သစ်တောသစ်ပင်များသည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ လူသားအကျိုးပြုတိုးတက်ရေးနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးကို များစွာအထောက်အကူပြုလျက်ရှိသည်။ လူတို့အနေဖြင့် သစ်တောသစ်ပင်များကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးရေးကို အထောက်အကူပြုသည်ဟု နားလည်ထားသည်။ တကယ်တမ်းတွင် သစ်တောသစ်ပင်များသည် ထိုထက်ပို၍ ကမ္ဘာလောကကြီး ဖွံ့ဖြိုးတိုးတက်ရေးတွင် ကျယ်ပြန့်နက်ရှိုင်းစွာ အထောက်အကူပြုနေသည်ကိုတွေ့ရသည်။
မြန်မာနိုင်ငံအနေဖြင့် ရေခံမြေခံကောင်းမွန်မှုကြောင့် သစ်တောသစ်ပင်ပန်းမန်များသည် ပြုပြင်မွမ်းမံမှုပင် မလိုလောက်ဘဲ သဘာဝအလျောက် ရှင်သန်ဖွံ့ဖြိုးနေသည်ကို ပတ်ဝန်းကျင်တစ်ခွင်တွင် တွေ့မြင်နိုင်သည်။ သို့သော် ပိုမိုကောင်းမွန်သည့် ဖွံ့ဖြိုးတိုးတက်မှုကို ရရှိစေရန်အတွက် စနစ်တကျပြုစုပျိုးထောင် မြေတောင်မြှောက်ပေးရန်လိုအပ်သည်။ ရေခံမြေခံကောင်းလျှင် ဖွံ့ဖြိုးတိုးတက်သည်မှန်သော်လည်း သစ်ပင်တစ်မျိုးစီ အမျိုးအစားအလိုက် နည်းစနစ်တကျပျိုးထောင်ခြင်း၊ သုတေသနပြုလုပ်ခြင်း၊ တီထွင်ဆန်းသစ်ခြင်းတို့ဖြင့် အကျိုးရလဒ်ကောင်းများစွာ ပိုင်ဆိုင်နိုင်သည်ကို လက်တွေ့သိရှိလာကြသည်။
သစ်တောသစ်ပင်များသည် ကမ္ဘာပေါ်ရှိ လူသားများအားလုံးအတွက် စားဝတ်နေရေးလိုအပ်ချက်ကို ဖြည့်ဆည်းပေးနေသည်။ ထိုမျှသာမက ပညာရေး၊ ကျန်းမာရေး၊ လူမှုဘဝသာယာဝပြောရေးတို့တွင် အလွန်အရေးပါသည့် အခန်းကဏ္ဍများမှ ပါဝင်နေသည်။ သို့သော် သစ်တောသစ်ပင်များကို နိုင်ငံတော်နှင့်သစ်ပင်သစ်တောဆိုင်ရာတို့ကသာ အလေးဂရုပြုလုပ်ကိုင်ဆောင်ရွက်ကြပြီး ပြည်သူများအနေဖြင့် အကျိုးစီးပွားကိုသာ ခံစားကြကာ အမှုမဲ့အမှတ်မဲ့နေထိုင်ကြသည်။ သစ်တောသစ်ပင်များ၏ အကျိုးရလဒ်ကို အားလုံးသိမြင်နားလည်ကြပြီး သစ်ပင်ဖွံ့ဖြိုးတိုးတက်ရေးတွင် ပါဝင်ဆောင်ရွက်ကြပါက တိုးတက်မှုအဖုံဖုံကို ရရှိခံစားကြရမည် ဖြစ်သည်။
အနာဂတ်မျှော်လင့်ချက်အဖြစ် နိုင်ငံတော်အကြီးအကဲ၏လမ်းညွှန်ချက်ဖြင့် နေပြည်တော်တွင် တည်ဆောက်ဖွင့်လှစ်ထားသော Naypyitaw State Polytechnic University သည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးတွင် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည့် ပညာရပ်ဝန်းတစ်ခုဖြစ်သည်။ ဂုဏ်ယူဖွယ်ရာတက္ကသိုလ်ကြီးကို တက္ကသိုလ်များ၏ အင်္ဂါရပ်များနှင့်အညီ တည်ဆောက်ထားသည်။ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ စိတ်နှလုံးကြည်လင်ချမ်းမြေ့စွာ ပညာသင်ကြားခြင်းနှင့်အတူ အပန်းဖြေနိုင်ရေးအတွက် သစ်တောသစ်ပင်များ ပြုစုထိန်းသိမ်းရေးနှင့် တီထွင်ဆန်းသစ်သည့် အင်ဂျင်နီယာပညာရပ်များဖြင့် ပိုမိုကောင်းမွန်သည့် ပတ်ဝန်းကျင်ကို ဖန်တီးနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။
