နိုင်ငံတော်အစိုးရသည် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသည့် နိုင်ငံသူ နိုင်ငံသားများအား မည်သည့်ဘာသာဝင်၊ မည်သည့်လူမျိုး၊ မည်သူမဆို နိုင်ငံသားတစ်ဦး၏ ရပိုင်ခွင့်နှင့် အခွင့်အရေးများ ရရှိခံစားခွင့်များကို ဆောင်ရွက်ပေးလျက်ရှိသည်။ နိုင်ငံသားများ ဘေးအန္တရာယ်အမျိုးမျိုးကြောင့် ဒုက္ခအခက်အခဲများ ကြုံတွေ့ရပါကလည်း ရင်ဝယ်သားကဲ့သို့ စာနာထောက်ထားဖေးမကူညီဆောင်ရွက်ပေးလျက်ရှိသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်၏တာဝန်များကို စတင်တာဝန်ယူထမ်းဆောင်သည့်အချိန်မှစ၍ ပြည်တွင်းရှိ နိုင်ငံသားများသာမက ပြည်ပနိုင်ငံများတွင် ဒုက္ခအခက်အခဲကြုံတွေ့နေရသည့် နိုင်ငံသူ နိုင်ငံသားများကိုလည်း ရင်ဝယ်သားကဲ့သို့ မေတ္တာထားပြီး ဖေးမကူညီကယ်တင်ပေးခဲ့သည်။ ယခုအခါ ပြည်ပနိုင်ငံများတွင် သွားရောက်အလုပ်လုပ်ကိုင်ကြသော မြန်မာနိုင်ငံသားများ များပြားလာပြီး အလုပ်အကိုင်အဆင်ပြေကြသူများရှိသလို ဒုက္ခအခက်အခဲများနှင့် ကြုံတွေ့နေရသော နိုင်ငံသားများလည်းရှိနေသည်ဟု ကြားသိနေရသည်။
ပြည်ပတွင်အလုပ်လုပ်ကိုင်ကြသော နိုင်ငံသားများသည် များသောအားဖြင့် အရှေ့ဘက်နိုင်ငံများတွင် အလုပ်လုပ်ကိုင်ကြပြီး အချို့မှာ အနောက်နိုင်ငံများတွင် လုပ်ကိုင်ကြသည်။ ထို့အပြင် အရှေ့အလယ်ပိုင်းနိုင်ငံများသို့ သွားရောက်လုပ်ကိုင်သော နိုင်ငံသားများလည်းရှိနေသည်ကို တွေ့ရသည်။ မကြာသေးမီက အာရပ်စော်ဘွားနိုင်ငံများတွင် သွားရောက်အလုပ်လုပ်ကိုင်ကြသော မြန်မာနိုင်ငံသား အထူးသဖြင့် နိုင်ငံသူများအနေဖြင့် အများစုမှာ ဒုက္ခအခက်အခဲများ ကြုံတွေ့နေရသည်ဟု ကြားသိရသဖြင့် နိုင်ငံတော်အစိုးရက အဆိုပါအမျိုးသမီးငယ်များအား အမိနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ကူညီပေးခဲ့သည်။
ယူအေအီးနိုင်ငံတွင် အခက်အခဲများ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား အမိမြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာနိုင်ရန် မြန်မာနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးက ကူညီဆောင်ရွက်ပေးလျက်ရှိသည်။ အာရပ်စော်ဘွားများနိုင်ငံများတွင် မြန်မာနိုင်ငံသားများ အလုပ်လုပ်ကိုင်စဉ် အလုပ်ရှင်နှင့် အဆင်မပြေမှုများဖြစ်ပေါ်ပါက မြန်မာပွဲစားများက တာဝန်ယူဖြေရှင်းပေးခြင်းမရှိသည့်အပြင် ဒူဘိုင်းမြို့ရှိ အေဂျင်စီရုံးများနှင့် အလုပ်ရှင်တို့က နိုင်ငံကူးလက်မှတ်များကို သိမ်းဆည်းထားခြင်း၊ အလုပ်ပွဲစားများက အေဂျင်စီရုံးအဆင့်ဆင့်သို့ လက်ပြောင်းလက်လွှဲ ရှောင်လွှဲခြင်းများနှင့် ကြုံတွေ့ လျက်ရှိသည်။
