Skip to main content

နိုင်ငံတိုးတက်ရေးကြိုးပမ်းကြသူများအား ဂုဏ်ပြု

ဗလငါးတန်နှင့်ပြည့်ဝသော လူငယ်လူရွယ်များ ပြုစုပျိုးထောင်ပေးနိုင်မှ ပိုမိုကောင်းမွန်သော အနာဂတ်နိုင်ငံတော်ကို တည်ဆောက်နိုင်မည်ဖြစ်သည်။ လူငယ်လူရွယ်များ ဗလငါးတန်ပြည့်ဝရေး၊ အရည်အသွေးပြည့်ဝသော လူ့စွမ်းအားအရင်းအမြစ်များ ပျိုးထောင်ရေးအတွက် စဉ်ဆက်မပြတ် ပညာသင်ကြားရေးနှင့် ပညာရည်မြင့်မားရေးကို အလေးထားဆောင်ရွက်ကြရမည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ ပညာရေးကွင်းဆက်တစ်လျှောက်၌ ကျောင်းထွက်နှုန်းများပြီး ပညာတတ်သူနည်းပါးလာမည့် အခြေအနေရှိသောကြောင့် ပညာရေးမြှင့်တင်မှုလုပ်ငန်းများကို နိုင်ငံတော်က စဉ်ဆက်မပြတ် အလေးထားဆောင်ရွက်ပေးလျက်ရှိသည်။ ပညာတတ်များ၊ လူ့စွမ်းအားအရင်းအမြစ်များ ပြုစုပျိုးထောင်ရေးတွင် မိခင်များနှင့် ဆရာမများဖြစ်သည့် အမျိုးသမီးများ၏ အခန်းကဏ္ဍသည် အဓိကကျသည့်အနေအထားဖြင့် ပါဝင်ဆောင်ရွက်နေသည်ကို တွေ့မြင်ရမည်ဖြစ်သည်။ ပညာရည်မြင့်မားလာမှု အညွှန်းကိန်းများတွင် အမျိုးသမီးများ၏ စွမ်းဆောင်ရည်များကို အားတက်ဖွယ်မြင်တွေ့နေရသည်။

“ဒေသအလိုက် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးကဏ္ဍတွေမှာ ကွာဟချက်မကြီးမားစေရေးအတွက် အတတ်ပညာတတ်မြောက်ပြီး အသိပညာပြည့်စုံတဲ့ ပညာတတ်များပေါများဖို့လည်း လိုအပ်ပါတယ်။ အတန်းပညာရှိမှ အသိပညာနဲ့ အတတ်ပညာရဖို့ လွယ်ကူမှာဖြစ်ပြီး လူငယ်များမိမိခြေထောက်ပေါ် ရပ်တည်နိုင်စေဖို့အတွက် အသိပညာများ၊ အတတ်ပညာများ သင်ကြားလေ့ကျင့် ပေးရမှာဖြစ်ပါတယ်” ဟု ၂၀၂၄ ခုနှစ် မြန်မာအမျိုးသမီးများနေ့ အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၌ ပညာရေးနိမ့်ကျမှုကို မြှင့်တင်နိုင်ရန်အတွက် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်လျက်ရှိသည်။ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေနိုင်ရေး၊ ကျောင်းနေသည့်ကလေးတိုင်း အနည်းဆုံးအခြေခံပညာအဆင့်၌ KG+9 အထိ ပြီးမြောက်အောင်သင်ယူရေး မူဝါဒချမှတ်ဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် အချိန်မတိုင်မီကျောင်းမထွက်ကြစေရေး၊ တန်းစဉ်ကူးပြောင်းမှုမလျော့ နည်းစေရေးနှင့် အသက်မွေးဝမ်းကျောင်းပညာနှင့် အဆင့်မြင့်ပညာများ သင်ယူပြီးမြောက်ရေးအတွက် မိဘအုပ်ထိန်းသူများ၊ ဆရာ ဆရာမများ၊ သက်ဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

