မြန်မာနိုင်ငံသည် ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်း ၁၉၅ နိုင်ငံအနက် ဖွံ့ဖြိုးတိုးတက်မှုအနည်းဆုံးနိုင်ငံ ၄၅ နိုင်ငံထဲတွင် ပါဝင်လျက်ရှိသည်။ ကံမကောင်းအကြောင်းမလှကြသည့် ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံများထဲတွင် မြန်မာနိုင်ငံသည် နယ်ချဲ့လက်အောက် နှစ်ပေါင်း ၁၀၀ ကျော် ကျရောက်ခဲ့ရသည့် သမိုင်းကြောင်းရှိခဲ့စေကာမူ နိုင်ငံ၏တည်နေရာအနေအထား၊ နိုင်ငံ၏အကျယ်အဝန်း၊ ရာသီဥတုနှင့် သဘာဝပတ်ဝန်းကျင်၊ သယံဇာတအရင်းအမြစ်များ စသည်တို့ပိုင်ဆိုင်ထားမှုများအရ ကမ္ဘာ့ထိပ်တန်းနိုင်ငံတစ်နိုင်ငံအဖြစ် တက်လှမ်းသွားနိုင်လောက်သည့် အခြေအနေ၊ အလားအလာများရှိသည်။ သို့ရာတွင် ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတစ်နိုင်ငံအဖြစ် ရောက်ရှိနိုင်ရန်မှာ နိုင်ငံသူနိုင်ငံသားအားလုံး စည်းလုံးညီညွတ်စွာဖြင့် စဉ်ဆက်မပြတ်တိုးတက်မှုရရှိအောင် ဆယ်စုနှစ် သုံးခုစာမျှ တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်နိုင်ကြဖို့လိုသည်။
လက်ရှိအခြေအနေတွင် မိမိတို့သည် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံတစ်နိုင်ငံ၏ နိုင်ငံသားများအဖြစ်နှင့် နိုင်ငံကိုဆင်းရဲတွင်းမှ ရုန်းထွက်နိုင်ရေး အားသွန်ခွန်စိုက် ကြိုးပမ်းနေကြရသည်။ ဤကဲ့သို့ အခြေအနေမျိုးတွင် စည်းလုံးညီညွတ်ရေးနှင့် စည်းကမ်းရှိရေးတို့ အရေးကြီးသော်လည်း စည်းလုံးညီညွတ်မှုကို ဖြိုခွဲနေသူများ၊ စည်းကမ်းဖောက်သူများ နိုင်ငံအတွင်း ဒုနှင့်ဒေးရှိနေသည်။ စိုက်ပျိုးရေးကို အဓိကစီးပွားရေးအဖြစ် လုပ်ကိုင်နေရသည့် နိုင်ငံတစ်နိုင်ငံအနေဖြင့် နိုင်ငံတစ်ဝန်းလိုအပ်သည့် အခြေခံအဆောက်အအုံများစွာကို နှစ်ပေါင်းများစွာ အချိန်ယူတည်ဆောက်ခဲ့ရသော်လည်း အကြမ်းဖက်အဖျက်သောင်းကျန်းသူတို့က အချိန်နာရီအနည်းငယ်မျှအတွင်း ဖျက်ဆီးလိုက်ကြသည်။ ရထားလမ်း၊ ကားလမ်းများ၊ ရထားတံတား ကားတံတားများ၊ ဆက်သွယ်ရေးတာဝါတိုင်၊ ဓာတ်အားလိုင်းတာဝါတိုင်များ၊ တက္ကသိုလ်များ၊ ကျောင်းများ၊ ဌာနဆိုင်ရာအဆောက်အအုံ၊ ဘာသာရေးအဆောက်အအုံ၊ ယဉ်ကျေးမှုအဆောက်အအုံ၊ လူနေအိမ်ခြေတိုက်တာများ စသည်ဖြင့် ပြည်သူကိုတိုက်ရိုက်ထိခိုက်နစ်နာစေသည့် ဖျက်ဆီးမှုများကို မြင်မကောင်း၊ ရှုမကောင်း၊ သုံးမရအောင် ဖောက်ခွဲ၊ မီးရှို့၊ ဖြိုချဖျက်ဆီးကြခြင်းဖြစ်သည်။
