Skip to main content

ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ပျံလွန်တော်မူခဲ့ရသည့် ဖြစ်စဉ်နှင့်ပတ်သက်၍ ဖြစ်စဉ်မှန်ပေါ်ပေါက်ရေး စိစစ်ဖော်ထုတ်လျက်ရှိ

နေပြည်တော် ဇွန် ၂၁

မန္တလေးတိုင်းဒေသကြီး၊ မြို့သာမြို့နှင့်ကမ္မရွာအကြားတွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသနှင့် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ကန်သုံးဆင့်ပရိယတ္တိစာသင်တိုက်ဆရာတော် ဘဒ္ဒန္တဂုဏိကာဘိဝံသတို့ စီးနင်းလိုက်ပါလာသည့်မော်တော်ယာဉ် ပစ်ခတ်ခံခဲ့ရပြီး ဝင်းနိမ္မိတာရုံကျောင်းဆရာတော်ပျံလွန်တော်မူခဲ့ရကာ ကန်သုံးဆင့်ပရိယတ္တိစာသင်တိုက်ဆရာတော်နှင့် ယာဉ်မောင်းတို့တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့သည့်ဖြစ်စဉ်နှင့်ပတ်သက်၍ ဇွန် ၁၉ ရက်တွင် သတင်း ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

သို့ရာတွင် ဇွန် ၂၀ ရက်ညနေပိုင်း၌ လူမှုကွန်ရက်စာမျက်နှာများတွင် ဖြစ်စဉ်တွင်ပါဝင်ခဲ့သော ကန်သုံးဆင့်ပရိယတ္တိစာသင်တိုက်ဆရာတော် ဘဒ္ဒန္တဂုဏိကာဘိဝံသ၏ ဖြစ်စဉ်နှင့်ပတ်သက်၍ ရှင်းလင်းမိန့်ကြားမှု ဗီဒီယိုဖိုင်တစ်ခုပျံ့နှံ့လျက်ရှိကြောင်း တွေ့ရှိရသည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ ကနဦးသတင်းထုတ်ပြန်ခဲ့ရာတွင် လုံခြုံရေးတပ်ဖွဲ့အဆင့်ဆင့်မှ သတင်းပို့တင်ပြလာသည့် အချက်အလက်များကိုအခြေခံ၍ သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ဆရာတော်ကြီး၏ မိန့်ကြားမှုသည် သတင်းထုတ်ပြန်ခဲ့မှုနှင့် ကွဲလွဲမှုများဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရှိရသည်။

သို့ဖြစ်ပါ၍ ၎င်းဖြစ်စဉ်နှင့်ပတ်သက်ပြီး မြေပြင်ဖြစ်စဉ်အမှန်ပေါ်ပေါက်စေရေး လိုအပ်သည့်စိစစ်ဖော်ထုတ်မှုများ ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဖြစ်စဉ်မှန်အားသိရှိရပါက လိုအပ်သည့်အရေးယူမှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။