Skip to main content

နိုင်ငံတစ်ဝန်းလမ်းတံတား ပြည်သူတို့၏အကျိုးစီးပွား

ပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအမှတ်-၃)ကို အောင်မြင်စွာ တည်ဆောက်ပြီးစီးခဲ့ပြီး ဇွန် ၈ ရက်နေ့တွင် ဖွင့်လှစ်နိုင်ခဲ့ရာ ရန်ကုန်နှင့်သန်လျင်ကြား ကူးသန်းသွားလာမှု ပိုမိုလျင်မြန် ချောမွေ့သွားပြီဖြစ်သည်။ ပဲခူးမြစ်ကူးတံတားများ တစ်စင်းပြီးတစ်စင်း တည်ဆောက်ဖွင့်လှစ်နိုင်ခြင်းအားဖြင့် ရန်ကုန်နှင့်သန်လျင်တို့ တစ်ဆက်တစ်စပ်တည်းဖြစ်လာပြီး ဒေသဖွံ့ဖြိုးတိုးတက်မှုလည်း အရှိန်အဟုန်မြင့်မားလာမည်ဖြစ်သည်။

သန်လျင်တံတားအမှတ်-၃ တည်ဆောက်နေစဉ်ကာလအတွင်း နိုင်ငံရေးအပြောင်းအလဲဖြစ်ပေါ်ခဲ့ရာ တံတားတည်ဆောက်ရေးလုပ်ငန်းနှင့် ချေးငွေကိစ္စရပ်များ တုံ့ဆိုင်းသွားခဲ့သည်။ အကြိမ်ကြိမ်ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ရပြီး ရန်ပုံငွေသုံးစွဲမှုလိုအပ်ချက်ဖြစ်ပေါ်လာခြင်းအပေါ် နိုင်ငံတော်က ကျပ်ငွေ ၄၆ ဘီလီယံကျော် ထည့်ဝင်ကျခံပြီး တံတားကြီးတည်ဆောက်ပြီးစီးအောင် ဆက်လက်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏လူမှုစီးပွားဘဝများ မြင့်မားလာရေးတို့တွင် လမ်းပန်းဆက်သွယ်ရေးများ ကောင်းမွန်ရေး၊ လုံခြုံချောမွေ့ရေးတို့မှာ အခြေခံအကျဆုံးဖြစ်သည်။ နိုင်ငံအတွင်း တိုင်းဒေသကြီးများ၊ ပြည်နယ်များအတွင်း ယှက်သွယ်ဆက်စပ်ဖောက်လုပ်ထားသည့် လမ်းများ၊ တံတားများမှာ သွေးကြောများသဖွယ်ပင်ဖြစ်ပြီး ဒေသဖွံ့ဖြိုးရေးနှင့် ဒေသခံပြည်သူများ၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးတို့ကို ကောင်းစွာအထောက်အကူပြုပေးလျက်ရှိသည်။

လက်ရှိအခြေအနေတွင် အချို့သောတိုင်းဒေသကြီး၊ ပြည်နယ်တို့တွင်ရှိ အဓိကလမ်းမကြီးများ၏ လမ်းပိုင်းများကို ဖြတ်တောက်ပိတ်ဆို့ထားခြင်း၊ တံတားများကို ဖျက်ဆီးထားခြင်း၊ အချို့လမ်းပိုင်းများတွင် လက်နက်ကိုင်ဂိတ်များဖွင့်လှစ်ကာ အဆမတန်ဆက်ကြေးများ တောင်းခံခြင်း စသည်တို့ကြောင့် ဒေသခံပြည်သူများအပေါ်တွင် ဖိစီးမှုများစွာ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ မသွားမဖြစ်သွားလာကြရသည့် ဒေသခံတိုင်းရင်းသားပြည်သူများမှာ မိမိတို့သွားလိုရာခရီးကို တိုက်ရိုက် လျင်လျင်မြန်မြန်သွားလာ၍မရဘဲ အခြားလမ်းများမှ လှည့်ပတ်သွားလာကြရသဖြင့် အချိန်ကုန်၊ ငွေကြေးပိုမိုကုန်ကျကြရသည်။ ကုန်စည်စီးဆင်းမှုများ တုံ့နှေးမှု၊ ရပ်တန့်သွားမှုတို့ ဖြစ်ပေါ်ခြင်းကြောင့် စားသောက်ကုန်၊ လူသုံးကုန်များ၊ ဆေးဝါးများ ဈေးနှုန်းခေါင်ခိုက်မြင့်တက်သွားသည့်ဒဏ်ကို ဒေသခံပြည်သူများ ခံစားကြရသည်။

လမ်းတံတားများ၊ ရထားလမ်းများနှင့်တံတားများ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း၊ ပြည်သူများ ဖြတ်သန်းသွားလာမှုအပေါ် ခြိမ်းခြောက်ခြင်း၊ မော်တော်ယာဉ်များကို ပစ်ခတ်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်းတို့ကို အကြမ်းဖက်သောင်းကျန်းသူ အဖျက်သမားများက ပြုလုပ်နေကြခြင်းဖြစ်ပြီး ၎င်းတို့၏ အဖျက်လုပ်ရပ်ဒဏ်ကို ပြည်သူများက ခံစားနေကြရခြင်းဖြစ်သည်။ စင်စစ်အားဖြင့် အဆိုပါလမ်းများ၊ တံတားများ စသည်တို့မှာ အစိုးရကတည်ဆောက်ခြင်း၊ စီမံခန့်ခွဲခြင်းတို့ ပြုလုပ်ပေးခြင်း ဖြစ်သည့်တိုင် နိုင်ငံတစ်ဝန်းလုံးရှိ ပြည်သူတစ်ရပ်လုံး၏ လုပ်အား၊ ငွေကြေး၊ အကျိုးစီးပွားများပင်ဖြစ်သည်။ လမ်းများ၊ တံတားများ ပျက်စီးဆုံးရှုံးမှုသည် ပြည်သူတစ်ရပ်လုံး၏ဆုံးရှုံးမှုပင်ဖြစ်သည်ကို စဉ်းစားတွေးခေါ်တတ်သူတိုင်းက သိနားလည်ကြသည်။

သန်လျင်တံတားအမှတ်(၃) ဖွင့်ပွဲအခမ်းအနားကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ရန် ရန်ကုန် UG အကြမ်းဖက်သမားများ၏ အစီအစဉ်နှင့်စပ်လျဉ်း၍ အကြမ်းဖက်မှုကို မလိုလားသည့် ပြည်သူ များ၏ သတင်းပေးပို့ချက်အရ အချိန်မီတားဆီး၊ ဖမ်းဆီးနိုင်ခဲ့ရာ အပြစ်မဲ့ပြည်သူများ ထိခိုက်သေကျေပျက်စီးမှုမှ ကင်းဝေးခဲ့ကြရသည်။ အကြမ်းဖက်အဖျက်လုပ်ရပ်များသည် အဓိကအားဖြင့် ပြည်သူတို့၏ အသက်အိုးအိမ်အကျိုးစီးပွားတို့ကိုသာ ပျက်စီးစေခြင်း ဖြစ်သည့်အလျောက် ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ်တိုက်ဖျက်ကြရပါမည့် အကြောင်း။ ။