မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ လစဉ်ထုတ်ပြန်သည့် သင့်တင့်မျှတသော ဈေးကွက်ဈေးနှုန်းထက်ပိုမို၍ အမြတ်အစွန်းရယူရောင်းချနေသူများကို သက်ဆိုင်ရာအဖွဲ့အစည်းများက ဖော်ထုတ်ဖမ်းဆီးအရေးယူခဲ့သည်။ အရေးယူမှုများတွင် သတ်မှတ်ဈေးနှုန်းထက် ၁၁ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ ပိုမိုအမြတ်တင်ရောင်းချခဲ့သည့် ဆန်စပါးလုပ်ငန်းရှင် ၂၄ ဦးကို ၎င်းတို့ရရှိခဲ့သည့် အကျိုးအမြတ်များအပေါ် ဒဏ်ကြေးနှင့်အခွန် ထပ်မံစည်းကြပ်သွားမည်ဖြစ်သည်ဟုသိရပြီး သတ်မှတ်ဈေးနှုန်းထက် ၃၁ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအထိ ပိုမို၍အကျိုးအမြတ်များစွာ ရယူရောင်းချခဲ့သည့် ဆန်စပါးလုပ်ငန်းရှင် ခုနစ်ဦးကို ၂၀၁၂ ခုနှစ် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ - ၅ အရ အရေး ယူသွားမည်ဟု သိရသည်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က လစဉ်ထုတ်ပြန်သည့် ဆန်ဈေးကွက်ဈေးနှုန်းသည် ရောင်းသူ၊ ဝယ်ယူစားသုံးသူတို့အတွက် သင့်တင့်မျှတသောဈေးနှုန်းဖြစ်ပြီး အမှန်တကယ်ရောင်းချသည့် ဈေးကွက်တွင် ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအတွင်း ကွာခြားချက်ရှိနိုင်သည်။ ရှော့ပင်းမောလ်များ၊ စူပါမတ်ကတ်များ၌ ရောင်းချရာတွင် ရည်ညွှန်းဈေးနှုန်းနှင့် ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအတွင်း ကွာခြားနိုင်သည်။ ပြည်တွင်း၌ ဆန်လက်လီဈေးနှုန်းများ မြင့်တက်မှုမှာ ယခုနှစ်ဦးပိုင်းတွင် ဖြစ်ပေါ်ခဲ့ပြီး အဓိကစားကုန်ဖြစ်သည့် ဆန်ဈေးနှုန်းမြင့်တက်လာမှုက ပြည်သူလူထုကို အခက်အခဲဖြစ်ပေါ်စေရာ ဝင်ငွေနည်းပြည်သူများအပေါ် ပို၍ထိခိုက်စေသည်။ ဆန်ဈေးနှုန်းမြင့်တက် ရခြင်းနှင့်စပ်လျဉ်း၍ အခြေခံအကြောင်းရင်းများတွင် ပြီးခဲ့သည့်စပါးပေါ်ချိန်တွင် ရာသီဥတုဖောက်ပြန်ခြင်း၊ ပိုးသတ်ဆေး၊ ဓာတ်မြေဩဇာတို့အပါအဝင် သွင်းအားစုများ ဈေးနှုန်းမြင့်တက်ခြင်း၊ လယ်ယာလုပ်အားခများ ဈေးနှုန်းမြင့်တက်လာခြင်းနှင့် ဆန်စပါးစိုက်ပျိုးရာဒေသများတွင် မငြိမ်မသက်မှုများ ဖြစ်ပေါ် နေခြင်းတို့ကြောင့်ဖြစ်ကြောင်းနှင့် ယင်းထက်ပို၍ အဓိကကျသည့်အကြောင်းမှာ ဆန်စပါးဈေးကွက်အတွင်းသို့ ငွေကြေးအလုံးအရင်းကိုင်ဆောင်ထားသူများဝင်ရောက်လာကာ ဝယ်ယူသိုလှောင်ဈေးကစားမှုများ ပြုလုပ်လာခြင်းကြောင့်ဖြစ်ကြောင်းလည်း သတင်းများထွက်ပေါ်ခဲ့သည်။
ဆန်စပါးသည် မြန်မာနိုင်ငံတွင် အဓိကစားသုံးသော သီးနှံဖြစ်ပြီး မဟာဗျူဟာမြောက် သီးနှံလည်းဖြစ်သည်။ တစ်နိုင်ငံလုံးရှိ သီးနှံစိုက်ပျိုးဧရိယာအားလုံး၏ ၃၄ ရာခိုင်နှုန်း၊ ဧက အားဖြင့် ၁၇ သန်းခန့်ကို နှစ်စဉ်စိုက်ပျိုးပြီး ထွက်ရှိလာသည့်စပါးသီးနှံ၏ ၈၀ ရာခိုင်နှုန်းကို ပြည်တွင်းစားသုံးမှုနှင့် စားသောက်ကုန်အမျိုးမျိုး ထုတ်လုပ်မှုတွင်အသုံးချသည်။ ကျန် ၂၀ ရာခိုင် နှုန်းခန့်ကိုသာ ပြည်ပသို့တင်ပို့နေခြင်းဖြစ်သည်။ ဆန်စပါးသည် ပြည်တွင်းပြည်ပဈေးကွက် သေချာသောထုတ်ကုန်ဖြစ်ရာ ပြည်တွင်းဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ တိုးတက်မြင့်မားရေးအတွက် အရင်းအနှီးငွေကြေးများစွာ ကိုင်ဆောင်ထားသူများ ဝင်ရောက်ရင်းနှီးမြှုပ်နှံလုပ်ကိုင်သင့်သော ကဏ္ဍဖြစ်သည်။ ထွက်ရှိလာသည့် ဆန်စပါးအပေါ်တွင်သာ ဝယ်ယူသိုလှောင်ခြင်း၊ ဈေးကစားခြင်းတို့ပြုလုပ်၍ အမြတ်အစွန်းပိုမိုရရှိရန် ပြုလုပ် ခြင်းက စီးပွားရေးကမောက်ကမဖြစ်စေသလို ဝယ်ယူစားသုံးနေသည့် အများပြည်သူကို အခက်အခဲ၊ အကျပ်အတည်းကျရောက်စေသည်။
ဆန်စပါးကဏ္ဍတွင် မူလစိုက်ပျိုးထုတ်လုပ်သည့် တောင်သူလယ်သမားများအတွက် သွင်းအားစုကုန်ကျစရိတ်များနှင့်လျော်ညီသည့် စပါးဈေးနှုန်း၊ သိုလှောင်ကြိတ်ခွဲသူ၊ ဝယ်ယူရောင်းချသူများအတွက် သင့်တင့်သည့်အကျိုးအမြတ်နှင့် စားသုံးသူပြည်သူများအတွက်လည်း ဖြစ်သင့်သည့်ဆန်ဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရန် ဦးတည်သင့်သည်။ တစ်ခေတ်တစ်ခါက ကမ္ဘာပေါ်တွင် ဆန်အများဆုံးတင်ပို့ခဲ့သည့် နိုင်ငံတစ်နိုင်ငံ၊ ဆန်စပါးအဓိကစိုက်ပျိုးသည့် နိုင်ငံတစ်နိုင်ငံအနေဖြင့် ပြည်တွင်းစားသုံးမှုမထိခိုက်ရေး၊ ဆန်စပါးဈေးကွက် တည်ငြိမ်ရေးတို့အတွက် သက်ဆိုင်သူအားလုံးက အလေးပေးဖော်ဆောင် ကြရပါမည့်အကြောင်း။ ။