သမ္မာအာဇီဝဆိုသည်မှာ မှန်ကန်သောအသက်မွေးခြင်း၊ ကောင်းသောအသက် မွေးဝမ်းကျောင်းပြုခြင်းဟု တရားတော်တွင်ဆိုသည်။ ကာယဒုစရိုက် ၃ ပါး၊ ဝဇီဒုစရိုက် ၄ ပါးတို့နှင့် ကင်းလွတ်၍ မည်သူ့ကိုမျှထိခိုက်နစ်နာမှုမဖြစ်စေသော အသက်မွေးမှုကို သမ္မာအာဇီဝဟုဆိုသည်။ သမ္မာအာဇီဝသည် မဂ္ဂင်ရှစ်ပါးအမြတ်တရားတွင်ပါဝင်ပြီး မဂ်ဖိုလ်နိဗ္ဗာန်ရောက်ကြောင်းအထိပင် အထောက်အပံ့ကောင်းတစ်ခုဖြစ်သည်။
လူတို့အနေဖြင့် မိမိတို့၏ ဘဝရှင်သန်ရပ်တည်နိုင်ရေးအတွက်သော်လည်းကောင်း၊ ကြီးပွားချမ်းသာရေးအတွက်သော်လည်းကောင်း အသက်မွေးမှု သို့မဟုတ် စီးပွားဥစ္စာရှာဖွေမှုတစ်မျိုးမျိုးကို နေ့စဉ်ပြုလုပ်နေကြသည်။ ထိုသို့ပြုလုပ်ကြရာတွင် မိမိတို့ပြုလုပ်ကြသည့်အလုပ်တိုင်းအတွက် သမ္မာအာဇီဝဖြစ်ဖို့ သတိပြုကြရမည်ဖြစ်သည်။ မည်သူ့ကိုမျှ ထိခိုက်နစ်နာမှုမဖြစ်စေသည့် ကောင်းမွန်သည့်အလုပ်ကို လုပ်ကိုင်ကြရမည်ဖြစ်သည်။ မိမိအကျိုး၊ သူတစ်ပါးအကျိုး မျှတစွာအသက်မွေးသည့်အလုပ်ကို လုပ်ကိုင်ကြရမည်ဖြစ်သည်။
မိမိတို့၏ အကျိုးစီးပွားဖြစ်ထွန်းအောင် စီးပွားဥစ္စာရှာဖွေကြရာတွင် သမ္မာအာဇီဝဖြင့် အလုပ်လုပ်ကြမှသာ မိမိနှင့်အများသူငါ ကိုယ်စိတ်နှစ်ပါးချမ်းသာ ကျေနပ်နှစ်သက်မှုကိုဖြစ်စေပြီး ယခုဘဝအတွက်သာမက နောင်သံသရာဘဝများအတွက်ပါ ကောင်းကျိုးအဖြာဖြာ ပြည့်စုံစေမည်ဖြစ်သည်။ မြန်မာမှုနယ်ပယ်တွင် မလှူတတ်လျှင် ဈေးရောင်းဆိုသကဲ့သို့ မိမိအတွက် အကျိုးအမြတ်ဖြစ်ထွန်းရေး တစ်ခုတည်းကိုမကြည့်ဘဲ အများပြည်သူစားသုံးသူတို့ အဆင်ပြေအောင် ရောင်းချပေးခြင်းဖြင့် အလှူတစ်ခုပြုလုပ်သလို ကုသိုလ်ဖြစ်စေနိုင်ပါသည်။
သမ္မာအာဇီဝနှင့်ဆန့်ကျင်ဘက်ဖြစ်သော မတော်လောဘဖြင့် အဆမတန် အမြတ်တင်ရောင်းချလုပ်ကိုင်ပါက မိမိအတွက် အကျိုးအမြတ်များစွာ ဖြစ်ထွန်းသော်လည်း အများပြည်သူစားသုံးသူတို့ ကိုယ်စိတ်နှစ်ပါးဆင်းရဲကျပ်တည်းမှုဖြစ်စေသဖြင့် အကုသိုလ်ဖြစ်စေသော အသက်မွေးမှုကို နေ့စဉ်ပြုလုပ်နေသလိုဖြစ်နေသည်။ ယခုဘဝတွင် ကြီးပွားချမ်းသာသော်လည်း သံသရာအတွက် ရင်လေးဖွယ်ဖြစ်သည်။ မတော်လောဘဖြင့် စီးပွားရှာဖွေသောကြောင့် အများအကျိုးစီးပွားထိခိုက်မှုဖြစ်စေသဖြင့် ဥပဒေအရ အရေးယူခြင်းကိုလည်း ခံရနိုင်သည်။
မြန်မာနိုင်ငံတွင် အခြေခံလူတန်းစားများမှာအများစုဖြစ်ပြီး ဆင်းရဲနွမ်းပါးမှု ရာခိုင်နှုန်းမှာလည်း ကျဆင်းခြင်းမရှိသေးပေ။ မျက်မှောက်ကာလတွင် ကုန်ဈေးနှုန်းများ တစ်နေ့တခြား ကြီးမြင့်လာမှုကြောင့် လူလတ်တန်းစားများပင် ပျောက်ကွယ်သွားပြီး အခြေခံလူတန်းစား အများစုဖြစ်လာသည်။ ကုန်ဈေးနှုန်းကြီးမြင့်လာရခြင်းသည် စီးပွားရေးသဘောအရ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်သည်ကို လက်ခံရမည်မှန်သော်လည်း မတော်လောဘဖြင့် စီးပွားဥစ္စာရှာဖွေနေခြင်းမှာမဖြစ်သင့်ပေ။ ဖြစ်သင့်ဖြစ်ထိုက်သော အတက်အကျဈေးနှုန်းများ ရှိရမည်ဖြစ်သည်။
