ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားခြင်းကြောင့် ဆေးရုံတက်ရောက်ကုသမှုခံယူသူများအနက် အချို့မှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေခြင်းဖြစ်သည်ဟု သိရသည်။ ဤရောဂါသည် မသန့်ရှင်းသော အစားအစာ၊ မသန့်ရှင်းသော ရေတို့ကို စားသောက်မိရာမှ ရောဂါပိုးများ လူ့ခန္ဓာကိုယ်တွင်း ရောက်ရှိသွားပြီး ရောဂါကူးစက်ဖြစ်ပွားခြင်းဖြစ်သည်။
ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ (ကာလဝမ်းရောဂါ) သည် Vibrio Cholerae ခေါ် ကာလဝမ်းရောဂါပိုးကြောင့်ဖြစ်ပြီး ရောဂါဖြစ်သူစွန့်လိုက်သည့် မစင်တွင် ၎င်းရောဂါပိုးများ ပါဝင်နေသည်။ မစင်၌ ပါဝင်နေသည့် ရောဂါပိုးများသည် သန့်ရှင်းမှုအားနည်းချက်များကြောင့် မိမိတို့၏ လက်၊ ပါးစပ်တို့မှတစ်ဆင့် ဝမ်းထဲသို့ ရောက်ရှိသွားကာ ရောဂါဝေဒနာကူးစက်ခံစားရခြင်းဖြစ်သည်။ မသန့်ရှင်းသောရေကို သောက်သုံးမိခြင်း၊ ယင်နားထားသည့် အစားအစာများ၊ မသန့်ရှင်းသည့် အစားအစာများကို စားသုံးမိခြင်း၊ အညစ်အကြေးများကိုင်တွယ်ခြင်း၊ အိမ်သာတက်ခြင်းတို့ ပြုလုပ်ပြီးနောက် လက်ကိုဆပ်ပြာဖြင့် စင်ကြယ်စွာ ဆေးကြောမှုမပြုခြင်း၊ အစာမစားမီ လက်ကိုစင်ကြယ်စွာ မဆေးခြင်း၊ ယင်လုံအိမ်သာသုံးစွဲမှု အားနည်းခြင်း၊ ပတ်ဝန်းကျင်သန့်ရှင်းမှုနှင့် တစ်ကိုယ်ရေသန့်ရှင်းမှုအားနည်းခြင်းတို့သည် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကူးစက်ဖြစ်ပွားလာစေရန် ဖိတ်ခေါ်နေခြင်းပင်ဖြစ်သည်။
ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ (ကာလဝမ်းရောဂါ) သည် ရောဂါပြင်းထန်ပြီး အချိန်မီဆေးကုသမှုခံယူခြင်းမရှိပါက အသက်ဆုံးရှုံးနိုင်သည့်ရောဂါဖြစ်ရာ ဤရောဂါဟု သံသယရှိပါက ဆောလျင်စွာ ကုသနိုင်ရန် လိုအပ်သည်။ ဝမ်းလျှောရောဂါ ပြင်းထန်ပါက အရည်ဝမ်းသွားခြင်း၊ အော့အန်ခြင်းတို့ကြောင့် ခန္ဓာကိုယ်အတွင်းရှိ ရေနှင့် ဓာတ်ဆားများ လျင်မြန်စွာ ကုန်ခန်းပြီး အားအင်လည်း ဆုတ်ယုတ်ကာ ကြွက်တက်ခြင်း၊ သတိလစ်ခြင်းတို့ဖြစ်ပွားပြီး အချိန်တိုအတွင်း အသက်သေဆုံးသည်အထိ ဖြစ်နိုင်သည်။ သို့ဖြစ်ရာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါလက္ခဏာများ တွေ့ရှိပါက အသက်ဆုံးရှုံးမှုမှ ကာကွယ်နိုင်ရန် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းသို့ အမြန်ဆုံး သွားရောက်ကုသကြရန်နှင့် နီးရာဆေးဆိုင်များမှ ဆေးများဝယ်သောက်ပြီး အချိန်မဖြုန်းမိစေရန် တိုက်တွန်းလိုသည်။
ကာလဝမ်းရောဂါသည် မသန့်ရှင်းခြင်းကြောင့်ဖြစ်ရာ လူတစ်ဦးချင်းစီ၏ တစ်ကိုယ်ရေသန့်ရှင်းရေး၊ နေအိမ်သန့်ရှင်းရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးတို့ကို ဂရုတစိုက်ဆောင်ရွက်ခြင်းဖြင့် ရောဂါကူးစက်မှုမဖြစ်စေရန် ကာကွယ်တားဆီးနိုင်သည်။ ရေကို ကျိုချက်၍လည်းကောင်း၊ ကလိုရင်းခတ်၍လည်းကောင်း သောက်သုံးခြင်း၊ အစားအစာများကို ယင်မနားအောင် ဖုံးအုပ်ထားပြီး ပူပူနွေးနွေးချက်ပြုတ်စားသောက်ခြင်း၊ မလတ်ဆတ်သော အစားအစာများ၊ အမှည့်လွန်အသီးများကို ရှောင်ကြဉ်ခြင်း၊ အစားအစာများကို ကိုင်တွယ်ခြင်း၊ စားသုံးရန် ပြင်ဆင်ခြင်း၊ စားသုံးခြင်းတို့မပြုမီ လက်ကိုစင်ကြယ်အောင်ဆေးကြောခြင်း၊ သန့်ရှင်းသော ယင်လုံအိမ်သာ ဆောက်လုပ်အသုံးပြုခြင်း၊ ဝမ်းပျက်ဝမ်းလျှောလူနာများ၏ အဝတ်အစားများကို အများသုံးရေကန်များ၊ မြစ်ချောင်းများနှင့်ဝေးရာတွင် လျှော်ဖွပ်ခြင်း၊ မစင်များကို ယင်မနားစေရန် စနစ်တကျစွန့်ပစ်ခြင်းစသည့် နည်းလမ်းများဖြင့် ကာလဝမ်းရောဂါမဖြစ်စေရန် ကာကွယ်နိုင်သည်။
ဝမ်းပျက်ဝမ်းလျှောရောဂါသည် လျင်မြန်စွာ ကူးစက်နိုင်သည့် ရောဂါဖြစ်ရာ လူအများ စုပေါင်းနေထိုင်သည့်တန်းလျားများ၊ စုပေါင်းအိမ်ရာများ၊ ဘော်ဒါဆောင်များ၊ စာသင်တိုက်များ၊ ဘာသာရေးကျောင်းများစသည့်နေရာများတွင် သန့်ရှင်းရေးကို အထူးအလေးဂရုပြုကြရန် လိုသည်။ ရောဂါဖြစ်ပွားပြီဆိုပါက တစ်ဦးမှစ၍ တစ်ရာဆိုသကဲ့သို့ပင် ကူးစက်ပြန့်ပွားသွားနိုင်သည်ဖြစ်ရာ လူတိုင်းလူတိုင်းက ကျန်းမာရေးအသိ၊ ကျန်းမာရေးသတိတို့ဖြင့် တစ်ကိုယ်ရေသန့်ရှင်းရေး၊ မိမိတို့နေထိုင်ရာ ပတ်ဝန်းကျင်သန့်ရှင်းရေး အလေးထားပူးပေါင်းဆောင်ရွက်ကြရပါမည့်အကြောင်း။ ။