တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှန်တုန်းပြည်နယ် ချင်းတောင်မြို့၌ ဇူလိုင်လ ၈ ရက်နေ့က ကျင်းပသည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO)၏ စိမ်းလန်းသောဖွံ့ဖြိုးမှုဖိုရမ်သို့ အဖွဲ့ဝင်နိုင်ငံများ၊ လေ့လာသူနိုင်ငံများနှင့် ဆွေးနွေးဖက်နိုင်ငံများမှ နိုင်ငံ့ကိုယ်စားလှယ်များ တက်ရောက်ကြရာ ဖိုရမ်ဖွင့်ပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း မိန့်ခွန်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့် ၂၀၂၃ ခုနှစ်မှစတင်၍ SCO ဆွေးနွေးဖက်နိုင်ငံအဖြစ် ပါဝင်ခွင့်ရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်းနှင့် အဖွဲ့ဝင်နိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှုနှင့် မိတ်ဖက်ဆက်ဆံရေးများကို ပိုမိုခိုင်မြဲစေရန် ဆောင်ရွက်သွားနိုင်ရန် မျှော်လင့်ပါကြောင်း၊ မိမိတို့၏စုပေါင်းအင်အားများ၊ သယံဇာတများနှင့် ကျွမ်းကျင်ပညာရှင်များ၏ ပေါင်းစည်းမှုအင်အားဖြင့် စိမ်းလန်းသောဖွံ့ဖြိုးတိုးတက်မှုနှင့် အနာဂတ်မျိုးဆက်သစ်များအတွက် စဉ်ဆက်မပြတ် တည်တံ့ခိုင်မြဲသည့် အနာဂတ်ကို အတူတကွ ဖော်ဆောင်သွားနိုင်မည်ဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြားခဲ့သည်။
ရေ၊ မြေ၊ လေ၊ ဇီဝအဝန်းအဝိုင်းများနှင့် ဖွဲ့စည်းထားသည့် ကမ္ဘာမြေစနစ်နှင့် လူသားများသည် အပြန်အလှန်ဆက်နွှယ်မှုရှိပြီး လူသားများကြောင့် သဘာဝပတ်ဝန်းကျင်မပျက်စီးစေရေး ကာကွယ်ထိန်းသိမ်းရေး အထူးလိုအပ်လာသည်။ ယခုကျင်းပသောဖိုရမ်တွင် ဂေဟစနစ်ပြောင်းလဲမှုနှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းကာကွယ်ရေး၊ စွမ်းအင်အသွင်ကူးပြောင်းရေးအတွက် တီထွင်ဆန်းသစ်ရေး၊ အစိမ်းရောင်ဖွံ့ဖြိုးမှုအတွက် လူနေမှုစနစ်အသွင်ကူးပြောင်းရေး၊ ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေးတို့ကို ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များနှင့် ပညာရှင်များက ဆွေးနွေးကြရာ ဖိုရမ်သည် ဒေသတွင်းပူးပေါင်းဆောင် ရွက်မှုမြှင့်တင်ပေးနိုင်မည့် အခွင့်အလမ်းပလက်ဖောင်းတစ်ခု ဖြစ်လာသည်။
မြန်မာနိုင်ငံတွင် သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်တိုးတက်ကောင်းမွန်ပြီး ရေရှည်လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိမ်းရောင်ဖွံ့ဖြိုးရေး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိပြီး သဘာဝအခြေခံဖြေရှင်းနည်းများဖြင့် ဦးစားပေးဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံသည် ရှည်လျားသည့် ကမ်းရိုးတန်းဒေသနှင့် ကျယ်ပြန့်သည့်အဏ္ဏဝါတို့ကို ပိုင်ဆိုင်ထားသည်။ အဆိုပါသယံဇာတအရင်းအမြစ်များ ရေရှည်တည်တံ့စွာထုတ်ယူသုံးစွဲနိုင်ရန် အပြာရောင်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဖြင့် အထောက်အကူပြုလျက်ရှိသည်။ တစ်ဖက်တွင် အဏ္ဏဝါပြင်လေ့လာရေးကို အစိမ်းရောင်ခရီးသွားမြှင့်တင်ရေးကဏ္ဍအဖြစ် စီမံဆောင်ရွက်ထားသည်။