ယခုအခါ မတော်လောဘကြောင့် အကျဈေးနှုန်းမရှိဘဲ အဆမတန်ဈေးနှုန်းတက်နေသဖြင့် စားသုံးသူပြည်သူများ အကျပ်အတည်းတွေ့နေသည်။ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်ပြီး ဆန်ကို အဓိကစားသုံးသောနိုင်ငံဖြစ်၍ ဆန်ဈေးနှုန်းမတန်တဆမြင့်မားလာခြင်းသည် ပြည်သူများအားလုံးကို ကြီးစွာထိခိုက်မှုဖြစ်စေသည်။ ကုန်ပစ္စည်းအရောင်းအဝယ်သဘောအရ သင့်တင့်မျှတသော ရာခိုင်နှုန်းဖြင့် ဈေးနှုန်းတက်ရမည်ဖြစ်သော်လည်း မတန်တဆဈေးနှုန်းမြင့်လာသောကြောင့် နိုင်ငံတော်အနေဖြင့် အများပြည်သူအကျိုးစီးပွားကိုရှေးရှု၍ မတော်လောဘ စီးပွားရေးသမားများကို အရေးယူရသည့်အဖြစ်များရှိလာသည်။
နိုင်ငံတော်အနေဖြင့် စီးပွားရေးတည်ငြိမ်ဖွံ့ဖြိုးတိုးတက်စေရန် အဘက်ဘက်မှ ကြိုးပမ်းဆောင်ရွက်လျက်ရှိရာတွင် အချို့လုပ်ငန်းရှင်များသည် မတော်လောဘ သို့မဟုတ် စီးပွားရေးကမောက်ကမဖြစ်ရန်ရည်ရွယ်ပြီး ဆန်ဈေးနှုန်းများအဆမတန် မြှင့်တင်ရောင်းချခဲ့သည်ကို တွေ့ရသည်။ ထို့ကြောင့် ဖော်ထုတ်စစ်ဆေးခဲ့ရာ သင့်တင့်မျှတသော ဈေးကွက်ဈေးနှုန်းထက် ၁၀ ရာခိုင်နှုန်းအမြတ်တင်ရောင်းချသော ဆန်းစပါးလုပ်ငန်းရှင် ၂၇ ဦး၊ ၁၁ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ အမြတ်တင်ရောင်းချသော လုပ်ငန်းရှင် ၂၄ ဦး၊ ၃၁ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအထိ အမြတ်တင်ရောင်းချသော လုပ်ငန်းရှင်ခုနစ်ဦးကို စိစစ်တွေ့ရှိခဲ့သည်။
ထို့အပြင် ဆန်များအားဈေးကွက်ဈေးနှုန်းထက် ပိုမိုအမြတ်တင်ရောင်းချသည့် ဈေးဝယ်စင်တာနှင့် စတိုးဆိုင် ၅၃ ဆိုင်ကို စစ်ဆေးခဲ့ရာ သင့်တင့်မျှတသော ဈေးကွက်ဈေးနှုန်းထက် ၂၀ ရာခိုင်နှုန်းအမြတ်တင်ရောင်းချသော စတိုးဆိုင်တစ်ဆိုင်၊ ၂၁ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိ အမြတ်တင်ရောင်းချသော ဈေးဝယ်စင်တာနှင့် စတိုးဆိုင် ၃၀၊ ၅၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအထိ အမြတ်တင်ရောင်းချသည့် ဈေးဝယ်စင်တာ ၂၂ ဆိုင် စိစစ်တွေ့ရှိခဲ့သည်။ အဆိုပါ ဆန်စပါးနှင့်ပတ်သက်၍ အမြတ်အစွန်းများစွာရယူသည့် လုပ်ငန်းရှင်များနှင့် ဈေးဝယ်စင်တာနှင့် စတိုးဆိုင်များမှ တာဝန်ရှိသူများအား ဥပဒေအရအရေးယူမှုများ ဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ရာ နိုင်ငံတော်နှင့်အများပြည်သူအကျိုးစီးပွားကို ရှေးရှု၍ အသက်မွေး လုပ်ငန်းများဆောင်ရွက်ရာတွင် သမ္မာအာဇီဝကျကျ မိမိအကျိုး၊ အများအကျိုး အတ္တ-ပရ မျှတစွာဖြင့် လုပ်ကိုင်ဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။