Skip to main content

အမျိုးသားရေးတာဝန်ဖြင့် အရှိန်အဟုန်မြှင့် မူးယစ်တိုက်ဖျက်

မြန်မာနိုင်ငံသည် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်သည်နှင့်အညီ မူးယစ်ဆေးဝါးတားဆီးတိုက်ဖျက်ထိန်းချုပ်ရေးလုပ်ငန်းများကို အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၊ မဟာမဲခေါင်ဒေသခွဲနိုင်ငံများ၊ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများ၊ နိုင်ငံတကာနှင့်နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ တက်ကြွစွာ ဆောင်ရွက်လျက်ရှိပြီး မူးယစ်ဆေးဝါးထုတ်လုပ်သယ်ဆောင် ရောင်းဝယ်ဖောက်ကားသူများအား နေ့စဉ်နှင့်အမျှ ဖော်ထုတ်အရေးယူလျက်ရှိသည်ကို တွေ့ရမည်ဖြစ်သည်။

ခေတ်အဆက်ဆက်အစိုးရများက မူးယစ်ဆေးဝါးပြဿနာကို ဘုံရန်သူအဖြစ်သတ်မှတ်ပြီး အမျိုးသားရေးအသွင်ဖြင့် တိုက်ဖျက်နှိမ်နင်းလျက်ရှိသည်။ မျက်မှောက်ကာလတွင်လည်း မူးယစ်ဆေးဝါးများကို အရှိန်အဟုန်မြှင့်တင် တိုက်ဖျက်နှိမ်နင်းလျက်ရှိသည်။ မူးယစ်ဆေးဝါးပြဿနာကို အလေးထားတိုက်ဖျက်နှိမ်နင်းလျက်ရှိသော်လည်း လျော့ကျသွားခြင်းမရှိဘဲ နေ့စဉ်နှင့်အမျှ အမျိုးမျိုးအဖုံဖုံ ထုတ်လုပ်ဖြန့်ချိလျက်ရှိပြီး လက်ရှိကာလတွင် အကြမ်းဖက်အဖျက်လုပ်ငန်းများတွင်ပါ အသုံးချလာကြသည်ကို တွေ့ရှိရသည်။

ပြည်သူလူထုအတွင်း၌ မူးယစ်ဆေးဝါးအန္တရာယ်ကိုကြိုတင်ကာကွယ်ခြင်းသည် ဖြစ်မှတားဆီးခြင်းထက် ပိုမိုကောင်းမွန်သဖြင့် အသိပညာပေးလုပ်ငန်းများကို ယခုထက်ပိုမိုကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သွားခြင်းဖြင့် လူငယ်လူရွယ်များအနာဂတ်ကို ကာကွယ်စောင့်ရှောက်ပေးရမည်ဖြစ်သည်။ မူးယစ်ဆေးဝါးဟူသည် တစ်ခါသုံးစွဲလိုက်သည်နှင့် စွဲမြဲသွားသည့်သဘောရှိသဖြင့် မူးယစ်ဆေးဝါးများ လက်ဝယ်ရောက်မလာရေးအလွန်အရေးကြီးပြီး မပြတ်မလပ်စောင့်ကြည့်ရေးကို အလေးထားဆောင်ရွက်ရမည်ဖြစ်သည်။ သံသယဖြစ်စရာအခြေအနေများ တွေ့ပါကလည်း အမျိုးသားရေးအသိဖြင့် ဆိုင်ရာသို့သတင်းပေးပို့ရန်လိုအပ်သည်။ ယခုအခါ ထူးထွေဆန်းပြားသော မူးယစ်ဆေးဝါးများ ပြည်သူလူထုကြားသို့ ရောက်ရှိနေသည်ကို သတိပြုရမည်ဖြစ်သည်။ ပျော်ရွှင်မှု၊ တက်ကြွမှုနှင့် စိတ်ခံစားချက်ကိုပြင်းထန်စေသော မူးယစ်ဆေးဝါးအသစ်အဆန်းများသည် လူငယ်လူရွယ်များအား အလွယ်တကူဖမ်းစားနိုင်သော ပစ္စည်းများဖြစ်သည်ကို သတိပြုရမည်ဖြစ်သည်။ နောက်ပေါ်စိတ်ကြွဆေးအမျိုးမျိုးဖြစ်သည့် K ကတ်တမင်း၊ E အက်စ်တာဆီ၊ ICE မက်သာဖက်တမင်း၊ HAPPY WATER ကတ်တမင်း၊ အမ်ဖက်တမင်း၊ ကဖိန်း၊ အက်စ်တာဆီ၊ ဒိုင်ယာဇီပင်၊ ထရာမထောစသည့် မူးယစ်ဆေးဝါးများ လူငယ်ထုကြားတွင် အလွယ်တကူ ထိုးဖောက်ဝင်ရောက်လာနေသည်ကို သတိပြုရမည်ဖြစ်သည်။

