ကိုဗစ်-၁၉ ဗိုင်းရပ်စ်ရောဂါပိုး ကမ္ဘာတစ်ခွင် လှည့်လည်ခြိမ်းခြောက်မှုက လူ့လောကတစ်ခုလုံးကို ကျန်းမာရေးသတိကြီးကြီး ထားမိသွားစေသည်။
ကမ္ဘာ့နိုင်ငံအသီးသီးက နိုင်ငံခေါင်းဆောင်များ၊ နိုင်ငံရေးအရ၊ အုပ်ချုပ်ရေးအရ တာဝန်ရှိသူများက ရောဂါပိုးပျံ့နှံ့မှုကို မည်သို့ထိန်းချုပ်ကာကွယ်မည်ဆိုသည်ကို နည်းလမ်းရှာကြ၏။ ဆေးသိပ္ပံနှင့် သုတေသနပညာရှင်များက ရောဂါပိုးကို နှိမ်နင်းသုတ်သင်နိုင်မည့်ဆေးများ၊ ဗိုင်းရပ်စ်ပိုး လူ့ခန္ဓာထဲဝင်မလာအောင် ကာကွယ်နိုင်မည့်ဆေးဝါးများကို စမ်းသပ်ဖော်ထုတ်ရန်ကြိုးပမ်းကြ၏။ လူတို့၏ ကျန်းမာရေးနှင့် တိုက်ရိုက်ပတ်သက်နေသော ပညာရှင်များ၊ တာဝန် ထမ်းဆောင်နေကြသူများဖြစ်သည့် ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဆိုင်ရာဝန်ထမ်းများက လူအများရောဂါပိုး မကူးစက်ရေး၊ ကူးစက်ခံထားရသူများကို ပျောက်ကင်းအောင် ကုသနိုင်ရေး၊ ဝေဒနာပြင်းထန်ခံစားနေရသူများကို သက်သာစေရေး၊ အသက်ကယ်ဆယ်နိုင်ရေး စသည်ဖြင့် အပန်းတကြီး အားထုတ်လုပ်ကိုင်နေကြ၏။
မြန်မာနိုင်ငံအတွင်း၌လည်း ထိုသို့ပင်။ သက်ဆိုင်ရာ ကဏ္ဍအသီးသီးက တာဝန်ရှိသူများ တာဝန်ယူထားသူများ တာဝန်ရှိသူဟု ကိုယ့်ကိုယ်ကိုယ် ခံယူထားကြသူများတို့သည် တာဝန်သိသိဖြင့် အင်တိုက်အားတိုက် ကိုဗစ်-၁၉ ရောဂါပိုး ကာကွယ်ထိန်းချုပ်ကုသနိုင်ရေး ကြိုးကုတ်လုပ်ဆောင်ခဲ့ကြသည်မှာ ရှစ်လကျော်ပင် ရှိခဲ့ချေပြီ။
အထူးသဖြင့် ကုသရေးဆိုင်ရာများကို တာဝန်ယူဆောင်ရွက်နေကြရသည့် ဆရာဝန်များ သူနာပြုများ၊ ဓာတ်ခွဲပညာရှင်များအပါအဝင် ဆေးဘက်ဆိုင်ရာဝန်ထမ်းများ၊ စေတနာအရရော၊ ကျင့်ဝတ်အရပါ ပြည့်ပြည့်ဝဝလုပ်ကိုင်ထမ်းဆောင်နေကြသူများသည် မြန်မာနိုင်ငံသားအပေါင်း၏ ကောင်းချီးပေး ဂုဏ်ပြုခံထိုက်သူများ ဖြစ်သည်ဟုဆိုချင်ပါ၏။ သာဓုအတန်တန် ခေါ်မိပါ၏။
ယနေ့အခြေအနေက ရောဂါပိုးကူးစက်မှုနှုန်းထား မြင့်လာသည်နှင့်အမျှ ဆေးရုံများ၊ ထိန်းချုပ်စောင့်ရှောက်ရေး ခြေချုပ်ဌာနများတွင် သံသယလူနာများ၊ စောင့်ကြည့်လူနာများ၊ ရောဂါအတည်ပြုလူနာများမှာ ရုတ်တရက် တိုးမြင့်များပြားလာခြင်းကြောင့် တာဝန်ယူဆောင်ရွက် နေရသူတို့အတွက် ကြီးစွာသော ဝန်ထုပ်ဝန်ပိုးဖြစ်သည်ဟု နားလည်ပါသည်။ ကူးစက်ရောဂါပိုးနှင့် ဆက်နွှယ်နေသူများကို ကျန်းမာရေးစောင့်ရှောက်ပေးနေရသူများဖြစ်လေရာ ကိုယ်တိုင်ရောဂါပိုး ကူးစက်ခံရနိုင်ခြေ အလွန်မြင့်မားသူများလည်း ဖြစ်ပါ၏။
