနှင့် ပြည်သူများ လူမှုစီးပွားဘဝမြင့်မားရေးကို များစွာအထောက်အကူပြုသည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံကြပါရန် အလေးအနက်တိုက်တွန်းအပ်ပါကြောင်း။       ။