မူးယစ်ဆေးဝါးပြဿနာသည် ကမ္ဘာတစ်ဝန်းရှိသန်းပေါင်းများစွာသော လူမှုဘဝများကို ဆိုးရွားစွာထိခိုက်နေသည်။ အထူးသဖြင့် လူငယ်လူရွယ်များကို လူညွန့်တုံးအောင် ပြုလုပ်နေသည်။ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ရုပ်ပိုင်းဆိုင်ရာနှင့်စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို များစွာထိခိုက်စေပြီး ကမ္ဘာနှင့်တစ်ဝန်း လူသားအရင်းအမြစ်များ ဆုံးရှုံးမှုဖြစ်ပေါ်နေသည်။ ထို့အပြင် မူးယစ်ဆေးဝါး ထုတ်လုပ်သယ်ဆောင် ရောင်းဝယ်မှုမှ ငွေကြေးခဝါချမှု၊ အကြမ်းဖက်မှုစသည့်နိုင်ငံဖြတ်ကျော်မှုခင်းများအထိ ဖြစ်ပေါ်လာသည်။ ယခုအခါ နိုင်ငံတော်လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကိုပါ ထိခိုက်လျက်ရှိသည်။

မူးယစ်ဆေးဝါးထုတ်လုပ်ရန်အတွက် အဓိကလိုအပ်သည့် ဓာတုပစ္စည်းများမြန်မာနိုင်ငံတွင် ထုတ်လုပ်နိုင်ခြင်းမရှိပေ။ အချို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် မူးယစ်ဆေးဝါးနှင့်ပတ်သက်ခြင်းမရှိကြောင်း ပြောကြသော်လည်း ဖွံ့ဖြိုးပြီးအိမ်နီးချင်းနိုင်ငံများမှ နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် ဓာတုပစ္စည်းများနှင့် ပြည်ပဓာတုကျွမ်းကျင်ပညာရှင်များပူးပေါင်းပြီး မူးယစ်ဆေးဝါးများထုတ်လုပ်နေသည်ဟု သိရသည်။ နိုင်ငံတော်အစိုးရက မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နေချိန်တွင် မူးယစ်ဆေးဝါးဖြင့် အင်အားတောင့်တင်းလာသော အကြမ်းဖက်သောင်းကျန်းသူများက မြို့ရွာများကို ဖျက်ဆီးခြင်း၊ အင်အားတိုးချဲ့ခြင်း၊ တိုင်းရင်းသားဒေသများ မတည်မငြိမ်ဖြစ်အောင်ဆောင်ရွက်ခြင်း၊ လူမှုစီးပွားနိမ့်ကျပျက်စီးအောင်ပြုလုပ်ခြင်းတို့ လုပ်ဆောင်လျက်ရှိသည်။

လမ်းပန်းဆက်သွယ်မှုမပြတ်တောက်စေရေး၊ ဒေသတည်ငြိမ်အေးချမ်းရေး၊ သောင်းကျန်းသူများ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်မှုများကို တားဆီးနှိမ်နင်းရေးနှင့် လက်နက်ခဲယမ်းသယ်ဆောင်မှုများကိုပါ တားဆီးနိုင်ရေးအတွက် ငြိမ်းချမ်းရေးကိုလိုလားသည့် တိုင်းရင်းသားအဖွဲ့များ၊ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းလက်တွဲကာ အရှိန်အဟုန်မြှင့်တင် ဟန့်တားတိုက်ဖျက်လျက်ရှိသည်။ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးနှင့် အထူးစစ်ဆင်ရေးများကို ၂၀၁၃ ခုနှစ်မှ ယခု ၂၀၂၄ ခုနှစ်အထိ အကြိမ်ပေါင်း ၄၀ ဆောင်ရွက်နိုင်ခဲ့သည်။ သို့ဖြစ်ရာ နိုင်ငံတော်နှင့် လူမှုစီးပွားဘဝကိုဖျက်ဆီးနေသည့် မူးယစ်ဆေးဝါးအန္တရာယ်သည် ပြည်ထောင်စုတစ်ဝန်း တည်ငြိမ်အေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးတို့ကိုပါ အဟန့်အတားဖြစ်စေလျက်ရှိသဖြင့် နိုင်ငံတော်အစိုးရအနေဖြင့် နည်းလမ်းအသွယ်သွယ်ဖြင့် အရှိန်အဟုန်မြှင့်တင်တိုက်ဖျက်နှိမ်နင်းလျက်ရှိရာ တိုင်းရင်းသားပြည်သူလူထု တစ်ရပ်လုံးကလည်း အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် လက်တွဲပူးပေါင်းကူညီ တိုက်ဖျက်ကြပါရန် လေးစားစွာဖြင့် တိုက်တွန်းပါကြောင်း။