ထိုသို့ တာဝန်ကလည်းကြီး ဝန်ထုပ်ဝန်ပိုးကလည်း မတန်တဆဟု ခေါ်နိုင်လောက်အောင် လေးလံ၊ ကိုယ်တိုင်ရောဂါရနိုင်ခြေကလည်း မြင့်မားသူများဖြစ်သည့်အပြင် ဤတာဝန်များကို ယူနိုင်သည့် လူ့စွမ်းအားအရင်းအမြစ်မှာလည်း နည်းပါးလှပါ၏။
ထိုသို့နည်းပါးသည့် အရင်းအမြစ်များ၏တန်ဖိုးကား ကြီးလှသည်လည်းဖြစ်၏။ ရောဂါနှင့် နီးကပ်စွာ ခံစားနေရသူများ၏ အားကိုးအားထားပြုနေရသူများဖြစ်သည့်အားလျော်စွာ ထိုသို့ တာဝန်ကြီးကြီး ယူနေရသူတစ်ဦးတလေ လဲပြိုသည်ဆိုလျှင်ပင် နိုင်ငံအတွက် များစွာစိုးရိမ်ပူပန်စရာဖြစ်ပါသည်။ ထို့ကြောင့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ တာဝန်ယူထားသူများအားလုံး လုံခြုံ အန္တရာယ်ကင်းရေးသည် အထူးဂရုပြုရမည့် အချက်ဖြစ်ပါသည်။ ပင်ပန်းတကြီး တာဝန်ယူ ထမ်းဆောင်နေကြသူများသည် မိမိတို့တစ်ဦးချင်း၏ ကိုယ်တိုင် ဘေးကင်းရေးကို အရေးကြီးသည့် ဦးစားပေးတာဝန်အဖြစ် သဘောထားရန်လိုပါသည်။ နိုင်ငံသားအားလုံး ကပ်ရောဂါဘေးက ကင်းဝေးရေးအတွက် အရေးကြီးဆုံးလုပ်ငန်းစဉ်မှာ တာဝန်ရှိသူတို့ ကိုယ့်ကိုယ်ကိုယ် လုံခြုံဘေးကင်းအောင် ဂရုတစိုက်နေခြင်းဟု ယူဆပါသည်။
ထိုသို့ အန္တရာယ်နှင့်အနီးကပ်မှာနေပြီး စွန့်စားလုပ်ကိုင် တာဝန်ယူနေရသူများကို စာနာစိတ်ထားရင်း မိမိတို့ကိုယ်တိုင်နှင့် မိမိတို့မိသားစုများ အပါအဝင် မိမိတို့ လူမှုဝန်းကျင်တစ်ခုလုံးကို ကပ်ရောဂါဘေးက ကာကွယ်နိုင်ရန် ပြည်သူတို့ စည်းကမ်းဥပဒေများကို လိုက်နာကြရန် တိုက်တွန်းလိုပါသည်။ ထို့ပြင် အိမ်တွင်း၌သာ နေထိုင်ကြခြင်း၊ မဖြစ်မနေ အပြင်ထွက်ရမည်ဆိုလျှင် မျက်နှာဖုံး နှာခေါင်းစည်းတပ်ခြင်း၊ လူစုလူဝေး မပြုလုပ်ခြင်း၊ လူချင်းအနည်းဆုံး ခြောက်ပေအကွာမှာ နေခြင်း၊ လက်ကို စနစ်တကျဖြင့် စက္ကန့် ၂၀ ကြာ ရေနှင့်ဆပ်ပြာ သို့မဟုတ် လက်သန့်ဆေးရည်ဖြင့် ဆေးကြောခြင်းတို့ကို ပြည်သူတစ်ဦးချင်းစီ၏ အသိစိတ်ဓာတ်ဖြင့် ကျင့်သုံးလိုက်နာကြရန်လည်း နှိုးဆော်လိုပါသည်။
မြန်မာနိုင်ငံသည် ရုပ်ပိုင်းဆိုင်ရာအရပ်ရပ်တွင် ချို့တဲ့သည့် နိုင်ငံဖြစ်သော်လည်း မေတ္တာစွမ်းအား၊ စေတနာစွမ်းအား၊ စိတ်ဓာတ်စွမ်းအား၊ ဝီရိယစွမ်းအားတို့ ချမ်းသာသည့် နိုင်ငံဖြစ်သည်ဟု ကောင်းစွာနားလည်ပါသည်။ ထိုစွမ်းအားတို့ကို အခြေပြု၍ မြန်မာနိုင်ငံသားတို့၏ ညီညွတ်မှုစွမ်းအား၊ အသိဉာဏ်စွမ်းအား ကြီးမားကြအောင် ကြိုးစားကြခြင်းဖြင့် တစ်ကျော့ပြန် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကို ကျော်လွှားအောင်မြင် နိုင်ကြမည်ဟု ယုံကြည်ပါကြောင်း။ ။