ဖွံ့ဖြိုးတိုးတက်မှုနှေးကွေးနေသည့် နိုင်ငံတစ်နိုင်ငံသည် သာမန်အားဖြင့်ပင်လျှင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု မှန်ကန်စွာလည်ပတ်လာပြီး အရှိန်အဟုန်ရရှိလာစေရန် အားကုန်ရုန်းကန်ကြိုးစားကြရခြင်းဖြစ်ရာ အတိုက်အခိုက်၊ အဖျက်အဆီးများ ပတ်ချာလည်နေသည့် အခြေအနေကို မရပ်တန့်နိုင်ပါက နောက်ရာစုနှစ်များအထိ တိုးတက်နိုင်မည်မဟုတ်သည့်အပြင် တိုင်းပြည်နှင့်လူမျိုးတို့ ပျောက်ကွယ်မသွားလျှင်ပင် ကံကြီးလှပြီဟု ဆိုရမည်ဖြစ်သည်။ “တစ်တိုင်းပြည်လုံး ကြီးပွားစေချင်ရင် လူအား၊ ငွေအား၊ ပစ္စည်းအားနဲ့ စုပေါင်းပြီး အင်တိုက်အားတိုက် လုပ်နိုင်မှ အကျိုးခံစားခွင့်ရှိကြမှာပဲ။ ဗမာကတစ်မျိုး၊ ကရင်က တစ်ဖုံ၊ ရှမ်း၊ ကချင်၊ ချင်းတို့က တခြား၊ အကွဲကွဲအပြားပြားလုပ်နေကြရင် အကျိုးရှိမှာမဟုတ်ဘူး။ စုပေါင်းလုပ်ကြမှသာ အကျိုးရှိနိုင်မယ်။ လုပ်ကြည့်မှလည်း အကျိုးရှိကြောင်း သိနိုင်တယ်။” ဟူ၍ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်ည ပင်လုံမြို့ စော်ဘွားများ ထမင်းစားပွဲတွင် ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့သည့် မြွက်ကြားချက်မှာ ယခုတိုင်ခေတ်မီနေဆဲ၊ နိုင်ငံ၏ ပကတိအခြေအနေကို ထင်ဟပ်နေဆဲဖြစ်သည်။
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် (Man, Money, Material) လူအား၊ ငွေအား၊ ပစ္စည်းအားတို့ကို စနစ်တကျ စီမံခန့်ခွဲကာ စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်၊ အားသွန်ခွန်စိုက် စုပေါင်း အလုပ်လုပ်နိုင်ကြရန် အရေးကြီးသည်။ ခြံကြီးထဲတွင် ခြံငယ်ခတ်၍ ပတ်ပတ်လည်တွင် လိုက်၍ဖျက်ဆီးခြင်းဖြင့် ခြံငယ်အဖို့ အကျိုးမရှိနိုင်။ သစ်ကိုင်းအဖျားတွင်ထိုင်ကာ အရင်းကိုလွှနှင့်တိုက်သည့် သူမိုက်ပမာသာလျှင် ဖြစ်နိုင်သည်။ မျက်မှောက်ကမ္ဘာတွင် နိုင်ငံတစ်နိုင်ငံချင်းပင်လျှင် ရပ်တည်ရန်မလွယ်သည့်အလျောက် အကျိုးစီးပွားတူရာတို့ မိတ်ဆွေအသင်းအပင်းဖွဲ့ကာ ရပ်တည်လာကြရချိန်တွင် နိုင်ငံ၏အရင်းအမြစ်များကို တန်ဖိုးမဲ့စွာ ပျက်စီးပြုန်းတီးစေသည့် ပဋိပက္ခများရပ်တန့်ရန်နှင့် သဘာဝဘေးအန္တရာယ်၊ ရောဂါဘယဘေးအန္တရာယ်၊ လက်နက်တို့၏ ဘေးအန္တရာယ်အပေါင်းတို့မှ ဆောက်တည်ရာမရ တိမ်းရှောင်နေကြရသည့် အပြစ်မဲ့ပြည်သူများကို ငဲ့ညှာထောက်ထားကြရန် နိုင်ငံနှင့် ပြည်သူလူထုအကျိုးကိုမျှော်၍ နှိုးဆော်တိုက်တွန်းလိုက်ရပါကြောင်း။ ။