Skip to main content

မင်းသားကြီးမြင့်စိုးနှင့် ရုပ်ရှင်စကားဝိုင်း

ဒီတစ်ပတ်စကားဝိုင်းမှာ ပြောမယ့်မင်းသားကတော့ လူချောမင်းသားလို့ ပြောရပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ လူချောလူလှမင်းသားတွေထဲက ကံအားလျော်စွာကျန်နေတဲ့ မင်းသားတစ်ဦးနဲ့ ရုပ်ရှင်စကားဝိုင်းကို ပြောကြားမှာဖြစ်ပါတယ်။ ကျွန်တော်ကတော့ သူ့ကိုမင်းသားကြီးလို့ပဲ ခေါ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့နာမည်က အင်မတန်နာမည်တူများပါတယ်။ ကျွန်တော်နဲ့ ပထမဆုံးရုပ်ရှင်စကားဝိုင်းမှာ စပြီးတော့ ဆွေးနွေးတဲ့ပုဂ္ဂိုလ်ကလည်း ရုပ်ရှင်မှာဘီအေဘွဲ့ရတဲ့ ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်။ သူ့နာမည်က ဦးမြင့်စိုး ဖြစ်ပါတယ်။

ထို့အတူပဲ ကျွန်တော့်ရဲ့မိတ်ဆွေပေါ့လေ၊ သူငယ်ချင်း လောလောဆယ် ဒါရိုက်တာလုပ်နေတဲ့ မြင့်စိုး(ဝ/သ) ဆိုတာလည်း တစ်ယောက်ရှိပါတယ်။ မြင့်စိုးဆိုတဲ့နာမည်တွေက ပေါများတဲ့အတွက် ကျွန်တော်နဲ့အခုစကားပြောမယ့် လူချောလူလှ မင်းသားကြီးမြင့်စိုးကို မင်းသားကြီးလို့ပဲ ကျွန်တော်ကခေါ်ဝေါ်လေ့ရှိပါတယ်။ အခုကျွန်တော်နဲ့ မင်းသားကြီးမြင့်စိုးနဲ့ ရုပ်ရှင်စကားဝိုင်းကို စတင်မှာ ဖြစ်ပါတယ်။

မင်းသားကြီးမြင့်စိုး။ ။ ‘မှောင်ထဲကမေမှာ ရုပ်ရှင်မင်းသမီးနွယ်နွယ်ပါတယ်ဆရာ။

ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။

မင်းသားကြီးမြင့်စိုး။ ။ ဒါရိုက်တာ ဦးဉာဏပဲ။

ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။ ဘချစ်၊ မေရီမြ။

မင်းသားကြီးမြင့်စိုး။ ။ ‘မှောင်ထဲကမေ ရိုက်တော့ ပြောပြဦးမယ်ဆရာ အတွေ့အကြုံလေးပေါ့။ ဟိုတုန်းက ကျွန်တော်တို့ ရွှေတောင်ကြားလမ်းက ရုပ်ရှင်မြှင့်တင်ရေးမှာ ရိုက်တာပေါ့။

ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။

မင်းသားကြီးမြင့်စိုး။ ။ နွယ်နွယ်က သူကဇာတ်လမ်းအရ ဟိုတယ်မယ်လေးတစ်ယောက်ဖြစ်သွားတယ်။ ဟိုတယ်မယ်လေးဖြစ်တော့ အဲဒီဟိုတယ်မှာ လာပျော်တဲ့အထဲမှာ ဆရာဦးဟိန်စွန်းကြီးပါလာတယ် ဆရာရေ။

ကြည်စိုးထွန်း။ ။ ကာတွန်း ဦးဟိန်စွန်း။

မင်းသားကြီးမြင့်စိုး။ ။ အင်မတန်ရုပ်ရှင်ဝါသနာပါတယ်။ သူက ဘာအခန်း လုပ်ရလုပ်ရလုပ်တယ်။

ကြည်စိုးထွန်း။ ။ အခုတော့ ဟိုတယ်မယ်လေးဆီလာတဲ့အခန်း။

မင်းသားကြီးမြင့်စိုး။ ။ ဟိုတယ်မယ်လေးဆီ လာပျော်တာပေါ့။ အဲဒီမှာ ပြောလိုက်ဦးမယ်ဆရာ။

ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။

မင်းသားကြီးမြင့်စိုး။ ။ နှစ်ကွက်သွားတွေ့တယ်။ ဆရာဦးဟိန်စွန်းကြီးက ဝါသနာပါတဲ့ ရုပ်ရှင်ပိုးလေးတွေ ခေါ်လာတယ်ပေါ့။ ရုပ်ရှင်ဝါသနာပါတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပါလာတယ်။ လူငယ်တစ်ယောက်။ အခုတော့ စာရေးဆရာလုပ်နေပြီ။

ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။

မင်းသားကြီးမြင့်စိုး။ ။ နာမည်တော့ မပြောတော့ပါဘူး။ အဲဒီပုဂ္ဂိုလ်က ဟိုတယ်မှာပျော်တဲ့ပါးတဲ့အခန်းပေါ့။

ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။

မင်းသားကြီးမြင့်စိုး။ ။ အရက်တွေ ဘာတွေသောက်ပြီးတော့ ဟိုတယ်မှာ ပျော်မယ်။ သီချင်းပါသေးတယ် ကျွန်တော်မေ့နေပြီ။

ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။

မင်းသားကြီးမြင့်စိုး။ ။ အဲဒီတော့ နွယ်နွယ်နဲ့ ဖက်ဖက်ပြီးတော့ မူးမူးနဲ့ လူငယ်တွေကဖက်တဲ့အခန်းပေါ့။

ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။

မင်းသားကြီးမြင့်စိုး။ ။ နောက်တော့ ဟိုက အခန်းကပြီးသွားပြီ။ ‘ကတ် ဆိုလည်း သူကဖက်တုန်းရှိသေးတယ်။

ကြည်စိုးထွန်း။ ။ အရှိန်တက်တုန်းရှိသေးတယ်။

မင်းသားကြီးမြင့်စိုး။ ။ အရှိန်မသေတာပေါ့ ဆရာရယ်။ အဲဒီအခန်းတစ်ခန်း သွားသတိရတယ်။ ဟေ့ကောင်ပြီးနေပြီကွဆိုတော့ ဦးဟိန်စွန်းကြီးက ကျုပ်လည်းပဲ ဝါသနာပါတာပဲ။ ကျုပ်လိုပဲကျုပ်တပည့်လည်း ဝါသနာပါမှာပေါ့တဲ့၊ ဒါတစ်ကွက်။ နောက်တစ်ကွက်က နည်းနည်းအမှတ်တရလေးတွေပေါ့။ ကျွန်တော့်ကို ကျွန်တော့်သူငယ်ချင်းတွေက လာပါကွာမြင့်စိုးရာ မင်းစိတ်ညစ်မနေပါနဲ့ ဟိုတယ်ကိုလိုက်ခဲ့ပါဆိုပြီး အတင်းခေါ်သွားတာ။

ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။

မင်းသားကြီးမြင့်စိုး။ ။ ကျွန်တော်မလိုက်ချင်လိုက်ချင်နဲ့ ကျွန်တော် ရောက်သွားရော။

ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။

မင်းသားကြီးမြင့်စိုး။ ။ ရောက်သွားတော့ နွယ်နွယ်ကနေပြီးတော့ ဇာတ်လမ်းအရ ဘယ်သူတွေလာလဲဆိုပြီးတော့ အခန်းထဲကနေ ချောင်းကြည့်တာ။

ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။

မင်းသားကြီးမြင့်စိုး။ ။ ချောင်းကြည့်တော့ သူ့ချစ်သူ ကျွန်တော် မြင့်စိုးကို တွေ့တယ်ပေါ့။ တွေ့တော့ သူကစိတ်မကောင်းဖြစ်ပြီးတော့ ငါ့ချစ်သူနဲ့ ငါနဲ့မတန်တော့ဘူးပေါ့။ ငါ့ဘဝကတော့ ဆုံးတဲ့ဘဝ ရောက်နေပြီ။

ကြည်စိုးထွန်း။ ။ ဒါပေါ့ ဒါပေါ့။

မင်းသားကြီးမြင့်စိုး။ ။ ငါတော့ ဒီမကောင်းတဲ့ ဘဝရောက်နေပြီ။

ကြည်စိုးထွန်း။ ။ ညစ်နွမ်းနေပြီပေါ့။

မင်းသားကြီးမြင့်စိုး။ ။ ညစ်နွမ်းနေပြီ။

ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။

မင်းသားကြီးမြင့်စိုး။ ။ အဲဒီအခန်းလေး နည်းနည်း မှတ်မှတ်ရရ။

ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။

မင်းသားကြီးမြင့်စိုး။ ။ ငိုတော့ ဒါရိုက်တာ ဦးဉာဏကလည်း ပြောတယ်။ ဒါရိုက်တာ တက္ကသိုလ်ဝင်းဖေတို့၊ ဦးကိုလေးတို့က လက်ထောက်တွေ။ သူတို့ကနေပြီးတော့ ငိုတဲ့အသံလေး၊ ရှိုက်တဲ့အသံလေးကို လိုချင်တယ်ပေါ့။

