နိုင်ငံတစ်ဝန်းရှိ စက်သုံးဆီအရောင်းဆိုင်အချို့တွင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ဆီပြတ်လပ်မှုဖြစ်ခဲ့ရသည်။ စက်သုံးဆီရောင်းအားနှင့် ဝယ်လိုအားမမျှသဖြင့် စက်သုံးဆီဝယ်ယူမှု များပြားနေသည်ကိုအကြောင်းပြု၍ လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် မြန်မာနိုင်ငံ၌ စက်သုံးဆီပြတ်လပ်တော့မည်ဖြစ်ကြောင်း မဟုတ်မမှန် ကောလာဟလသတင်းများ ပေါ်ထွက်လာခဲ့သည်။
ပြီးခဲ့သည့် ဇူလိုင်လလယ်ခန့်မှစ၍ မြန်မာနိုင်ငံအနှံ့အပြားတွင် မိုးအဆက်မပြတ်ရွာသွန်းခဲ့ပြီး ဒေသအချို့ရှိ လမ်းပိုင်းများပေါ်တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်နေခြင်းကြောင့် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းများ ဆောင်ရွက်နေသည့် သီလဝါဆိပ်ကမ်းဒေသရှိ သိုလှောင်ကန်များ၏ ပုံမှန်လုပ်ငန်းဆောင်ရွက်မှုများ အနည်းငယ်နှောင့်နှေးကြန့်ကြာခြင်း၊ စက်သုံးဆီသယ်ယူပို့ဆောင်ရာတွင်လည်း လမ်းခရီးအခြေအနေအရ အချို့ဒေသများသို့ ဆီတင်ယာဉ်ရောက်ရှိရန် အချိန်အနည်းငယ်ကြာခြင်းတို့ကြောင့် စက်သုံးဆီအရောင်းဆိုင်အချို့တွင် ဆီအမျိုးအစား အချို့ယာယီပြတ်လပ်မှုဖြစ်ပေါ်ခဲ့သည်။
ယင်းသို့ အခိုက်အတန့် ဆီပြတ်လပ်မှုဖြစ်ပေါ်ခဲ့သည်ကိုအကြောင်းပြု၍ အချို့စက်သုံးဆီအရောင်းဆိုင်များတွင် ဆီတန်းစီနေသောယာဉ်များ ဖြစ်ပေါ်လာခဲ့သည်။ ထိုသို့ စက်သုံးဆီအချို့ ယာယီပြတ်လပ်မှုမဖြစ်ပေါ်စေရေးအတွက် စနစ်တကျ ထိန်းသိမ်းရောင်းချစေလျက်ရှိသည့်အပြင် လိုအပ်ပါက အရေးပေါ်အစီအစဉ်ဖြင့် ဖြည့်တင်းပေးခြင်း၊ ရေကြီးရေလျှံမှုကြောင့် ယာယီပိတ်သိမ်းထားသော အရောင်းဆိုင်များသို့ပေးပို့နေသည့် စက်သုံးဆီများကို လိုအပ်သည့်အရောင်းဆိုင်များသို့ ရွှေ့ပြောင်းရောင်းချစေခြင်းတို့ကိုလည်း စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။
စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေဖြင့် ပြည်တွင်း၌ စက်သုံးဆီဖူလုံမှုရှိစေရန်နှင့် ပြတ်လပ်မှုမရှိစေရန်အတွက် သီလဝါဆိပ်ကမ်းဒေသရှိ သိုလှောင်ကန်စခန်းများ၌ ၂၀၂၄ ခုနှစ် ဩဂုတ်လ ဒုတိယ ပတ်ကုန်အထိ စက်သုံးဆီဖူလုံစွာသုံးစွဲနိုင်ရေး ကြိုတင်သိုလှောင်ဖြန့််ဖြူးပေးလျက်ရှိပြီး ပြည်ပမှ စက်သုံးဆီတင်သင်္ဘောကြီးများလည်း စဉ်ဆက်မပြတ်ဝင်ရောက်နိုင်ရန် စီမံကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိသည်။
