ကမ္ဘာတစ်ဝန်းရှိ လူငယ်များ ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများနှင့် စိန်ခေါ်မှုများကို နိုင်ငံတကာအသိုင်းအဝိုင်းက အလေးဂရုပြုလာစေရေးနှင့် မျက်မှောက်ကမ္ဘာ့ရေးရာများတွင် လူငယ်များ၏ အခန်းကဏ္ဍကို အသိအမှတ်ပြုလာစေရေးတို့အတွက် နှစ်စဉ် ဩဂုတ်လ ၁၂ ရက်တွင် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ကို ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၌ ကျင်းပလျက်ရှိသည်။ ယခုနှစ် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အတွက် သတ်မှတ်ထားသည့် ဆောင်ပုဒ်မှာ “စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး၊ လူငယ်များရဲ့ ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုဖြင့် ဖော်ဆောင်ပေး” “From Click To Progress : Youth Digital Pathways For Sustainable Development ” ဟူ၍ ဖြစ်သည်။
ယနေ့ကမ္ဘာပေါ်တွင် အသက် ၁၅ နှစ်မှ ၂၄ နှစ်ကြားရှိသူ လူငယ်ဦးရေ ၁ ဒသမ ၂ ဘီလီယံခန့်ရှိနေရာ ယင်းအရေအတွက်သည် ကမ္ဘာ့လူဦးရေ စုစုပေါင်း၏ ၁၆ ရာခိုင်နှုန်းခန့်ရှိသည်။ ကမ္ဘာ့လူငယ်ဦးရေ၏ ၈၅ ရာခိုင်နှုန်းသည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ရှိနေသည့်အနက် အာရှဒေသတစ်ခုထဲမှာပင် ၆၀ ရာခိုင်နှုန်းခန့်ရှိနေသည်။ ကုလသမဂ္ဂက ချမှတ်ထားသည့် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးမှုအစီအစဉ်ဖြစ်သည့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်များ (Sustainable Development Goals.SDGs) ပြီးဆုံးရမည့် ၂၀၃၀ ပြည့်နှစ်တွင် ကမ္ဘာ့လူငယ်ဦးရေမှာ ၁ ဒသမ ၃ ဘီလီယံခန့်ရှိလာမည်ဖြစ်သည်။ လူငယ်များသည် ဒစ်ဂျစ်တယ်နည်းပညာဆိုင်ရာ သုံးစွဲမှု၊ တီထွင်မှုစသည်တို့တွင် ဦးဆောင်နေသူများဖြစ်ရာ အင်တာနက်သုံးစွဲသူများတွင် အသက် ၁၅ နှစ်မှ ၂၄ နှစ်အကြားရှိသူ အသက်အုပ်စု၏ လေးပုံသုံးပုံက သုံးစွဲနေကြပြီး အခြားအသက်အုပ်စုများထက် မြင့်မားသည်ဟု ၂၀၂၂ ခုနှစ်အတွင်းက လေ့လာ ချက်တစ်ရပ်က ဆိုသည်။
ယခုနှစ် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့၏ ဆောင်ပုဒ်သည် ဒစ်ဂျစ်တယ်နည်းပညာများဖြင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်များကို အကောင်အထည်ဖော်ရာတွင် လူငယ်များ၏ နည်းပညာကျွမ်းကျင်မှုများဖြင့် အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ခြင်းဖြစ်သည်။ လေ့လာတွေ့ရှိချက်များအရ ဒစ်ဂျစ်တယ်နည်းပညာနှင့် ဒေတာအချက်အလက်များက စီးပွားရေး၊ လူမှုရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့အပေါ်တွင် သက်ရောက်မှုများရှိပြီး စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်ပါရည်မှန်းချက် ၁၆၉ ခု၏ ၇၀ ရာခိုင်နှုန်းအထိ အနည်းဆုံးအားဖြင့် အထောက်အကူဖြစ်စေသည်။ အဆိုပါရည်မှန်းချက်များ အောင်မြင်ပြီးမြောက်စေရေး ဆောင်ရွက်ရာတွင် ဒစ်ဂျစ်တယ်နည်းပညာဖြင့် ဆောင်ရွက်ခြင်းအားဖြင့် စရိတ်စကကုန်ကျမှုကိုလည်း အမေရိကန်ဒေါ်လာ ၅၅ ထရီလီယံအထိ လျှော့ချပေးနိုင်သည်ဟု ဆိုသည်။
မိမိတို့နိုင်ငံတွင် အသက်အပိုင်းအခြား ၁၅ နှစ်မှ ၃၅ နှစ် အတွင်းရှိ နိုင်ငံသားများကို လူငယ်ဟူ၍ ဖွင့်ဆိုထားသည်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ အဆိုပါအသက်အပိုင်းအခြားအတွင်းရှိသူ လူငယ်စုစုပေါင်းမှာ နိုင်ငံ့လူဦးရေ၏ ၃၃ ဒသမ ၈၁ ရာခိုင်နှုန်းရှိသည်။ နိုင်ငံ့လူဦးရေ၏ သုံးပုံတစ်ပုံခန့်မှာ လူငယ်များပင်ဖြစ်သည်။ နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ကြဉ်းနိုင်သူများမှာ လူငယ်များပင်ဖြစ်ရာ လူငယ်များအတွက် လိုအပ်လျက်ရှိသော ပညာဗဟုသုတနှင့် အခွင့်အလမ်းများကို ဖြည့်ဆည်းပေးခြင်းအားဖြင့် အပြုသဘောဆောင်သည့် အင်အားများ တစ်နည်းအားဖြင့် နိုင်ငံအတွက် ဖွံ့ဖြိုးတိုးတက်အောင် ဖန်တီးပေးနိုင်စွမ်းရှိသည့် အင်အားစုများဖြစ်လာနိုင်သည့်အလျောက် လူငယ်များ၏ အခြေခံအရည်အသွေးများ တိုးတက်မြင့်မားရေး၊ နိုင်ငံ့အရေးအရာတို့တွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်နိုင်ရေးတို့အတွက် အလေးထားဖော်ဆောင်ပေးကြရပါမည့်အကြောင်း။ ။