ကြည်စိုးထွန်း။ ။ ဪ။

မင်းသားကြီးမြင့်စိုး။ ။ ရှိုက်သံလေးကို (ရှိုက်သံပုံလုပ်ပြ) အဲဒါလေးကို လိုချင်တော့ ဟိုတုန်းက sound အင်ဂျင်နီယာက အခုလို မိုက်ကရိုဖုန်းဘေးကပ်ပြီးတော့ ရှိုက်တဲ့အသံလေးကို ဖမ်းတယ်။ ဦးဉာဏတို့၊ တက္ကသိုလ်ဝင်းဖေတို့က နားထောင်ပြီး ရှိုက်တဲ့အသံက ပီပြင်တယ်၊ ပီပြင်တယ်ဆိုတော့ အသံကူးတဲ့နေရာမှာ ရှိုက်တဲ့အသံကများသွားတယ်ထင်ပါရဲ့ ဆရာရယ်။

ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။

မင်းသားကြီးမြင့်စိုး။ ။ များသွားတော့ ကျွန်တော် movie နဲ့ ဟိုဒင်းနဲ့ ကြည့်တော့ screen နဲ့ ကြည့်တုန်းကတော့ ဘာမှမထွက်ဘူးပေါ့။ တကယ့်တကယ် ရုံပေါ်တင်လိုက်တဲ့အခါကျတော့ ရှိုက်သံက ကြက်သံနဲ့ သွားတူနေတယ်။

ကြည်စိုးထွန်း။ ။ ဪ။

မင်းသားကြီးမြင့်စိုး။ ။ ကတော် ကတော် ကတော့၊ ကတော် ကတော် ကတော့ဆိုတော့ အောက်ကကြည့်တဲ့ လူတွေကဟာ ကြက်ကြီးကြက်ကြီးဆိုပြီး အသံကြောင့် ပြဿနာဖြစ်တာပေါ့ ဆရာရယ်။

ကြည်စိုးထွန်း။ ။ ဒါပေါ့ ဟုတ်ကဲ့။

မင်းသားကြီးမြင့်စိုး။ ။ အသံက ဟိုတုန်းက normal ကြားပေမယ့် ရုံပေါ်မှာ တင်လိုက်တဲ့အခါကျတော့ volume က တင်လိုက်တာကိုး။

ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။

မင်းသားကြီးမြင့်စိုး။ ။ တင်လိုက်တော့ (ရှိုက်ပုံလုပ်ပြ) အဲဒီရှိုက်သံမဖြစ်ဘဲနဲ့ ကတော် ကတော် ကတော့ အောက်ကလူတွေက ကြက်ကြီး ကြက်ကြီးလို့အော်တယ် အဲဒီအပိုဒ်လေးသွားသတိရတယ် ဆရာ။

ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။

မင်းသားကြီးမြင့်စိုး။ ။ နောက် ဆရာဘာစဉ်းစားမိလဲပြော။

ကြည်စိုးထွန်း။ ။ အဲဒီမှာတစ်ချက် ကျွန်တော်မေးစရာရှိတာ ခုနတုန်းက ဦးဉာဏကို ဝိုင်းပြီးတော့ ရိုက်ပေးတယ်ဆိုတဲ့ အထဲမှာ ဟိုဒင်းကတော့ တက္ကသိုလ်ဝင်းဖေကတော့ ကျွန်တော်သိတယ်လေ။

