ခန္ဓာကိုယ်တွင် ကိုယ်ခံအားလျော့နည်းကျဆင်းလာသည့်အခါ ပြင်ပမှရောဂါပိုးအမျိုးမျိုးတို့ ကိုယ်တွင်းသို့ဝင်ရောက်တိုက်ခိုက်လာတတ်ကြသည်။ ခုခံနိုင်စွမ်းလျော့နည်းသည့်အခါ ရောဂါပိုးတို့၏ ထိုးဖောက်ဝင်ရောက်မှုကို မတွန်းလှန်နိုင်ဘဲ နာဖျားမကျန်းဖြစ်ကြရသည်။ ရောဂါကူးစက်မှုကြောင့် အခန့်မသင့်ပါက ခန္ဓာပျက်ကိန်းသို့လည်း ဆိုက်ရောက်သွား နိုင်သည်။
နိုင်ငံတစ်နိုင်ငံအနေဖြင့်လည်း ပြည်တွင်းစည်းလုံးညီညွတ်မှုသည် ထိုနိုင်ငံ၏ကိုယ်ခံအားပင်ဖြစ်သည်။ ပြည်တွင်းစည်းလုံး ညီညွတ်မှုကင်းမဲ့လျှင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများပြုလုပ်၍မရ။ အဖျက်အဆီးများကြားမှာ တည်ဆောက်၍မရနိုင်။ အဆုံးစွန်တွင် နိုင်ငံပျက်သုဉ်းသည့် အခြေအနေသို့လည်း ကျရောက်သွားနိုင်သည်။ နိုင်ငံတိုင်းက မိမိတို့နိုင်ငံ၏စွမ်းအားများ ခိုင်မာတောင့်တင်းရေးအတွက် စည်းလုံးညီညွတ်မှုကို ဦးစွာတည်ဆောက်ထားကြရသည်။ ကမ္ဘာပေါ်ရှိနိုင်ငံအများစုတို့မှာ ဘာသာစကားမတူ၊ ဓလေ့ထုံးစံမတူ၊ ယုံကြည်ကိုးကွယ်မှုမတူ စသည်ဖြင့် မတူကွဲပြားသည့်လူမျိုးများ၊ မျိုးနွယ်စုများ စုပေါင်းနေထိုင်ကြခြင်းဖြစ်သည်။ ယင်းသို့စုပေါင်းနေထိုင်ကြရာတွင် တစ်ခုတည်းသော နိုင်ငံသားစိတ်ဖြင့် ယုံကြည်စွာ၊ ရင်းနှီးစွာ၊ ယဉ်ကျေးစွာ၊ ငြိမ်းချမ်းစွာ အတူတကွပေါင်းစည်းယှဉ်တွဲနေထိုင်ကြခြင်း ဖြစ်သည်။
မတူကွဲပြားသည့် လူမျိုးများအကြား သပ်လျှိုသွေးခွဲခြင်းမှာ စည်းလုံးညီညွတ်မှု တည်ဆောက်ရခြင်းထက် များစွာပို၍လွယ်ကူသည်။ လူမျိုးများအကြား အမုန်းတရားကြီးထွားလာစေရန်ပြုလုပ်ခြင်း၊ လူမျိုးတစ်မျိုးကိုဦးတည်၍ မုန်းတီးလာစေရန်ပြုလုပ်ခြင်း၊ မိမိလူမျိုး၏ဝိသေသလက္ခဏာကို အလွန်အကျွံမြှင့်တင်ပြီး လူမျိုးရေးစိတ်ဓာတ် အစွန်းရောက်လာစေရန် ပြုလုပ်ခြင်းစသည်တို့မှာ လူမျိုးရေးသပ်လျှို သွေးခွဲမှုများ၏ အဓိကသွင်ပြင်များပင်ဖြစ်ပြီး လူမှုကွန်ရက်မီဒီယာခေတ်တွင် အလွယ်တကူပြုလုပ်နိုင်သည့် လုပ်ရပ်များဖြစ်သည်။ လုပ်ရန်လွယ်ကူသလောက် နိုင်ငံအတွက်လွန်စွာအန္တရာယ်များသည်။ မိမိတို့နိုင်ငံတွင်လည်း စည်းလုံးညီညွတ်မှုကို ခက်ခက်ခဲခဲတည်ဆောက်ထားရခြင်းဖြစ်ပြီး မျက်မှောက်ကာလ နိုင်ငံတော်ကြီး၏ပုံသဏ္ဌာန်ကို သမိုင်းတစ်လျှောက် အသက်၊ သွေး၊ ချွေး ပေါင်းများစွာဖြင့် ရင်းနှီးတည်ဆောက်ထားခဲ့ရခြင်းဖြစ်သည်။
ယနေ့ကမ္ဘာကြီးသည် မိမိတို့တစ်သက်တာအတွင်း မကြုံစဖူးသော အခြေအနေများဖြစ်ပေါ်နေချိန်ဖြစ်ပြီး မြင်အပ်မမြင်အပ်ကိစ္စရပ်များနှင့်လည်း ရှုပ်ထွေးလျက်ရှိသည်။ ကမ္ဘာ့ဝင်ရိုးအပြောင်းအလဲကာလ ပါဝါအားပြိုင်မှုများကြားမှ နိုင်ငံငယ်များ၏အခြေအနေမှာ ဧရာမသင်္ဘောကြီးများ ယှဉ်ပြိုင်ခုတ်မောင်းသွားခြင်းကြောင့် ဖြစ်ပေါ်လာသည့် လှိုင်းဂယက်များအကြား အလူးလူးအလိမ့်လိမ့်မောင်းနှင်ကြရသည့် သင်္ဘောငယ်၊ စက်လှေငယ်လေးများသဖွယ် ဖြစ်သည်ဟုတင်စားကြသည်။ ယင်းသို့သော ကမ္ဘာ့အခြေအနေတွင် မိမိနိုင်ငံ စုံးစုံးမြုပ်မသွားစေရန်မှာ နိုင်ငံတွင် ကိုယ်ခံအားကောင်းဖို့လိုသည်။ အစိုးရနှင့် ပြည်သူအကြား၊ ပြည်သူနှင့်ပြည်သူအကြား စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်ရှိဖို့လိုသည်။
မိမိတို့ဘိုးဘွားများ တည်ဆောက်ခဲ့သည့် နိုင်ငံတော်ပုံပန်းမပျက် ခိုင်ခိုင်မာမာဆက်လက်တည်ရှိနေရန်၊ နိုင်ငံ့အချုပ်အခြာအာဏာ၏ သင်္ကေတဖြစ်သော နိုင်ငံတော်အလံ နိုင်ငံတစ်ဝန်း ထာဝရလွင့်ပျံတည်ရှိနေရန်၊ အကြမ်းဖက်နှင့်စစ်မက်ဘေးတို့ ကင်းစင်ပပျောက်ကာ နိုင်ငံအတွင်း မှီတင်းနေထိုင်သူပြည်သူအားလုံး အေးချမ်းသာယာစွာ နေထိုင်နိုင် ကြစေရန်အတွက် မိမိတို့ခေတ်အခါတွင် ကျရောက်လာသည့် သမိုင်းပေးတာဝန်ကို မိမိတို့အားလုံး ကျေပွန်ကြရပါမည့်အကြောင်း။ ။