လူငယ်လူရွယ်များ အသိပညာ၊ အတတ်ပညာတတ်မြောက်ရေးကို ဆောင်ရွက်ရာ၌ အမျိုးသမီးများအနေဖြင့် တစ်မူထူးခြားစွာ ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်ကို တွေ့ရမည်ဖြစ်သည်။ အမျိုးသမီးငယ်များအနေဖြင့် ပညာစတင်သင်ကြားရေးတွင် အားနည်းခဲ့သော်လည်း စဉ်ဆက်မပြတ် ပညာသင်ကြားရေးနှင့် ပညာအမွေဆက်လက်ပေးဝေရေး၌ အားကောင်းလာသည်ကို တွေ့ရသည်။ ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ ကျောင်းမနေဖူးသူနိုင်ငံသားများတွင် အမျိုးသားများထက် အမျိုးသမီးများက ပိုများခဲ့သည်။ အမျိုးသားများအနေဖြင့် ကျောင်းထွက် နှုန်းပိုများပြီး အမျိုးသမီးအများစုမှာ ပညာဆက်လက်သင်ကြားကြသည်ကို တွေ့ရသည်။

လက်ရှိတွင် အမျိုးသမီးများအနေဖြင့် အခြေခံပညာကဏ္ဍ၌ ၅၀ ရာခိုင်နှုန်းကျော်၊ အဆင့်မြင့်ပညာကဏ္ဍ၌ ၆၀ ရာခိုင်နှုန်းကျော်၊ သိပ္ပံနှင့်နည်းပညာကဏ္ဍ၌ ၅၀ ရာခိုင်နှုန်းနီးပါး၊ ဆေးပညာကဏ္ဍ၌ ၇၀ ရာခိုင်နှုန်းကျော် ပညာသင်ကြားနေကြ သည်ကိုတွေ့ရသည်။ ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများတွင် အမျိုးသမီးများက ၆၀ ရာခိုင်နှုန်းကျော် အောင်မြင်ခဲ့သည်။ ပညာအမွေပေးဝေမှုများနှင့်ပတ်သက်၍ ပညာရေးနယ်ပယ်အားလုံးတွင် အမျိုးသမီးများသည် ၈၀ ရာခိုင်နှုန်းကျော် သင်ကြားရေးတာဝန်ထမ်းဆောင်နေကြသည်ကို တွေ့ရသည်။ ထို့ကြောင့် ပညာရည်မြင့်မားရေး၊ လူ့စွမ်းအားအရင်းအမြစ်များပျိုးထောင်ရေး၊ လူငယ်လူရွယ်များ ဗလငါးတန်ပြည့်ဝရေးတို့ဆောင်ရွက်ရာ၌ အမျိုးသမီးများ၏ အခန်းကဏ္ဍသည် အလွန်အရေးပါလျက်ရှိနေသည်ကို တွေ့ရမည်ဖြစ်သည်။

မျက်မှောက်ကာလတွင် ပြည်ထောင်စုတစ်ဝန်းလုံး ဘက်စုံဖွံ့ဖြိုးတိုးတက်လာရေးကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ကြရာတွင် ပြည်ထောင်စုဖွား အမျိုးသားများနှင့်တန်းတူ အမျိုးသမီးများကလည်း တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်နေကြသည်ကို တွေ့ရမည်ဖြစ်သည်။ ထို့အပြင် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် နိုင်ငံတော်လုံခြုံရေး၊ ကာကွယ်ရေးလုပ်ငန်းများအပါအဝင် ကဏ္ဍပေါင်းစုံ၊ ဘက်ပေါင်းစုံ၊ နယ်ပယ်အသီးသီးတို့တွင် ကာယအား၊ ဉာဏအားများဖြင့် နိုင်ငံတော်နှင့် နိုင်ငံသူနိုင်ငံသားများအကျိုးကို အမျိုးသားများနှင့်တန်းတူ စွမ်းစွမ်းတမံ ပါဝင်ထမ်းဆောင်လျက်ရှိသည်။

သို့ဖြစ်ရာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံ၏အနာဂတ် ပိုမိုကောင်းမွန်လာရေးအတွက် လူငယ်လူရွယ်များအား ဗလငါးတန်ပြည့်ဝသူများဖြစ်လာရေး၊ အရည်အချင်းပြည့်ဝသည့် ကျွမ်းကျင်သူများ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ ဖြစ်လာရေးအတွက် ပြုစုပျိုးထောင်ပေးရေးအပြင် နိုင်ငံတော်၏ကျရာကဏ္ဍတွင် အမျိုးသားများနှင့်တန်းတူ တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်နေကြသည့် အမျိုးသမီးများကို မြှင့်တင်အားပေးပြီး ဂုဏ်ပြုလိုက်ရပါကြောင်း။ ။