ယခုအခါ မြန်မာနိုင်ငံအနှံ့အပြားတွင် မိုးအဆက်မပြတ် ရွာသွန်းလျက်ရှိပြီး အချို့ဒေသများ၌ ရေကြီးရေလျှံဖြစ်ပေါ်နေသည်ကို မြင်တွေ့ရမည်ဖြစ်သည်။ ရေကြီးရေလျှံဖြစ်သည့်နေရာများ၌ အခိုက်အတန့်ဖြစ်စေ၊ ရက်ရှည်ကြာဖြစ်စေ လမ်းပန်းဆက်သွယ်မှုများ ပြတ်တောက်ခဲ့သဖြင့် စက်သုံးဆီတင်ဘောက်ဆာများအပါအဝင် ပို့ဆောင်သွားလာသည့်ယာဉ်များအားလုံး နှောင့်နှေးကြန့်ကြာမှုများဖြစ်ခဲ့ရသည်။ သို့သော် စက်သုံးဆီပြတ်လပ်မှုမရှိစေရန်အတွက် ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် ဆိုင် ၉၈ ဆိုင်၊ ရန်ကုန်တိုင်းဒေသကြီးတွင် ဆိုင် ၁၉၆ ဆိုင်၊ မန္တလေးတိုင်းဒေသကြီးတွင်ဆိုင် ၆၉၂ ဆိုင်အပါအဝင် နိုင်ငံတစ်ဝန်းရှိဆိုင် ၃၀၀၀ ကျော်တွင် နေ့စဉ်ပုံမှန် ဖြန့်ဖြူးပေးလျက်ရှိသည်။
ထိုသို့ စက်သုံးဆီများ နေ့စဉ်ပုံမှန်ဖြန့််ဖြူးပေးလျက်ရှိသည့်အပြင် လိုအပ်ပါက အရေးပေါ်အစီအစဉ်၊ အထူးအစီအစဉ်တို့ဖြင့်လည်း ထပ်မံ၍ တစ်ရက်လျှင် ဓာတ်ဆီ နှင့် ဒီဇယ်ဆီ စုစုပေါင်းဂါလန်သုံးသန်းခန့်ကို ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရသည်။ စက်သုံးဆီဝယ်ယူသည့်ယာဉ်များ စုပြုံတန်းစီနေမှုမှာ နေပြည်တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ အရောင်းဆိုင် ၁၀၀ အနက် ငါးဆိုင်၊ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ အရောင်းဆိုင် ၁၄၆ ဆိုင်အနက် ၂၄ ဆိုင်၊ မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ အရောင်းဆိုင် ၁၆၃ ဆိုင်အနက် ၁၉ ဆိုင်နှင့် အခြားမြို့များရှိ စက်သုံးဆီအရောင်းဆိုင်အချို့တွင်သာ စုပြုံတန်းစီဝယ်ယူမှုရှိခဲ့ပြီး ကျန်စက်သုံးဆီရှိသည့် အရောင်းဆိုင်များတွင် ဝယ်ယူသူနည်းသည်ဟု သိရသည်။
ထိုကဲ့သို့ စက်သုံးဆီပြတ်လပ်၍ တန်းစီဝယ်ယူမှုဖြစ်စဉ်ကို ယမန်နှစ်ကလည်း ကြုံတွေ့ခဲ့သည်။ လမ်းပန်းဆက်သွယ်ရေး အခိုက်အတန့်ပြတ်တောက်မှုကြောင့် စက်သုံးဆီ အခိုက်အတန့် ပြတ်လပ်မှုဖြစ်ပေါ်ခဲ့သည့်အပေါ်တွင် အများပြည်သူတို့အနေဖြင့် စက်သုံးဆီပြတ်လပ်တော့မည်ဆိုသည့် ကောလာဟလသတင်းစကားများကြောင့် စိုးရိမ်ပူပန်မှုများဖြစ်ပေါ်ကာ လိုသည်ထက် ပိုမိုဝယ်ယူခြင်း၊ သိုလှောင်ထားရှိခြင်း၊ အချို့က ဈေးနှုန်းမြှင့်တင်ပြီး တစ်ဆင့်ပြန်လည်ရောင်းချခြင်းတို့ မပြုလုပ်မိရန် လိုအပ်ပါသည်။
သို့ဖြစ်ရာ စက်သုံးဆီကို သုံးစွဲရန်လိုအပ်သည့်ပမာဏကိုသာ ဝယ်ယူသုံးစွဲကြရန်၊ အကယ်၍ ဆိုင်တစ်ဆိုင်တွင် ယာဉ်စီးရေများနေပါက အခြားဆိုင်များသို့ သွားရောက်ဝယ်ယူရန်၊ မလိုအပ်ဘဲ အချိန်ကြာမြင့်စွာတန်းစီဝယ်ယူခြင်းကြောင့် လမ်းသွားလမ်းလာပြည်သူများနှင့်သွားလာနေသော ယာဉ်များပိတ်ဆို့မှုမဖြစ်စေရန်၊ အရောင်းဆိုင်များအနေဖြင့်လည်း စက်သုံးဆီရှိလျက်ဖြင့် မရောင်းချခြင်းမပြုလုပ်ရန်တို့လိုအပ်ပြီး လက်ရှိအခြေအနေတွင် သွားလာဆက်သွယ်မှု လွယ်ကူစေရေးအတွက် စက်သုံးဆီကို လုံလောက်အောင် စီမံဆောင်ရွက်ထားပါကြောင်း။ ။