ကျောင်းသား ကျောင်းသူများအား သစ်တောသစ်ပင်များကို တန်ဖိုးထားတတ်လာအောင် သင်ယူခြင်းနှင့်အတူ အလေ့အကျင့်ပြုလုပ်ကြရမည်ဖြစ်သည်။ သစ်တောသစ်ပင်များကို စိုက်ပျိုးပြုစုထိန်းသိမ်းကြရာတွင် မျက်မှောက်ကာလသိပ္ပံနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်မှုနှင့် ဆန်းသစ်တီထွင်မှုများကို သစ်တောထိန်းသိမ်းရေးလုပ်ငန်းများတွင် အကျိုးရှိအောင် ပေါင်းစပ်ချိတ်ဆက်ဆောင်ရွက်သွားမည်ဆိုပါက သစ်တောထိန်းသိမ်းရေးလုပ်ငန်းများ ပိုမိုထိရောက်ပြီး နိုင်ငံတော်၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူပြုမည်ဖြစ်သည်။ တစ်ဆက်တည်းတွင် လူသားအကျိုးပြု ဖွံ့ဖြိုးတိုးတက်မှုမှ ကမ္ဘာလုံးဆိုင်ရာ သာယာဝပြောမှုကို ဆောင်ကြဉ်းပေးနိုင်မည်ဖြစ်သည်။
သာဓကအားဖြင့် ကမ္ဘာတစ်ဝန်း၌ သစ်တောအခြေပြုနည်းပညာနှင့် တီထွင်ဆန်းသစ်မှုများ ဖွံ့ဖြိုးတိုးတက်လာခြင်းကြောင့် တွင်ကျယ်စွာအသုံးပြုနေသော ပလတ်စတစ်သုံးစွဲမှုအစား ဇီဝဖြစ်အတိုင်းဆွေးမြည့်နိုင်သည့် (Biodegradable) သစ်တောထွက်ပစ္စည်းများဖြင့် အစားထိုးအသုံးပြုလာနိုင်ခြင်း၊ လူသားများအတွက် အန္တရာယ်ဖြစ်စေနိုင်သည့် ဘက်ထရီများတွင်ပါရှိသည့် မြေရှားသတ္တုများနေရာတွင် သစ်တောထွက်ဓာတုဒြပ်ပေါင်းများဖြင့် အစားထိုးလာနိုင်ခြင်း၊ ကမ္ဘာ့အဝတ်အထည်စက်ရုံများအတွက် သစ်ပင်၊ ဝါးပင်များမှထုတ်လုပ်သည့် ချည်မျှင်ရှည် (Long fiber) များ အသုံးပြုလာနိုင်ခြင်း စသည့်တီထွင်ဆန်းသစ်အောင်မြင်မှုများကို တွေ့မြင်ရမည်ဖြစ်သည်။
ထို့အပြင် နည်းပညာတီထွင်ဆန်းသစ်မှုနှင့် သစ်တောထွက်ပစ္စည်းများကို ဆေးဝါးများ၊ အလှကုန်ပစ္စည်းများ၊ စားသောက်ကုန်များအပါအဝင် လူသားများ၏ စားဝတ်နေရေး၊ ကျန်းမာရေး၊ လူမှုဘဝဖွံ့ဖြိုးရေးတို့အတွက် ရေရှည်ဘေးကင်းလုံခြုံစွာဖြင့် အသုံးပြုနိုင်သည့် ထုတ်ကုန်ပစ္စည်းအမျိုးမျိုးကို ကျယ်ပြန့်စွာ ထုတ်လုပ်လာနိုင်ပြီဖြစ်သည်။ အင်ဂျင်နီယာပညာရပ်ကို ဇီဝဗေဒ၊ ဓာတုဗေဒ၊ ဂေဟဗေဒ၊ ဘူမိဗေဒ၊ အဏုဇီဝဗေဒ၊ ဇလဗေဒစသည့်ဘာသာရပ်များနှင့်ပေါင်းစပ်၍ လေ့လာသင်ယူရသည့် သဘာဝပတ်ဝန်းကျင်အင်ဂျင်နီယာဘာသာရပ်သည် ပတ်ဝန်းကျင်အရည်အသွေးများ မြှင့်တင်ပေးရန်အတွက် အထူးအရေးပါသည့် ပညာရပ်အဖြစ်ကျယ်ပြန့်စွာလေ့လာ သင်ယူနေကြပြီဖြစ်သည်။
သို့ဖြစ်ရာ သစ်တောသစ်ပင်အခြေပြု အင်ဂျင်နီယာပညာရပ်ဖြင့် နည်းပညာနှင့် တီထွင်ဆန်းသစ်မှုများ မြန်မာနိုင်ငံတွင် ဖြစ်ထွန်းပေါ်ပေါက်လာအောင် Naypyitaw State Polytechnic University ၌ အစပြုတည်ထောင်ဆောင်ရွက်နေပြီဖြစ်ရာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုစီးပွားမြင့်မားတိုးတက်ရေးအတွက် အားပေးမြှင့်တင်ပါဝင်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။