Skip to main content

ပညာအရည်အသွေး ကောင်းမွန်ရေး ဟန်ချက်ညီညီ ကြိုးပမ်းဆောင်ရွက်

ပညာ၏အဓိပ္ပာယ်သည် ကျယ်ပြန့်နက်ရှိုင်းလှသည်။ ပညာသည် သင်ကြားတတ်မြောက်ထားသည့် အတန်းပညာသာမက လေ့လာဆည်းပူးအားထုတ်ထားသည့် အသိပညာဗဟုသုတတို့ထက် ပိုမိုကျယ်ပြန့်နက်ရှိုင်းပေသည်။ ပညာသည် မသိခြင်းဟူသည့် အမိုက်မှောင်ကိုပင် ဖယ်ရှားနိုင်သဖြင့် “ပညာသမာ အာဘာနတ္ထိ” “ပညာနှင့်တူသော အလင်းရောင်မရှိ” ဟု မြတ်စွာဘုရားရှင်က ဟောကြားတော်မူသည်။

“ပညာဆိုသည်မှာ အသေးစိတ်သိခြင်း၊ ကျယ်ကျယ်ပြန့်ပြန့်သိခြင်းတို့ဖြစ်ကြောင်း၊ ပညာသင်ကြားခြင်းကို ကျောင်းသင်ခန်းစာများ သင်ယူခြင်း (Formal Learning) အပြင် ကျောင်းပြင်ပသင်ယူခြင်း (Non-formal Learning) နှင့် အတွေ့အကြုံများမှ ကိုယ်တိုင်လေ့လာသင်ယူခြင်း (Informal Learning) စသည်များနှင့် ရယူတတ်မြောက်နိုင်ကြောင်း၊ ထိုမှတစ်ဆင့် ဘဝတစ်သက်တာ လေ့လာသင်ယူ သွားကြရမည်လည်းဖြစ်ကြောင်း” နိုင်ငံတော်အကြီးအကဲက မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၄) ဖွင့်ပွဲတွင် ပြောကြားခဲ့သည်။

သို့ပါ၍ ကြွယ်ဝပြည့်စုံသောပညာများ အစဉ်တတ်မြောက်သည့် လူ့စွမ်းအားအရင်းအမြစ်များဖြစ်လာစေရန် ကျောင်းသင်ပညာများကို အပတ်တကုတ် လေ့လာသင်ယူပြီး ဘဝတစ်သက်တာ လေ့လာအပ်သောပညာများကို စဉ်ဆက်မပြတ်ဆည်းပူးနေခြင်းဖြင့် မိမိဘဝ၊ မိမိပတ်ဝန်းကျင်၊ မိမိနိုင်ငံကိုအကျိုးပြုသည့် နိုင်ငံ့သားကောင်းများပေါ်ထွန်းအောင် ဆောင်ရွက်ရမည်ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၏အင်အားသည် ပညာအပေါ်တွင် အခြေခံသဖြင့် ဗလငါးတန်ပြည့်ဝပြီး အသိဉာဏ်ပညာပြည့်စုံသည့် လူငယ်လူရွယ်များဖြင့် နိုင်ငံ၏အနာဂတ်ကို တည်ဆောက်ကြရမည်ဖြစ်သည်။

နိုင်ငံတော်အနေဖြင့် အသိပညာ၊ အတတ်ပညာပြည့်စုံသည့် ပညာတတ်များဖြင့် သာယာဝပြောသည့် ခေတ်မီနိုင်ငံတော်ကြီးတည်ဆောက်ရန် ဦးတည်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ အရည်အသွေးပြည့်ဝသည့် ဘက်စုံပညာရေးစနစ်ကို ကြိုးပမ်းအကောင်အထည်ဖော်လျက်ရှိသည်။ ပညာတတ်များဖြစ်မှသာ လူ့ဘဝရှင်သန်ရပ်တည်နိုင်ရန်အတွက် မရှိမဖြစ်လိုအပ်သော လုပ်ငန်းကျွမ်းကျင်မှု အရည်အသွေးများရရှိပြီး စဉ်းစားတွေးခေါ်မှု၊ ပြဿနာကိုဖြေရှင်းတတ်မှု၊ ဝေဖန်ပိုင်းခြားတတ်မှု၊ တီထွင်ကြံဆတတ်မှု၊ ပူးပေါင်းဆောင်ရွက်တတ်မှု စသည့်အရည်အသွေးများ ရရှိလာမည်ဖြစ်သည်။

