ပေါ်ဆန်းဟုဆိုလျှင် အရည်အသွေးကောင်းသည့် ဆန်မျိုးဖြစ်ကြောင်း မြန်မာတိုင်းသိကြသည်။ ပေါ်ဆန်းဆန်ကိုချက်သည့် ထမင်းသည် မွှေးရနံ့ရှိခြင်း၊ ဆန်သားရှည်ထွက်ခြင်း၊ နူးညံ့ပျော့ပြောင်းခြင်းစသည့် အရည်အသွေးများကြောင့် ဆန်စျေးကွက်တွင် ထင်ရှားကျော်ကြားသည့် ဆန်မျိုးဖြစ်သည်။ ဆန်ဈေးကွက်ဟုဆိုရာတွင် ပြည်တွင်းမှာသာမက ပြည်ပဈေးကွက်အတွက်ပါ အခွင့်အလမ်းများ ရှိနေရာ တိုးချဲ့စိုက်ပျိုးပြီး ပြည်ပသို့ တိုးချဲ့တင်ပို့ခြင်းဖြင့် အရည်အသွေးကောင်း ဆန်စျေးကွက်ကိုပါ ရရှိလာမည်ဖြစ်သည်။
လွန်ခဲ့သော ၁၅ နှစ်တာကာလ ၂၀၁၁ ခုနှစ်က ဗီယက်နမ်နိုင်ငံ၌ ကျင်းပခဲ့သည့် ကမ္ဘာ့ဆန်စပါးညီလာခံ World Rice Conference (2011)တွင် နိုင်ငံပေါင်းစုံမှ စိုက်ပျိုးထုတ်လုပ်သည့် ဆန်များ၏ စားသုံးမှုအရည်အသွေးပြိုင်ပွဲကိုပါ ထည့်သွင်းကျင်းပခဲ့ရာ မြန်မာနိုင်ငံကလည်း ပေါ်ဆန်းမွှေးဆန်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ အဆိုပါပြိုင်ပွဲတွင် ထိုင်းနိုင်ငံက စိုက်ပျိုးထုတ်လုပ်သည့် ဂျက်စမင်းအမည်ရှိ ဆန်သည် စားသုံးမှုအရည်အသွေးအကောင်းဆုံး ဆန်အဖြစ် ယခင်နှစ်က ဗိုလ်စွဲထားခဲ့ရာ ၂၀၁၁ ခုနှစ်ပြိုင်ပွဲတွင်မူ မြန်မာပေါ်ဆန်းမွှေးက မြန်မာ့ပုလဲဆန် ( Myanmar Pearl Rice ) ဟူသောအမည်ဖြင့် ထိုင်းဆန်ကိုကျော်လွန်ကာ စားသုံးမှုအရည်အသွေး ကမ္ဘာ့အကောင်းဆုံးဆု world's Best Rice ဆုကို ဆွတ်ခူးခဲ့ခြင်းဖြစ်သည်။ သို့ဖြစ်ရာ ပေါ်ဆန်းမွှေးခေါ် မြန်မာ့ပုလဲဆန်သည် ကမ္ဘာ့ဈေးကွက်တွင် ထင်ရှားသော အိန္ဒိယ/ ပါကစ္စတန်မှ ဘာစမာတီ၊ ထိုင်းမှ ဂျက်စမင်တို့နှင့် ယှဉ်ပြိုင်နိုင်သည့် အရည်အသွေးနှင့် အခွင့်အလမ်းတို့ ရှိနေသည်။
ပေါ်ဆန်း၏ မူလဇာတိမြေသည် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ မြောင်းမြမြို့ဖြစ်သည်။ ၁၉၄၄ ခုနှစ်တွင် မြောင်းမြဗဟိုစိုက်ပျိုးရေးခြံမှ မြန်မာ့ဒေသ စပါးမျိုးများအား အပင်မျိုး မွေးမြူရွေးချယ်ရေး နည်းလမ်းဖြင့် ပေါ်ဆန်းမွှေးနှင့် ပေါ်ဆန်းဘေးကြားတို့ကို မျိုးရွေးချယ်၍ မျိုးသန့်ပွားကာ ဖြန့်ဖြူးပေးခဲ့ခြင်းဖြစ်သည်။ ပေါ်ဆန်းမွှေးသည် မြန်မာနိုင်ငံတွင် အရည်အသွေးအကောင်းဆုံးနှင့် တန်ဖိုးအမြင့်ဆုံး စပါးအဖြစ် ထိပ်ဆုံးတွင်ရပ်တည်နေသော်လည်း တစ်ဖက်တွင်မူ ကောက်ကြီးစပါးမျိုးဖြစ်ခြင်းကြောင့် စိုက်ပျိုးချိန် ရှည်ကြာခြင်း၊ တစ်နှစ်တွင် တစ်သီးသာ ရရှိနိုင်ခြင်း၊ အထွက်နှုန်းအားဖြင့်လည်း အသင့်အတင့်သာရရှိနိုင်ခြင်း စသည့်အားနည်းချက်များရှိနေရာ အဆိုပါအားနည်းချက်များကို ကျော်လွှားနိုင်ရန်အတွက် သုတေသနများ ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။
စိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့် JICA တို့ ပူးပေါင်းဆောင်ရွက်ခဲ့သည့် စီမံကိန်းတစ်ရပ်အရ ရေဆင်းပေါ်ဆန်း-၁ နှင့် ရေဆင်းပေါ်ဆန်း-၂ ဟူသော ပေါ်ဆန်းမွှေး စပါးမျိုးသစ် နှစ်မျိုး ပေါ်ထွက်လာခဲ့ရာ အဆိုပါပေါ်ဆန်းစပါးမျိုးသစ် နှစ်မျိုးမှာ စားသုံးမှုအရည်အသွေးကောင်းမွန်ပြီး ရာသီမရွေးစိုက်ပျိုးနိုင်သည်ဟုသိရသည်။ ၎င်းပေါ်ဆန်းစပါးမျိုးသစ်များသည် နွေစပါး၊ မိုးစပါး စိုက်ပျိုးနိုင်ခြင်း၊ အထွက်ကောင်း စပါးမျိုးအပင်ပုံစံရှိခြင်း၊ မိဘမျိုး ပေါ်ဆန်းမွှေးထက် သီးလုံးနှင့် သီးကိုင်းအရေအတွက်များခြင်း၊ အနှံစရှည်ခြင်း စသည့်လက္ခဏာများပါရှိကြောင်း၊ တောင်သူများအနေဖြင့် ရေဆင်းပေါ်ဆန်း-၁ နှင့် ရေဆင်းပေါ်ဆန်း-၂ စပါးမျိုးများကို ကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးသင့်ကြောင်း စိုက်ပျိုးရေးပညာရှင်များက အကြံပြုပြောကြားထားသည်။
ပြည်တွင်းစျေးကွက်တွင် ဧရာပေါ်ဆန်းကို မြန်မာနိုင်ငံ အောက်ပိုင်းဒေသများနှင့် ရှမ်းပြည်နယ်တို့တွင်လည်းကောင်း၊ ရွှေဘိုပေါ်ဆန်းကို နေပြည်တော်ကောင်စီနယ်မြေနှင့် မြန်မာနိုင်ငံအထက်ပိုင်း၌လည်းကောင်း အများဆုံးစားသုံးကြသည်။ နိုင်ငံတကာဈေးကွက်တွင်မူ မြန်မာ့ဆန်မှာ အရည်အသွေးကောင်းမွန်သော်လည်း အမှတ်တံဆိပ်နှင့် ထုတ်လုပ်မှုပိုင်းဆိုင်ရာ အားနည်းချက်များအရ ဈေးကွက်ဝေစု နည်းပါးလျက်ရှိသည်ဟု သိရသည်။ မြန်မာ့ပေါ်ဆန်းဆန် ပြည်တွင်းပြည်ပ ဈေးကွက်များတွင် တစ်ခေတ်ဆန်းသစ်ကာ ဖွံ့ဖြိုးတိုးတက်လာရေးအတွက် ၂၀၂၅ ခုနှစ် မတ်လအတွင်းက ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် ပေါ်ဆန်းဖိုရမ်ကို ကျင်းပခဲ့သည်။
သို့ဖြစ်ရာ မြန်မာ့ပေါ်ဆန်းကို အရည်အသွေးထိန်းသိမ်းခြင်းနှင့်အတူ စိုက်ပျိုးထုတ်လုပ်မှုကိုပါ မြှင့်တင်သွားကြရမှာဖြစ်သည်။ နိုင်ငံတကာစျေးကွက်သို့ အဆင့်မြင့်ဆန်အဖြစ် တင်ပို့ရာတွင် ဈေးကွက်အတွင်းရှိပြီးဖြစ်သည့် ဆန်မျိုးများနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိစေရန် လိုအပ်ချက်များကိုလည်း ဖြည့်ဆည်းကြရမည်ဖြစ်သည်။ အရည်အသွေးမြင့် ပေါ်ဆန်းစပါးများ တိုးတက်ထုတ်လုပ်ရောင်းချကာ ဈေးကွက်အခိုင်အမာရရှိသည်နှင့်အမျှ ပေါ်ဆန်းစပါး စိုက်ပျိုးထုတ်လုပ်မှု ကွင်းဆက်တစ်လျှောက်တွင်ရှိနေသည့် ပါဝင်ဆောင်ရွက်သူအားလုံး ဝင်ငွေတိုးတက်ကာ လူမှုစီးပွားဘဝများ မြင့်မားလာမည်ဖြစ်သည်။ သို့ဖြစ်ရာ ပေါ်ဆန်းမွှေးဆန် တိုးချဲ့စိုက်ပျိုးထုတ်လုပ် ရောင်းချနိုင်ရေးအတွက် စိုက်ပျိုးထုတ်လုပ်သည့် တောင်သူများ၊ လုပ်ငန်းရှင်များ၊ ကုန်သည်များနှင့် အဖွဲ့အစည်းများအားလုံး လက်တွဲပူးပေါင်းကြိုးပမ်းဆောင်ရွက်ကြရပါမည့်အကြောင်း။ ။