မြန်မာနိုင်ငံအနေဖြင့် သစ်တောပြုန်းတီးမှုကိုလျှော့ချပြီး ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေးတို့ကို အထောက်အကူပြုရန်အတွက် သဘာဝထိန်းသိမ်းရေးနယ်မြေကို နိုင်ငံဧရိယာ၏ ၁၀ ရာခိုင်နှုန်း၊ သစ်တောကြိုးဝိုင်းဧရိယာကို နိုင်ငံဧရိယာ၏ ၃၀ ရာခိုင်နှုန်း တိုးမြှင့်သတ်မှတ်ဆောင်ရွက်လျက်ရှိသည်။ ယခုအခါ အာဆီယံအမွေအနှစ်ဥယျာဉ် (၈)ခု၊ ရမ်ဆာရေဝပ်ဒေသ (၇)ခု၊ လူသားနှင့် ဇီဝအဝန်းနယ်မြေ(၂)ခုအပါအဝင် သဘာဝထိန်းသိမ်းရေးနယ်မြေ(၅၉)ခု၊ အရှေ့အာရှ-ဩစတြေးလျ ငှက်ပျံသန်းရာလမ်းကြောင်းကွန်ရက်နယ်မြေ(၈)ခုနှင့် ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးအခြေပြု ခရီးသွားလုပ်ငန်းစခန်း(၂၂)ခုတို့ကို သတ်မှတ်ပြီး သဘာဝအခြေခံခရီးသွားလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် အများပြည်သူအကြား သဘာဝ၏တန်ဖိုးကို ပိုမိုနားလည်လာစေရန် ရည်ရွယ်ပြီး မြန်မာ့သဘာဝထိန်းသိမ်းရေးနယ်မြေများကို ယူနက်စကိုအသိအမှတ်ပြု လူသားနှင့် ဇီဝအဝန်းနယ်မြေများအဖြစ် အင်းတော်ကြီးကန် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောနှင့် အင်းလေးကန် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတို့ကို ယူနက်စကို စံချိန်စံညွှန်းများနှင့်အညီ သတ်မှတ်နိုင်ခဲ့သည်။ တစ်ဖက်တွင် သစ်တောများပြန်လည်တည်ထောင်ခြင်း၊ သဘာဝထိန်းသိမ်းရေးနယ်မြေများတွင် ဇီဝမျိုးစုံမျိုးကွဲများအတွက် နေရင်းဒေသများ ပြန်လည်တည်ထောင်ခြင်း၊ သစ်တောပြုန်းတီးခြင်းနှင့် သစ်တောအတန်းအစားကျဆင်းခြင်းမှ ကာဗွန်ထုတ်လုပ်မှု လျော့ကျခြင်းတို့ကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
အလားတူ ဒေသခံပြည်သူများ ပူးပေါင်းဆောင်ရွက်မှုဖြင့် အစုအဖွဲ့ပိုင် သစ်တောစိုက်ခင်းများထူထောင်ခြင်းနှင့် ပုဂ္ဂလိကကဏ္ဍမြှင့်တင်ရန်အတွက် ပုဂ္ဂလိက သစ်တောစိုက်ခင်းများ တည်ထောင်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။ ယခုမိုးရာသီကာလတွင် အစိမ်းရောင်လှုပ်ရှားမှုအဖြစ် သစ်ပင် ၂၂ သန်း စိုက်ပျိုးလျက်ရှိသည်။ ထို့အပြင် ကုလသမဂ္ဂ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ဒေသတွင်းနိုင်ငံများပူးပေါင်းလျက် အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှုလျှော့ချရေး၊ ကဏ္ဍအလိုက် ကာဗွန်ထုတ်လုပ်မှုလျှော့ချရေး၊ နေ၊ လေ၊ ရေ အခြေပြုသည့် ပြန်ပြည့်မြဲစွမ်းအင်မှ လျှပ်စစ်ထုတ်လုပ်မှု၊ စွန့်ပစ်အမှိုက်မှ လျှပ်စစ်ထုတ်လုပ်မှု၊ စွမ်းအားမြှင့်မီးဖိုများဖြန့်ဝေမှု၊ ဒီရေတောများ တည်ထောင်ခြင်းနှင့် ထိန်းသိမ်းခြင်းတို့ကို တိုးမြှင့်ဖော်ဆောင်လျက်ရှိသည်။
သို့ဖြစ်ရာ စီးပွားရေး၊ လူမှုရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ဟန်ချက်ညီညီ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိမ်းရောင်စီးပွားရေး အထောက်အကူပြု အစိမ်းရောင်ရင်းနှီးမြှုပ်နှံမှုများကို အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုများဖြင့် ဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုကို အလေးထား မြှင့်တင်ဆောင်ရွက်လျက်ရှိပါကြောင်း။ ။