Skip to main content

ထိခိုက်လွယ်သူ ဖေးမကူ၊ အရေးပေါ်က စောင့်ရှောက်ကြ

“ထိခိုက်လွယ်သူ ဖေးမကူ၊ အရေးပေါ်က စောင့်ရှောက်ကြ “Helping vulnerable populations in emergencies” ဟူသည့် ဆောင်ပုဒ်ကို ကုလသမဂ္ဂက ၂၀၂၄ ခုနှစ် ကမ္ဘာ့လူဦးရေနေ့ဆောင်ပုဒ်အဖြစ် သတ်မှတ်ထားသည်။ မျက်မှောက်ကာလ၌ ကမ္ဘာပေါ်ရှိနိုင်ငံများ၌ ဖြစ်ပေါ်နေသည့် ပဋိပက္ခများ၊ စစ်ပွဲများ၊ သဘာဝဘေးအန္တရာယ်များ၊ စားနပ်ရိက္ခာရှားပါးမှုများ စသည့်ဘေးအန္တရာယ်အမျိုးမျိုးကြောင့် လူသားများကြုံတွေ့နေရသည့် အရေးပေါ်အခြေအနေများကို တုံ့ပြန်ဆောင်ရွက်နိုင်ရန် တိုက်တွန်းနှိုးဆော်ချက်ဖြစ်သည်။

နိုင်ငံတကာသတင်းအချက်အလက်များအရ ဘေးအန္တရာယ်ကျရောက်နေသူများတွင် လူငယ်များစွာပါဝင်နေပြီး နိုင်ငံအချို့၌ ဘေးအန္တရာယ်ကျရောက်နေသူများ ၏ သုံးပုံနှစ်ပုံခန့်သည် အသက် (၂၅) နှစ်အောက် လူငယ်များဖြစ်သည်ဟုသိရသည်။ ကမ္ဘာတစ်ဝန်းတွင် ပညာမသင်ကြားနိုင်သည့် လူငယ်လူရွယ် တစ်ဝက်ခန့်တွင် ပဋိပက္ခဖြစ်နေသည့်နိုင်ငံများ၊ ပဋိပက္ခကြုံတွေ့နေသည့်ဒေသများမှဖြစ်နေသည်ကိုတွေ့ရသည်။ အထူးသဖြင့် သက်ကြီးရွယ်အိုများ၊ အမျိုးသမီးငယ်များ၊ ကလေးသူငယ်များ၊ မသန်စွမ်းသူများနှင့် ဆင်းရဲနွမ်းပါးသူများမှာ ပိုမိုထိခိုက်ခံစားကြရသည်။ သဘာဝဘေးအန္တရာယ်တစ်မျိုးမျိုး သို့မဟုတ် ပဋိပက္ခတစ်မျိုးမျိုးဖြစ်ပေါ်နေချိန်တွင် အမျိုးသမီးများနှင့် မိန်းကလေးငယ်များသည် ခုခံရုန်းထွက်နိုင်စွမ်းမရှိသည့်အပြင် လျစ်လျူရှုခြင်းခံကြရသည်။

ထို့ကြောင့် ထိခိုက်ခံစားလွယ်သူများ၏ ဘဝလုံခြုံမှု၊ တိုးတက်မှု၊ ဂုဏ်သိက္ခာနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ကူညီဖြည့်ဆည်းပေးခြင်းသည် လူသားချင်းစာနာ ထောက်ထားမှုနှင့် လူမှုအသိုင်းအဝိုင်းကောင်းကျိုးများကို ဆောင်ကြဉ်းပေးခြင်းဖြစ်၍ ဝိုင်းဝန်းကူညီဆောင်ရွက်ကြရမည်ဖြစ်သည်။ အထူးသဖြင့် လူငယ်လူရွယ်များသည် နိုင်ငံ၏အနာဂတ်၊ နိုင်ငံ၏အင်အားများဖြစ်သောကြောင့် လူငယ်လူရွယ်များ၊ အမျိုးသမီးငယ်များ ပညာသင်ကြားခွင့်မရကြပါက ၎င်းတို့တစ်ဦးချင်းအတွက်သာမက ၎င်းတို့ပတ်ဝန်းကျင်နှင့်နိုင်ငံအနာဂတ်တွင် အားနည်းချက်များ၊ လိုအပ်ချက်များ ရှိလာမည်ဖြစ်ရာ ထိခိုက်လွယ်သူများအားလုံးကို ကူညီစောင့်ရှောက်ပေးရန်လိုအပ်သကဲ့သို့ ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများအနေဖြင့် အရေးပေါ်အစီအမံများ ပြင်ဆင်ထားရမည်ဖြစ်သည်။