မြန်မာနိုင်ငံ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ကလည်း အရှေ့အလယ်ပိုင်းနိုင်ငံများတွင် နှစ်နိုင်ငံသဘောတူညီချက်အရ တရားဝင်အလုပ်လုပ်ကိုင်ရန် မြန်မာနိုင်ငံမှ စေလွှတ်မှုမရှိကြောင်း၊ မြန်မာအမျိုးသမီးများအား အာရပ်စော်ဘွားများနိုင်ငံများတွင် အိမ်အကူအလုပ်လုပ်ကိုင်ရန်အတွက် တရားမဝင်အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများက လိမ်လည်ပို့ဆောင်ပေးလျက်ရှိကြောင်း၊ တရားမဝင် သွားရောက်အလုပ်လုပ်ကိုင်ပါက သက်ဆိုင်ရာနိုင်ငံများ၏ ဥပဒေပြဋ္ဌာန်းချက်များအတိုင်း အရေးယူခံရမည့်အပြင် အခြားမမျှော်မှန်းနိုင်သည့် အန္တရာယ်များ၊ လူကုန်ကူးခံရနိုင်သည့် အခြေအနေများနှင့် ကြုံတွေ့နိုင်ကြောင်း အသိပေးထားသည်။
မြန်မာနိုင်ငံနှင့်ယဉ်ကျေးမှုမတူ၊ မနီးစပ်သည့် ရေခြားမြေခြားဝေးလံသည့် အရှေ့အလယ်ပိုင်းနိုင်ငံများတွင် သွားရောက်အလုပ်လုပ်ကိုင်ပါက မျက်နှာငယ် အကာအကွယ်ကင်းမဲ့နိုင်သည့်အပြင် မြန်မာနိုင်ငံသံရုံးမရှိသည့်ဒေသများတွင် ရောက်ရှိအလုပ်လုပ်ကိုင်ပါက ဒုက္ခအခက်အခဲများကြုံတွေ့လျှင် အကူအညီရရှိရန် အခက်အခဲများ ရှိနိုင်သည်။ အရှေ့အလယ်ပိုင်းနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်ကြမည့်သူများအနေဖြင့် မိမိတို့သွားရောက်ကြမည့်နိုင်ငံနှင့် ဒေသအခြေအနေများကို ကြိုတင်လေ့လာပြီးမှ သွားရောက်လုပ်ကိုင်ရန် သင့်၊ မသင့် စဉ်းစားဆုံးဖြတ်ကြရန် လိုအပ်သည်။ သက်ဆိုင်ရာအဖွဲ့အစည်းများကလည်း အန္တရာယ်ရှိသော ဒေသများနှင့် အဆင်မပြေသောနိုင်ငံများကို အကြံပြုအသိပေးပြောကြားလျက်ရှိသည်။
နိုင်ငံတော်အစိုးရက နိုင်ငံ့တာဝန်ယူထားစဉ်ကာလအတွင်း ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်ကြသည့် မြန်မာနိုင်ငံသားများ ဒုက္ခအခက်အခဲများ ကြုံတွေ့ရပါက နိုင်ငံတော်အစိုးရ၏လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံသံရုံးများက ကူညီဆောင်ရွက်ပေးမှုများဖြင့် အမိမြန်မာနိုင်ငံတော်သို့ အကြိမ်ကြိမ်ပြန်လည်ခေါ်ယူကူညီဆောင်ရွက်ပေးနိုင်ခဲ့သည်။ ယခုအခါ ပြည်ပနိုင်ငံအချို့တွင် မြန်မာနိုင်ငံသားများ အတိဒုက္ခများနှင့် ကြုံတွေ့နေစဉ် ဆောလျင်စွာကူညီကယ်တင်ပေးမှုအတွက် ဒုက္ခကြုံတွေ့ခဲ့သော နိုင်ငံသူ နိုင်ငံသားများနှင့် မိဘဆွေမျိုးများက နိုင်ငံတော်အစိုးရနှင့် မြန်မာသံရုံးတို့ကို ကျေးဇူးအထူးတင်လျက်ရှိသည်။
သို့ဖြစ်ရာ နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်ကြသည့် နိုင်ငံသားများအနက် ဒုက္ခအခက်အခဲကြုံတွေ့ကြရသည့် နိုင်ငံသားများကို ရင်ဝယ်သားကဲ့သို့ အလေးအနက်တန်ဖိုးထားပြီး မည်သို့သောအခြေအနေများနှင့်ကြုံတွေ့ရသော်လည်း မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ မြန်မာသံရုံးများနှင့် ချိတ်ဆက်ပြီး အမိမြန်မာနိုင်ငံတော်သို့ လုံခြုံစိတ်ချအေးချမ်းစွာဖြင့် အမြန်ဆုံးပြန်လည်ရောက်ရှိအောင် စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။ ။