ဧရာဝတီမြစ်ညာ မြစ်ဝှမ်းဒေသများတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဇွန်လ ၃၀ ရက်မှစကာ ဧရာဝတီမြစ်ရေမြင့်တက်လာပြီး ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့ အနိမ့်ပိုင်းရပ်ကွက်များနှင့် ကျေးရွာအချို့တို့တွင် ရေကြီးရေလျှံမှုဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ မြစ်ရေဝင်ရောက်နေသည့် ရပ်ကွက်၊ ကျေးရွာများမှ ပြည်သူများ ကူညီကယ်ဆယ်ရေးတွင် နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ ပါဝင်ဆောင်ရွက်နေကြောင်း သတင်းဖော်ပြချက်များ တွေ့ရှိရပြီး စိုးရိမ်ရေမှတ်အထက်ရောက်ရှိနေသည့် မြစ်ရေမှာ နောက် ၄၈ နာရီအတွင်း ဆက်လက်မြင့်တက်နိုင်ကြောင်းလည်း သိရသည်။
မိုးသည်းထန်စွာရွာသွန်းခြင်း၊ မိုးရွာသွန်းမှုများပြားခြင်းကြောင့် ဖြစ်ပေါ်လာသည့် ရေကြီးရေလျှံမှုများမှာ မြန်မာနိုင်ငံတွင် မိုးရာသီရောက်တိုင်း နှစ်စဉ်ကြုံတွေ့နေရသည့် သဘာဝဘေးအန္တရာယ်တစ်ခု ဖြစ်လာသည်မှာ ဆယ်စုနှစ်တစ်ခုနီးပါး ရောက်ရှိလာပြီဖြစ်သည်။ တောင်ကျချောင်းရေလျှံခြင်းနှင့် မြစ်ရေကြီးခြင်းတို့အပါအဝင် သဘာဝဘေးအန္တရာယ်များမှာ ဖြစ်ပေါ်မလာစေရန် တားဆီး၍မရစေကာမူ ကြိုတင်ကာကွယ်မှုဖြင့် ဘေးဒုက္ခသက်သာလျော့ပါးစေရန် ပြုလုပ်နိုင်သည်။ မိမိနေထိုင်ရာနေရာသည် မိုးအများအပြား ရွာသွန်းမှုဖြစ်ပေါ်ပါက မြေပြို၊ တောင်ပြိုမည့် အန္တရာယ်၊ တောင်ကျချောင်းရေ ကျဆင်းတိုက်စားမည့် အန္တရာယ်၊ မြစ်ရေဝင်ရောက်မည့် အန္တရာယ်တို့ဖြစ်ပေါ်နိုင်ခြင်း ရှိ မရှိ ပထဝီအနေအထားအရ ကြိုတင်မှန်းဆကာ အန္တရာယ်ကာကွယ်နိုင်ရေးအတွက် လိုအပ်သည့် ပြင်ဆင်မှုများကို ကြိုတင်ဆောင်ရွက်ကြရမည်ဖြစ်သည်။
သဘာဝဘေးအန္တရာယ်များ ကြိုတင်ကာကွယ်နိုင်ရေးအတွက် လိုအပ်သည့် သတင်းအချက်အလက်များကို ရယူနိုင်ခြင်းသည် အရေးကြီးဆုံးအချက်ဖြစ်သည်။ အထူးသဖြင့် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အချိန်နှင့်တစ်ပြေးညီ ထုတ်လွှင့်ပေးနေသည့် မိုးလေဝသနှင့် မြစ်ရေဆိုင်ရာ သတင်းထုတ်ပြန်ချက်များကို စဉ်ဆက်မပြတ်သိရှိနေရန်လိုသည်။ ထို့အပြင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရှိ အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုဗဟိုဌာန (EOC) ကလည်း နိုင်ငံတကာ ဝက်ဘ်ဆိုက်များတွင် စောင့်ကြည့်လေ့လာ၍ မိုးရွာသွန်းမှုအခြေအနေများ၊ မြစ်ရေအခြေအနေမျာကို ပြည်သူများအား အသိပေးလျက်ရှိသည်။ ပင်မမီဒီယာကြီးများနှင့် ဆိုရှယ်မီဒီယာများမှတစ်ဆင့် စဉ်ဆက်မပြတ် ထုတ်ပြန်အသိပေးလျက်ရှိသည့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန်အချက်များကို လိုက်နာဆောင်ရွက်ခြင်းဖြင့် သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်ပေါ်လာမည့် ဒုက္ခများမှ ရှောင်လွှဲနိုင်ကြမည်ဖြစ်သည်။
မြန်မာနိုင်ငံမြောက်ပိုင်းဒေသများတွင် မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ တောင်ကျရေများကျဆင်းခြင်းနှင့် မြစ်ရေကြီးခြင်းတို့က မကြာမီမြန်မာနိုင်ငံအလယ်ပိုင်းဒေသ ချင်းတွင်းနှင့် ဧရာဝတီမြစ်ဝှမ်းဒေသများဖြစ်သည့် စစ်ကိုင်း၊ မကွေး၊ မန္တလေးတိုင်းဒေသကြီးတို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာမည့် ပဏာမအစပျိုးခြင်းဖြစ်သည်။ ရက်အနည်းငယ်အတွင်း ဖြစ်ပေါ်လာမည့် ရေဘေးအန္တရာယ်ကို နှစ်စဉ်အတွေ့အကြုံများနှင့်အညီ ကြိုတင်ပြင်ဆင်ကြရတော့မည်ဖြစ်ရာ မြစ်ကမ်းအနီးအနား နေထိုင်ကြသူများ၊ အနိမ့်ပိုင်းရပ်ကွက်၊ ကျေးရွာများ နှစ်စဉ်ရေဝင်ရောက်သည့်နေရာများတွင် နေထိုင်ကြသူများအနေဖြင့် မီဒီယာများမှတစ်ဆင့် ထုတ်ပြန်ပေးနေသည့် မိုးလေဝသနှင့် ဇလဗေဒသတင်းထုတ်ပြန်ချက်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများက ကြိုတင်သတိပေးမှုများကို အထူးဂရုပြုလိုက်နာဆောင်ရွက်ခြင်းဖြင့် ရင်ဆိုင်ကြုံတွေ့လာနိုင်သည့် ရေဘေးအန္တရာယ်မှ ကင်းဝေးနိုင်ကြပါစေကြောင်း။ ။