သွေးလွန်တုပ်ကွေးရောဂါသည် မြန်မာနိုင်ငံတွင် မိုးရာသီ ဇူလိုင်လနှင့် ဩဂုတ်လများတွင် ရောဂါကူးစက်မှုအများဆုံးဖြစ်သည်ကို တွေ့ရှိရသော်လည်း ယခုအခါ အချို့ပြည်နယ်၊ တိုင်းဒေသကြီးများတွင် တစ်နှစ်ပတ်လုံးဖြစ်ပွားလာသည်ကို တွေ့ရှိရသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကဆိုသည်။ ရောဂါကူးစက်မှုအများဆုံးသို့ မရောက်မီ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ပြည်တွင်းဒေသအသီးသီးတို့တွင် ဆောင်ရွက်လျက်ရှိရာ အများပြည်သူတို့ သွေးလွန်တုပ်ကွေးဆိုင်ရာ အသိပညာများမြင့်မားရေးနှင့် ရောဂါကာကွယ်ရေးဆိုင်ရာလုပ်ငန်းများတွင် တက်ကြွစွာပါဝင်ကြရေးတို့ အဓိကလိုအပ်သည်။
ပြီးခဲ့သည့်နှစ်က မြန်မာနိုင်ငံတွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၁၆၀၀၀ ကျော်ရှိခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီးနှင့် နေပြည်တော်ကောင်စီနယ်မြေတို့တွင် အများဆုံးဖြစ်ပွားခဲ့သည်။ နှစ်အလိုက်ပြန်ကြည့်မည်ဆိုပါက ၂၀၂၂ ခုနှစ်တွင် ရောဂါဖြစ်ပွားသူ ၂၄၉၇၁ ဦးနှင့် သေဆုံးသူ ၉၇ ဦး၊ ၂၀၂၁ ခုနှစ်တွင် ရောဂါဖြစ်ပွားသူ ၅၄၄၆ ဦး နှင့် သေဆုံးသူ ၃၆ ဦး၊ ၂၀၂၀ ပြည့်နှစ်တွင် ရောဂါဖြစ်ပွားသူ ၁၅၁၃၁ ဦးနှင့် သေဆုံးသူ ၆၈ ဦးရှိခဲ့ပြီး နှစ်စဉ်ပျမ်းမျှသေဆုံးမှု နှုန်းမှာ ၀ ဒသမ ၄ ရာခိုင်နှုန်းဖြစ်သည်။ သွေးလွန်တုပ်ကွေးဖြစ်ပွားသည့် အသက်အရွယ်အနေဖြင့် ယခင်က အသက် ၁၅ နှစ်အောက်တွင်သာ ဖြစ်ပွားမှုများပြားခဲ့သော်လည်း လွန်ခဲ့သည့် ၁၀ နှစ်ကျော်မှစ၍ အသက် ၁၅ နှစ်အထက် အသက်အရွယ်များတွင်ပါ ဖြစ်ပွားလာခဲ့ခြင်းဖြစ်သည်။
သွေးလွန်တုပ်ကွေးသည် ခြင်မှတစ်ဆင့် ကူးစက်သောရောဂါတစ်မျိုးဖြစ်ပြီး လူတစ်ဦးမှတစ်ဦးသို့ ရောဂါပိုးသယ်ဆောင်ထားသော အေးဒီးစ်ခေါ် ခြင်ကျားအမကိုက်ခြင်းမှ ကူးစက်သည်။ ရာသီတုပ်ကွေးရောဂါလက္ခဏာနှင့်ဆင်တူပြီး တစ်ခါတစ်ရံ ပြင်းထန်နိုင်၍ အသက်သေဆုံးနိုင်သည်။ မြန်မာနိုင်ငံတစ်ဝန်း မြို့ပေါ်ရော ကျေးလက်ဒေသများတွင်ပါ သွေးလွန်တုပ်ကွေး ဖြစ်ပွားသည်ကိုတွေ့ရပြီး ပြင်းထန်သည့် သွေးလွန်တုပ်ကွေး (Severe Dengue) သည် ကလေးများတွင် ရောဂါပြင်းထန်စေကာ အသက်အန္တရာယ်ရှိနိုင်သည်။ အဖျားကြီးခြင်း၊ ပြင်းထန်စွာ ခေါင်းကိုက်ခြင်း၊ မျက်လုံးနောက်တွင် နာကျင်ခြင်း၊ ကြွက်သားနှင့်အဆစ်များနာကျင်ခြင်း၊ ပြင်းထန်စွာ ဗိုက်အောင့်ဗိုက်နာခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ ခန္ဓာကိုယ်တွင် အနီကွက်များထွက်ခြင်းတို့သည် သွေးလွန်တုပ်ကွေး၏ ရောဂါလက္ခဏာများဖြစ်သည်။