မင်းသားကြီးမြင့်စိုး။ ။ တက္ကသိုလ်ဝင်းဖေက။

ကြည်စိုးထွန်း။ ။ သူက အင်မတန်တော်တဲ့ ပုဂ္ဂိုလ်ပါ။

မင်းသားကြီးမြင့်စိုး။ ။ ဟုတ်တယ်။

ကြည်စိုးထွန်း။ ။ နောက်ကိုကိုလေးဆိုတာ ‘ပိုး ရိုက်တဲ့ကိုကိုလေးလား။

မင်းသားကြီးမြင့်စိုး။ ။ ဗျာ။

ကြည်စိုးထွန်း။ ။ ‘ပိုး ရိုက်တဲ့ ကိုကိုလေး။

မင်းသားကြီးမြင့်စိုး။ ။ မဟုတ်ဘူးဆရာရဲ့။ ကိုကိုလေးဆိုတာ တစ်ယောက်၊ သူက နေဗီကထွက်လာတာ၊ အခုတော့ ဆုံးသွားရှာပြီ။

ကြည်စိုးထွန်း။ ။ ဟုတ်လား။

မင်းသားကြီးမြင့်စိုး။ ။ ကိုကိုလေးဆိုတာ နှစ်ယောက်ရှိတယ်။

ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။

မင်းသားကြီးမြင့်စိုး။ ။ အဲဒီ ကျွန်တော်ပြောတဲ့ ကိုကိုလေးက ဘယ်သူနဲ့ တွဲရိုက်ဖူးလဲဆိုတော့ ဦးဉာဏတို့နဲ့ တွဲရိုက်ဖူးတယ်။ နောက်ပြီးတော့ ဒါရိုက်တာ တက္ကသိုလ်စိန်ဖေတင် သိတယ်မဟုတ်လား ဆရာ။

ကြည်စိုးထွန်း။ ။ သိတာပေါ့။

မင်းသားကြီးမြင့်စိုး။ ။ စိန်ဖေတင်နဲ့ တွဲရိုက်ဖူးတယ်။

ကြည်စိုးထွန်း။ ။ ဪ ဟုတ်ကဲ့။

မင်းသားကြီးမြင့်စိုး။ ။ ကိုကိုလေးက နှစ်ယောက်ရှိတယ်။ ခုနကလိုပေါ့ မြင့်စိုးတွေ၊ ကိုကိုလေးတွေ။ ဆရာ့နာမည်ပဲ ကောင်းတယ် ကြည်စိုးထွန်း ဘယ်သူမှမရှိဘူး။

ကြည်စိုးထွန်း။ ။ ရှိတယ်လေ ကြည်စိုးတွေအများကြီးပဲလေ။

မင်းသားကြီးမြင့်စိုး။ ။ နောက်ပြီးတော့ ဆရာ ကျွန်တော်အမှတ်တရလေး ပြောချင်တာက ဒါရိုက်တာ ဦးစိုးမောင် ရိုက်တဲ့တပွင့်မာလာ

ကြည်စိုးထွန်း။ ။ ဦးစိုးမောင်က အရင်တုန်းက ရွှေပြည်စိုးမှာနော်။

မင်းသားကြီးမြင့်စိုး။ ။ ဟုတ်တယ်ဆရာရဲ့။

ကြည်စိုးထွန်း။ ။ အခုတော့ သူက စိုးဘရားသား ကုမ္ပဏီက။

မင်းသားကြီးမြင့်စိုး။ ။ ‘တပွင့်မာလာ ရိုက်တော့ ကျွန်တော်ကအနုမင်းသား၊ အဆိုမင်းသား၊ ပြဇာတ်မင်းသား။ ပြဇာတ်တွေလည်း တော်တော်ကပြီးပြီ။ ပြဇာတ် ဘယ်အထိအောင်ကလဲဆို ဆရာကြုံလို့ ပြောပြ ဦးမယ်။ ဆုံးသွားတဲ့ မင်္ဂလာဦးအောင်မောင်းဆိုတာ ဆရာကြားဖူးလား။

ကြည်စိုးထွန်း။ ။ သိပါတယ်။ ခြေထိုးသိပ်ကောင်းတယ်။

မင်းသားကြီးမြင့်စိုး။ ။ ဦးအောင်မောင်းနဲ့ကျွန်တော် တွဲကဖူးတယ်။ မြင့်မြင့်ဌေး နဲ့ ကျွန်တော်က ဖူးတယ်။ စိန်အောင်မင်းနဲ့တော်တော်ကြာကြာ တွဲပြီးတော့ကဖူးတယ်။ ကဌေးရုံက မင်းသမီး ရိုစီဌေး။ နောက် အောင်လံတော်ခင်စိန်၊ နောက်မန္တလေးသိန်းနိုင်။

ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။

မင်းသားကြီးမြင့်စိုး။ ။ အဲဒီဇာတ်တွေနဲ့ ကျွန်တော် ကဖူးတယ်။

ကြည်စိုးထွန်း။ ။ ဪ။

မင်းသားကြီးမြင့်စိုး။ ။ ဇာတ်တွေနဲ့ တွဲက၊ ပြဇာတ်လုပ် ကဖူးတယ်၊

ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။

မင်းသားကြီးမြင့်စိုး။ ။ အဲဒီတော့ ကျွန်တော်က ပြဇာတ်မင်းသား၊ အဆိုတော် မင်းသားဆိုတော့ အဲဒီမှာ ‘တပွင့်မာလာ မှာ ကျွန်တော် စတန့်မင်းသား လုပ်ရတယ် ဆရာရယ်။

ကြည်စိုးထွန်း။ ။ ဟုတ်ပြီ။

မင်းသားကြီးမြင့်စိုး။ ။ ဘာပြောလဲဆိုတော့ ဆရာဦးစိုးမောင်က မင်းဖိုက်တင် ထိုးရဲပါ့မလားတဲ့။ ငှားကတည်းကိုက ကျွန်တော်လည်း နည်းနည်းဆရာရယ် ထူးထူးဆန်းဆန်းလေး လုပ်ချင်တယ်ပေါ့။

ကြည်စိုးထွန်း။ ။ ဒါပေါ့ ဒါပေါ့။

မင်းသားကြီးမြင့်စိုး။ ။ မင်းသားဆိုတော့ ခုနကပြောသလိုပေါ့။

ကြည်စိုးထွန်း။ ။ စွယ်စုံရတာပေါ့။

မင်းသားကြီးမြင့်စိုး။ ။ စွယ်စုံရတာပေါ့။ လုပ်ချင်တယ်။ ခုနကဆရာပြောတဲ့ ဆရာ့ဇာတ်ကောင်တွေလိုပေါ့။ ကိုရွှေဘတို့၊ ကိုကျော်ဆွေတို့၊ ကိုတင်ထွန်းတို့လိုပေါ့ ဆရာရယ်။

ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။

မင်းသားကြီးမြင့်စိုး။ ။ လုပ်ချင်တော့ လုပ်မယ်ပေါ့။ လှဖေကြီးနဲ့ ထိုးရမယ် ကွတဲ့။ ရတယ်ထိုးမယ်ဆိုတော့ ‘တပွင့်မာလာမှာ ကိုမြင့်အောင်လည်းပါတယ်။

ကြည်စိုးထွန်း။ ။ ဟုတ်တယ်။

မင်းသားကြီးမြင့်စိုး။ ။ မင်းသမီးက မြင့်မြင့်ဌေး။ နောက်ပြီးတော့ ခင်ညိုညိုပါတယ်။

ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့ ခင်ညိုညိုက ကြည်ကြည်ဌေးရဲ့ အစ်မလား၊ ညီမလား။

မင်းသားကြီးမြင့်စိုး။ ။ ကြည်ကြည်ဌေးရဲ့ အစ်မနဲ့တူတယ်။

ကြည်စိုးထွန်း။ ။ ဟုတ်လား၊ ဟုတ်ကဲ့။

မင်းသားကြီးမြင့်စိုး။ ။ ခင်ညိုညိုပါတော့ ကျွန်တော်က သူပုန်ဗိုလ်လုပ်ရတယ်။ သူပုန်ဗိုလ်လုပ်ရတော့ ကျွန်တော်နဲ့ ကျွန်တော့်လက်အောက်မှာက လှဖေရှိတယ်။

ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။

မင်းသားကြီးမြင့်စိုး။ ။ ဘာနဲ့ သွားဇာတ်လမ်းတူလဲဆိုတော့ ‘ဗိုလ်အောင်ဒင် နဲ့ ဇာတ်လမ်းသွားတူတယ်။

ကြည်စိုးထွန်း။ ။ ဪ ဪ ရာမ။

မင်းသားကြီးမြင့်စိုး။ ။ ဟုတ်တယ် မြင့်မြင့်ဌေးကို ကျွန်တော်က ပြန်ပေးဆွဲလာတယ်ပေါ့။

ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။

မင်းသားကြီးမြင့်စိုး။ ။ မြင့်မြင့်ဌေးကို ပြန်ပေးဆွဲလာတော့ ဟိုကျတော့ မြင့်မြင့်ဌေးကို ကြိုက်တယ်။