အရေးပေါ်အခြေအနေတွင် အသုံးပြုနိုင်ရန်၊ ထိခိုက်လွယ်သူများကို ထိထိရောက်ရောက် ကူညီပံ့ပိုးနိုင်ရန်အတွက် လူဦးရေကိန်းဂဏန်းအချက်အလက်များနှင့် ဒေသအလိုက် လူမှုစီးပွားရေးဆိုင်ရာ အချက်အလက်များ မှန်မှန်ကန်ကန် တိတိကျကျရရှိရန်လိုအပ်သည်။ ထို့ကြောင့် ကမ္ဘာပေါ်ရှိနိုင်ငံများအနေဖြင့် လူဦးရေအချက်အလက်ဆိုင်ရာ သန်းခေါင်စာရင်းကို ၁၀ နှစ်တစ်ကြိမ် ကောက်ယူလေ့ရှိသည်။ မြန်မာနိုင်ငံတွင် ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။ သန်းခေါင်စာရင်းအချက်အလက်များသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများနှင့် မူဝါဒများချမှတ်ရန် အရေးကြီးသည့် လူမှုစီးပွားဆိုင်ရာများအတွက် အထောက်အပံ့ကောင်းများ ရရှိနိုင်မည်ဖြစ်သည်။

ကမ္ဘာ့လူဦးရေသည် တစ်နေ့တခြားတိုးတက်လာသည်နှင့်အမျှ စားနပ်ရိက္ခာမပြည့်စုံမှုများ၊ သောက်သုံးရေရှားပါးပြတ်လပ်မှုများ၊ ရာသီဥတုဖောက်ပြန်ခြင်းများ၊ ကူးစက်ရောဂါပျံ့နှံ့ခြင်းများ၊ ရေဘေး၊ လေဘေး၊ မုန်တိုင်းဘေး စသည့်သဘာဝဘေး အန္တရာယ်များ၊ ပဋိပက္ခများ စသည့်ဘေးအန္တရာယ်အမျိုးမျိုးတို့ကို လူသားများ ယခင်ကထက် ပိုမိုရင်ဆိုင်ခံစားလာကြရသည်။ ထို့အပြင် တန်းတူညီမျှမှုမရှိခြင်း၊ ဆင်းရဲနွမ်းပါးမှုများပြားလာခြင်း စသည့်ဆင်းရဲဒုက္ခများနှင့် လူတန်းစားကွာဟမှု ပြဿနာများနှင့်ရင်ဆိုင်လာကြရသည်။

ထို့ကြောင့် ဆင်းရဲနွမ်းပါးမှု၊ တန်းတူညီမျှမှုမရှိမှု၊ ရာသီဥတုပြောင်းလဲမှု၊ သဘာဝပတ်ဝန်းကျင်ပျက်စီးယိုယွင်းမှု၊ ငြိမ်းချမ်းရေးနှင့်တရားမျှတမှုမရှိမှုတို့အပါအဝင် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရန် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့က စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များကိုချမှတ်ပြီး မြန်မာနိုင်ငံအပါအဝင် အဖွဲ့ဝင်နိုင်ငံများက ၂၀၃၀ ပြည့်နှစ်တွင် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်များ ပြည့်မီအောင်ဆောင်ရွက်သွားကြရန် သဘောတူညီခဲ့ကြသည်။ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်ကိုအခြေခံပြီး နိုင်ငံတစ်နိုင်ငံချင်းစီအလိုက် ကြုံတွေ့နေရသည့် ပြဿနာများနှင့် အခက်အခဲများကို အချိန်မီကုစားနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

လူဦးရေဆိုင်ရာ ပြဿနာများနှင့်ပတ်သက်၍ ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံအများစုတွင် မွေးဖွားနှုန်းသိသိသာသာကျဆင်းလာခြင်းကြောင့် ကလေးဦးရေနည်းပါးလာပြီး လုပ်သားအင်အားရှားပါးခြင်းများ၊ သက်ကြီးရွယ်အိုများပြားလာခြင်းများနှင့် ရင်ဆိုင်နေရသည်။ ဖွံ့ဖြိုးဆဲနိုင်ငံအချို့နှင့် ဖွံ့ဖြိုးမှုနည်းပါးသည့်နိုင်ငံများတွင် မွေးဖွားနှုန်းမြင့်မားလာခြင်း၊ ပညာရေးအခြေအနေနိမ့်ကျခြင်း၊ အလုပ်လက်မဲ့ပြဿနာများ များပြားလာခြင်း၊ ဆင်းရဲနွမ်းပါးမှု များပြားလာခြင်းနှင့် ပဋိပက္ခများဖြစ်ပွားမှုများကြောင့် ဘေးဒုက္ခရောက်နေသူများ များပြားခြင်းတို့ကြောင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်ကို ပြည့်မီအောင် ကြိုးပမ်းဆောင်ရွက်ကြ ရမည်ဖြစ်သည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်း၌ ဘေးအန္တရာယ်အမျိုးမျိုးနှင့် အခက်အခဲများ၊ စိန်ခေါ်မှုများ တိုးတက်များပြားကြုံတွေ့နေရသည်ဖြစ်ရာ ထိခိုက်လွယ်သူများကို ဖေးမကူညီကြပြီး အရေးပေါ်လာပါက စောင့်ရှောက်ကူညီကြပါရန် လေးစားစွာဖြင့်တိုက်တွန်းအပ်ပါကြောင်း။ ။