သွေးလွန်တုပ်ကွေးရောဂါဟု သံသယဖြစ်ပါက ရောဂါကိုဆောလျင်စွာအတည်ပြုပြီး ထိရောက်စွာကုသနိုင်ရန် လိုအပ်သည့်အတွက် ကျွမ်းကျင်သောကျန်းမာရေးဝန်ထမ်းများထံမှ အကြံဉာဏ်များရယူရန်လိုသည်။ သွေးလွန်တုပ်ကွေးရောဂါ ကိုဖြစ်စေသော အေးဒီးစ်ခြင်ခေါ် ခြင်ကျားသည် ရေကြည်ရေသန့်တွင် ပေါက်ပွားသဖြင့် ရေစည်ရေအိုးများကို လုံခြုံစွာဖုံးအုပ်ထားရန်နှင့် ပန်းအိုးများကို အပတ်စဉ်လဲလှယ်ပေးရန်လိုသည်။ ရေတင်နိုင်သော စွန့်ပစ်ပစ္စည်းများဖြစ်သည့် ပလတ်စတစ်ဘူးခွံများ၊ ပုလင်းခွံများ၊ ကားတာယာဟောင်းများ၊ ဘက်ထရီဟောင်းစသည်တို့ကို စနစ်တကျစွန့်ပစ်ရန် လွန်စွာအရေးကြီးသည်။ အိမ်အနီးပတ်ဝန်းကျင်တွင် ခြင်မခိုအောင်းနိုင်စေရန်နှင့် မပေါက်ပွားနိုင်စေရန် အမှိုက်သရိုက်များကို ရှင်းလင်းခြင်း၊ ရေမဝပ်စေရန်၊ ရေစီးရေလာကောင်းစေရန် ဆောင်ရွက်ခြင်းတို့လည်း မဖြစ်မနေလိုအပ်သည်။
သွေးလွန်တုပ်ကွေးရောဂါသည် ကြိုတင်ကာကွယ်နိုင်သောရောဂါဖြစ်ပြီး အထက်ပါအတိုင်း လွယ်ကူရိုးရှင်းသော နည်းလမ်းများဖြင့် ရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်နိုင်သည်။ နေ့လယ်နေ့ခင်းအချိန်များတွင် ခြင်ကျားကိုက်မခံရအောင် ဝတ်ဆင်ခြင်း၊ ခြင်ထောင်ဖြင့်အိပ်စက်ခြင်းတို့သည် တစ်ဦးချင်းလုပ်ဆောင်ကြရမည့် ကာကွယ်ရေးလုပ်ငန်းစဉ်များဖြစ်သည်။ သွေးလွန်တုပ်ကွေးသည် ယခင်ဖြစ်ဖူးသူများတွင် နောက်တစ်ခါဖြစ်ပါက ပိုဆိုးတတ်ခြင်းကြောင့် အထူးသတိထားရန်လိုအပ်ပြီး ရာသီတစ်ခုတည်းမှာပင် နှစ်ခါပြန်ဖြစ်နိုင်သည့်အတွက် ပထမတစ်ခါဖြစ်ပြီးပြီဟု သဘောထားပြီး ပေါ့ဆ၍မရကြောင်း ကျန်းမာရေးပညာရှင်များက သတိပေးထားသည်။
ရာသီတိုင်းတွင် ကူးစက်နိုင်သည့် သွေးလွန်တုပ်ကွေးသည် မိုးရာသီတွင် အဖြစ်အများဆုံးဖြစ်သည့်အလျောက် ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ခြင်း၊ သွေးလွန်တုပ်ကွေးမဖြစ်ပွားစေရန် နည်းလမ်းများအတိုင်း လိုက်နာကျင့်သုံးနေထိုင်ခြင်းတို့ဖြင့် ရောဂါကူးစက်မှုဘေးမှ ကင်းဝေးနိုင်ကြပါစေကြောင်း။ ။