အရည်အသွေးမြင့်မားသည့် ပညာရပ်များတတ်ကျွမ်းသူသည် ဆန်းသစ်တီထွင်ဖန်တီးတတ်သူ၊ ဉာဏ်ရည်မြင့်မားသူ၊ ဝီရိယရှိပြီး ကြိုးစားအားထုတ်တတ်သူဖြစ်သဖြင့် သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်များတွင် အောင်မြင်သူများဖြစ်လာပြီး ဝင်ငွေကောင်းသည့် အလုပ်အကိုင်ကောင်းများကို ပိုင်ဆိုင်နိုင်သည်။ ထို့ကြောင့် ပညာသင်ရမည့် အရွယ်ရောက်သူတိုင်း မဖြစ်မနေပညာသင်ကြားကြရမည်ဖြစ်သည်။ ကျောင်းသား ကျောင်းသူများ ကျောင်းပညာရေးတွင် ပညာတတ်၊ ပညာတော်၊ ဘက်စုံထူးချွန်သည့် လူချွန်လူမွန်များပေါ်ထွန်းလာရေးကို အလေးထားဆောင်ရွက်ပေးကြရမည်ဖြစ်သည်။

ဖြစ်ပေါ်တိုးတက်နေသော ကမ္ဘာ့အခြေအနေများအရ နိုင်ငံတကာနှင့်ရင်ပေါင် တန်းနိုင်သော လူ့စွမ်းအားအရင်းအမြစ်များ ပျိုးထောင်မွေးထုတ်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ အခြေအနေအရ လူ့ဘဝရပ်တည်ရှင်သန်ရေးအတွက် အနည်းဆုံးအဆင့် အလယ်တန်းပညာ ပြီးဆုံးသည်အထိ သင်ယူတတ်မြောက်ထားရန်လိုအပ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် လူတိုင်း KG+9 အထိ ပညာသင်ကြားရန် ဦးတည်ချက်ချမှတ်ထားသည်။ လူတိုင်း KG+9 အထိ ပြီးမြောက်အောင်မြင်ရေးအတွက် မသင်မနေရ ပညာသင်ကြားနိုင်ရေး၊ ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ကြားနိုင်ရေး၊ အထူးသဖြင့် အခိုက်အတန့် ကျောင်းအပ်လျော့နေသည့် မူလတန်းအရွယ်တိုင်း ကျောင်းအပ်နှံနိုင်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်သည်။

အလယ်တန်းနှင့်အထက်တန်းတွင် ကျောင်းဝင်နှုန်းတိုးတက်ပြီး တန်းစဉ်ကူးပြောင်းမှု မြင့်မားလာလျှင် ကျောင်းထွက်နှုန်းလည်း လျော့နည်းသွားမည်ဖြစ်သည်။ အလယ်တန်းအဆင့် အောင်မြင်ပြီးမြောက်သူများ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးနှင့် အသက်မွေးပညာရေးအပါအဝင် သင်ယူမှုအခွင့်အလမ်းများ ယခုထက်ပိုမိုတိုးတက်လာအောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။ မြန်မာနိုင်ငံသည် စိုက်ပျိုးမွေးမြူရေးကို အဓိကအားထားသည့် နိုင်ငံဖြစ်၍ ဆိုင်ရာဘာသာရပ်ကို စနစ်တကျတတ်မြောက်သည့် ကျွမ်းကျင်သူများလိုအပ်သည်။ အတန်းပညာသင်ယူတတ်မြောက်ပြီး အသိပညာဗဟုသုတကြွယ်ဝရန်အတွက် စာကြည့်တိုက်နှင့်စာဖတ်စွမ်းရည် မြင့်မားတိုးတက် လာအောင် ဆောင်ရွက်ပေးရမည်ဖြစ်သည်။

သို့ဖြစ်ရာ နိုင်ငံသူနိုင်ငံသားများအနေဖြင့် ပညာ၏တန်ဖိုးကို အလေးထားသိမြင်ပြီး အရွယ်ရောက်သူတိုင်း ပညာသင်ကြားရေးကို ဦးစားပေးဆောင်ရွက်ကြရမည်ဖြစ်သည်။ နိုင်ငံတော်အနေဖြင့် ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး၊ အရည်အသွေးရှိသည့် ဆရာ ဆရာမ လုံလောက်ရေး၊ ခေတ်မီသည့် သင်ရိုးညွှန်းတမ်းများဖြင့် အရည်အသွေးမြှင့်တင်ရေး၊ ကျောင်းသားဗဟိုပြု သင်ကြားနည်းစနစ်များမှန်ကန်ရေး၊ အကဲဖြတ်စစ်ဆေးမှု၊ စီမံခန့်ခွဲမှု၊ သက်သာချောင်ချိမှုစသည့် ကောင်းမွန်ရေးတို့ကို ဟန်ချက်ညီညီ ပြည့်စုံလုံလောက်အောင် ဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံတော်၏ပညာရေးသည် အချိန်တိုအတွင်း တိုးတက်လာမည်ဟု ယုံကြည်ပါကြောင်း။ ။