ကြည်စိုးထွန်း။ ။ ဪဪ။

မင်းသားကြီးမြင့်စိုး။ ။ ခင်မောင်ရင်က မေဝင်းကို စွဲသလိုပေါ့ ဆရာရယ်။ အဲဒီသဘောမျိုး မြင့်မြင့်ဌေးကို ကျွန်တော်က ကြိုက်ပြီးတော့ ချစ်ရေးဆိုတယ်။ သူက ချစ်ရေးဆိုလို့ မရဘူး။ မရတော့ ကျွန်တော်က ကိုင်း ငါ့အပေါ်မှာ ချစ်မှမချစ်ဘဲ ငါပြောတော့ ပင်ပန်းရုံပဲ ရှိပါတယ်၊ သူ့ကိုပြန်ပြီးတော့ လွှတ်လိုက်တယ်။ ပြန်လွှတ်လိုက်တော့ သူ့လည်း လွှတ်လည်းလွှတ်လိုက်ပြီးရော ရဲက ကျွန်တော်တို့ကို လာဖမ်းပါရော။

ကြည်စိုးထွန်း။ ။ ဪ။

မင်းသားကြီးမြင့်စိုး။ ။ သိသွားတာပေါ့ ဆရာရယ် သတင်းသိသွားတော့ အဲဒီတော့ အောက်က လက်ထောက်လှဖေကြီးက ကျွန်တော့်ကို ဗိုလ်ကြီးချစ်သူကြောင့် ကျွန်တော်တို့စခန်းကို ရဲတွေဝိုင်းလာပြီ ဗိုလ်ကြီး သစ္စာဖောက်တယ်ဆိုတော့၊ အဲဒီမြင့်မြင့်ဌေးကို ပြန်ဖမ်းရမယ်ဆိုတော့ ပြန်မိအောင် ပြန်ဖမ်းမယ်ပေါ့၊ လမ်းတစ်ဝက်မှာ ပြန်မိတယ်ဆရာ။ မိပြီးတော့ သတ်မယ် သူ့ကိုသတ်ပါ သူကသစ္စာဖောက်တဲ့လူ သူ့ကို သတ်ရမယ်ဆိုပြီး ကျွန်တော့်ကို ခြောက်လုံးပြူးပေးတယ်။

ကြည်စိုးထွန်း။ ။ ဪဪ။

မင်းသားကြီးမြင့်စိုး။ ။ ပေးတော့ ကျွန်တော့်ရဲ့ တပည့်တစ်ယောက်က သေသွားပြီ ဆရာမှတ်မိမှာပေါ့။ တင်ဖေဆိုတာ တစ်ယောက်ရှိတယ်။ ဖေတင် ဖေတင်။

ကြည်စိုးထွန်း။ ။ ဪ ဖေတင်သိတယ်လေ။ ကျော်ဖေတင်ဆိုပြီးတော့ လုပ်သေးတယ်လေ။

မင်းသားကြီးမြင့်စိုး။ ။ အင်း ကျော်ဖေတင်။ သူကနေပြီးတော့ ကျွန်တော့်ကို ကျွန်တော့်ဘက်က ငဲ့ညှာပြီး ခြောက်လုံးပြူး ကျည်ဆန်တွေ ထုတ်ထားတယ်။

ကြည်စိုးထွန်း။ ။ ဟုတ် ဟုတ်။

မင်းသားကြီးမြင့်စိုး။ ။ ကျည်ဆန်ထုတ်ထားပြီးတော့ ကျည်ဆန်တွေ blank ပေါ့ ဆရာရယ်။

ကြည်စိုးထွန်း။ ။ အင်း ဟုတ်ကဲ့။

မင်းသားကြီးမြင့်စိုး။ ။ ထုတ်ထားပြီးတော့ မြင့်မြင့်ဌေးကို ဘုရား၊ တရားသာ တပေတော့ ဆိုပြီးတော့ ပစ်လိုက်တော့ miss shot ဖြစ်သွားတာပေါ့ဆရာရယ်။

ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။

မင်းသားကြီးမြင့်စိုး။ ။ ဖြစ်သွားတော့ တပည့်တွေက ဝိုင်းရယ်ကြတယ်ပေါ့။ ဆရာ သူ့ကို စေတနာရှိတယ်၊ သံယောဇဉ်ရှိတယ် ဆိုတာသိတဲ့အတွက် ကျွန်တော်တို့ ကျည်ဆန်ကိုထုတ်ထားတာပါ တော်တော် ကောင်းတဲ့ plot လေးဆရာ။

ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။

မင်းသားကြီးမြင့်စိုး။ ။ အဲဒီမှာတင် မြင့်မြင့်ဌေးကို ကျွန်တော်ပြန်လွှတ်လိုက်တယ်။

ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။

မင်းသားကြီးမြင့်စိုး။ ။ လွှတ်လိုက်တော့ လှဖေကြီးက မကျေနပ်တော့ ဖိုက်တင် ချတယ်။ ကျွန်တော်နဲ့ ဖိုက်တင်ချတယ်။ ဖိုက်တင်ချတော့ အဲဒါလေးမှတ်မှတ်ရရ ကျွန်တော်က ဖိုက်တင် တစ်ခါမှမထိုးဖူးဘူး။

ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။

မင်းသားကြီးမြင့်စိုး။ ။ မထိုးဖူးတော့ ကျွန်တော်က ဘာလုပ်လဲဆိုတော့ ပြဇာတ် ထဲက စတိုင်မျိုးပေါ့ ဆရာရယ်၊ ဆရာလည်းသိပါတယ်။

ကြည်စိုးထွန်း။ ။ ဟုတ်။

မင်းသားကြီးမြင့်စိုး။ ။ ရုပ်ရှင်ရိုက်လို့ရှိရင် ကျွန်တော်က fore ground နဲ့ ထိုးလို့ရှိရင် မထိလည်း ထိတယ်လို့ ထင်တယ်ပေါ့။

ကြည်စိုးထွန်း။ ။ ဟုတ်တာပေါ့။

မင်းသားကြီးမြင့်စိုး။ ။ အသံထည့်ပေးတာပေါ့ ဆရာရယ် fore ground နဲ့ ကျွန်တော်ခံပြီးတော့ မထိအောင် လွတ်အောင် ထိုးတယ်။

ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။

မင်းသားကြီးမြင့်စိုး။ ။ လွတ်အောင်ထိုးတာကို လှဖေကြီးက မကျေနပ်ဘူး။

ကြည်စိုးထွန်း။ ။ ဪ။

မင်းသားကြီးမြင့်စိုး။ ။ ကျွန်တော့်ကို ထိအောင်ပြန်ထိုးတယ်။ ကျွန်တော် ကလည်း ပြန်ထိုးတာပေါ့။

ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။

မင်းသားကြီးမြင့်စိုး။ ။ ထိုးတော့ သူခုန်ချ ကျွန်တော်လိုက်ခုန်ချ။

ကြည်စိုးထွန်း။ ။ ဪ။

မင်းသားကြီးမြင့်စိုး။ ။ အဲဒီ one scene လည်းပြီးလည်းပြီးရော မင်းသားကြီး မင်းသားမြင့်စိုးတဲ့ မောင်ရင်က ကျုပ်ကိုမထိုးဘူးတဲ့ မထိုးတော့ သဘာဝမကျဘူး မထိဘူး။ သူတို့က ရွှေဘနဲ့ ထိုးနေကျ။

ကြည်စိုးထွန်း။ ။ ဟုတ်တယ်။

မင်းသားကြီးမြင့်စိုး။ ။ ရွှေဘက တကယ်ဆော်တာ။

ကြည်စိုးထွန်း။ ။ တင်ညွန့်၊ ရွှေဘ တကယ်ချတာ။

မင်းသားကြီးမြင့်စိုး။ ။ တကယ်ချတာ သူတို့တစ်ခါတလေကျ ပါးတွေ၊ ဘာတွေရောင်အောင်ထိုးတာ။

ကြည်စိုးထွန်း။ ။ ဟုတ်တယ်။

မင်းသားကြီးမြင့်စိုး။ ။ ကျွန်တော်က သူ့ကိုမထိုးဘူးပေါ့ဗျာ မထိုးဘူးပေါ့။

ကြည်စိုးထွန်း။ ။ ဟုတ်တယ်။

မင်းသားကြီးမြင့်စိုး။ ။ ထိအောင်မထိုးဘူး။ ရွှေဘကတကယ်ထိုးတာ။ ဒါကို သူကမကျေနပ်ဘူး။ အဲဒီတော့ မောင်ရင့်ကို ဒီလို ထိုးလိုက်မှ မောင်ရင်က ကျုပ်ကို ပြန်ထိုးမယ်။ ငါ့ကို ပြန်ထိုးတယ် သဘာဝ ကျအောင်လုပ်ရတယ်၊ ဟာ ကွန်ကရက်ကျူလေးရှင်း ဝမ်းသာတယ် ကျေးဇူးတင်တယ်ပေါ့၊ သဘာဝကျတယ်ပေါ့ အဲဒီတော့ ပညာရတယ်ပေါ့ဆရာရယ်။

ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။

မင်းသားကြီးမြင့်စိုး။ ။ အဲဒီမှာ ရွှေဘနဲ့ထိုးတာ နောက်ပြီးတော့ တစ်ခု သွားသတိရတယ် ဆရာ မမေ့နိုင်ဘူးပေါ့။

ကြည်စိုးထွန်း။ ။ ဟုတ်။

မင်းသားကြီးမြင့်စိုး။ ။ ဆရာ ဦးစိုးမောင်က မောင်မြင့်စိုးတဲ့ မင်းကသီချင်း ထဲမှာကွတဲ့ play back တစ်ပုဒ်ပါတယ်။ မင်းကိုယ်တိုင် ရိုက်စမ်းပါတဲ့။

ကြည်စိုးထွန်း။ ။ ဪ ဟုတ်ကဲ့။

မင်းသားကြီးမြင့်စိုး။ ။ ကျွန်တော် ကျေးဇူးတင်တယ် ဆရာရယ်။ ပထမဆုံး ကျွန်တော်ရိုက်ဖူးတာပေါ့။ play back တစ်ပုဒ် သီချင်းရေးတဲ့ ပုဂ္ဂိုလ်က ကိုလှမိုး။

ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။

မင်းသားကြီးမြင့်စိုး။ ။ အဆိုတော်ကိုလှမိုး ကြားဖူးမှာပေါ့ ဆရာရယ်။

ကြည်စိုးထွန်း။ ။ ကြားဖူးတယ် ကြားဖူးတယ် ညီမလေးရယ်စိုးမိတယ်။

မင်းသားကြီးမြင့်စိုး။ ။ သူ့သီချင်းတော်တော်ကောင်းတယ်။

ကြည်စိုးထွန်း။ ။ စိုးရိမ်မိတယ် စိုးရိမ်မိတယ်။

မင်းသားကြီးမြင့်စိုး။ ။ ဟုတ်တယ် အဲဒါကို ဆရာဦးစိုးမောင်က မောင်မြင့်စိုး မင်းကိုယ်တိုင်ရိုက်။

ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။

မင်းသားကြီးမြင့်စိုး။ ။ ဟာ ဖြစ်ပါ့မလား ရိုက်စမ်းပါကွာ ပညာရတာပေါ့။

ကြည်စိုးထွန်း။ ။ ဟုတ်။

မင်းသားကြီးမြင့်စိုး။ ။ အဲဒီမှာ ကျွန်တော် play back ရိုက်ဖူးတယ်ပေါ့ မမေ့ နိုင်ဘူး။ ပညာရတယ် အဲဒါလေးတစ်ချက် ပြောချင်လို့ပါဆရာရယ်။

ကြည်စိုးထွန်း။ ။ ဪ ဟုတ်ကဲ့ ဟုတ်ကဲ့ ကောင်းပါတယ် ကဲ မင်းသားကြီးရေ။

မင်းသားကြီးမြင့်စိုး။ ။ ခင်ဗျာ။

ကြည်စိုးထွန်း။ ။ ကျွန်တော်တို့ အခုပြောလာလိုက်ကြတာ တော်တော် လေးလည်း အချိန်ညောင်းလာပြီ။ အချိန်ညောင်းလာတော့ ပထမပိုင်းကို ကျွန်တော်တို့ ဒီနားလေးမှာပဲ ခဏ ရပ်လိုက်ပြီးတော့ နောက်ဒုတိယပိုင်းကျမှပဲ ကျွန်တော်တို့ရဲ့ မင်းသားကြီးရဲ့ ဖြတ်သန်းလာရတဲ့ ဘဝခရီးနဲ့ ရုပ်ရှင်သမိုင်းကြောင်းလေးကို ဆက်ပြောကြပါစို့။

မင်းသားကြီးမြင့်စိုး။ ။ ဟုတ်ကဲ့ဆရာ။ ။

တွေ့ဆုံမေးမြန်း- ဒါရိုက်တာ ကြည်စိုးထွန်း