Skip to main content

လူငယ်များစွမ်းပကားဖြင့် နိုင်ငံတည်ဆောက်

ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီးသည် ၎င်းတို့နိုင်ငံ၏ အနာဂတ်လူ့ဘောင်အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ကြရာတွင် မျိုးဆက်သစ်လူငယ်များကို အားကိုးအားထားပြုကြသည်။ ယနေ့လူငယ်သည် နောင်တစ်ခေတ်တွင် လူကြီးများဖြစ်လာပြီး နိုင်ငံ့တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြမည့်သူများဖြစ်သည်။ ထို့ကြောင့် လူငယ်လူရွယ်များကို တန်ဖိုးထားသောအားဖြင့် ကုလသမဂ္ဂ၏ (၅၄) ကြိမ်မြောက် အစည်းအဝေးတွင် နှစ်စဉ်ဩဂုတ်လ ၁၂ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ဟု သတ်မှတ်ခဲ့သည်။

အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ကို နှစ်စဉ်သတ်မှတ်ကျင်းပခြင်းသည် လူငယ်များအနေဖြင့် မျက်မှောက်ကာလတွင် ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲများကို ဖြေရှင်းပေးနိုင်ရန်၊ ကမ္ဘာ့လူငယ်များအတွက် အစီအစဉ်များကို နိုင်ငံတကာက အာရုံစိုက်လာစေရန်၊ လူငယ်များ၏စွမ်းပကားများ မြင့်မားတိုးတက်လာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် နှစ်စဉ်ဆောင်ပုဒ်များချမှတ်၍ ကျင်းပခဲ့သည်။ ၂၀၂၄ ခုနှစ် အပြည်ပြည် ဆိုင်ရာလူငယ်များနေ့အတွက် ချမှတ်ထားသည့်ဆောင်ပုဒ်မှာ “စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး လူငယ်များရဲ့ ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုဖြင့် ဖော်ဆောင်ပေး” ဖြစ်သည်။

မြန်မာနိုင်ငံ၏ လူငယ်ရေးရာမူဝါဒအရ အသက် ၁၅ နှစ်မှ အသက် ၃၅ နှစ် အတွင်းရှိသူများကို လူငယ်များဟုဆိုထားသည်။ ကုလသမဂ္ဂကကောက်ယူထားသော စာရင်းများအရ ကမ္ဘာပေါ်တွင် လူငယ်ဦးရေသည် ၁ ဒသမ ၂ ဘီလီယံခန့်ရှိသည်။ လူငယ်ထု၏ ၈၅ ရာခိုင်နှုန်းသည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် နေထိုင်ကြပြီး လူငယ်အနည်းစုသည် လူမှုအသိုက်အဝန်းများ၌ဝင်ဆံ့ပြီး လိုအပ်သည့်ပညာရေးနှင့် အခြားဝန်ဆောင်မှုများကို ရရှိကြသည်။ လူငယ်အများစုသည် ဆင်းရဲနွမ်းပါးမှု၊ ပညာရေးနှင့် ကျန်းမာရေးနိမ့်ကျမှု၊ မူးယစ်ဆေးဝါးနှင့် အကြမ်းဖက်မှုအန္တရာယ်၊ စစ်မက်ဖြစ်ပွားမှုနှင့် အလုပ်အကိုင်အခွင့်အလမ်းနည်းပါးမှု စသည်တို့နှင့်ရင်ဆိုင်နေရသည်။

မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ် နိုဝင်ဘာလက “လူငယ်ရေးရာမူဝါဒ”ကို ရေးဆွဲပြဋ္ဌာန်းခဲ့သည်။ နိုင်ငံအတွင်းရှိ လူငယ်များ၏ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှု ရေး၊ ယဉ်ကျေးမှု၊ ဖွံ့ဖြိုးမှု စသည့်အနာဂတ်အလားအလာကောင်းများကို ဖြည့်ဆည်းပေးနိုင်မည့် မဟာဗျူဟာလမ်းညွှန်ချက်များ မူဝါဒတွင်ပါရှိသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ၂၀၂၂ ခုနှစ် ဇွန်လ ၂၄ ရက်နေ့တွင် လူငယ်များအား မှန်ကန်သည့်လမ်းကြောင်းပေါ်တွင် ရောက်ရှိစေကာ နိုင်ငံ့သားကောင်းများ ဖြစ်လာစေရန် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီကို ပြင်ဆင်ဖွဲ့စည်းခဲ့သည်။

နိုင်ငံတော်၏ လူမှုရေးဦးတည်ချက်တွင် “နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး” အချက်ပါရှိပြီး လက်တွေ့အကောင်အထည်ဖော်လျက်ရှိသည်။ လူငယ်များနှင့်ပညာရေးသည် တစ်သားတည်းဖြစ်၍ ပညာရေးမှတစ်ဆင့် ဗလငါးတန်နှင့်ပြည့်စုံပြီး ထူးချွန်ထက်မြက်သော လူငယ်လူရွယ်များကို ပြုစုပျိုးထောင်မွေးထုတ်ပေးလျက်ရှိသည်။ လူငယ်များ၏စွမ်းရည်များ မြင့်မားထူးချွန်စေရန် လူရည်ချွန်စီမံကိန်းကို နှစ်စဉ် ပြုလုပ်ပေးလျက်ရှိသည်။

ကျောင်းအားရက်ကာလများတွင် လူငယ်စကားဝိုင်းများကို ကျင်းပပြုလုပ်ပေးပြီး အသိပညာဗဟုသုတနှင့် စွမ်းဆောင်ရည်များ ကြွယ်ဝလာစေရန် လေ့ကျင့်ပျိုးထောင်ပေးလျက်ရှိသည်။ မြန်မာနိုင်ငံရှိ လူငယ်လူရွယ်များအား ရေကြောင်းနှင့် လေကြောင်းပညာကို စိတ်ဝင်စားသူများနှင့် ကျွမ်းကျင်သူများဖြစ်ပေါ်လာစေရန် လေကြောင်းလူငယ်နှင့် ရေကြောင်းလူငယ်သင်တန်းများကို နှစ်စဉ်ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။ ထို့အပြင် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ထက်သန်ပြီး အဖွဲ့အစည်းစိတ်ဓာတ်ဖြင့် နိုင်ငံတော်ကာကွယ်ရေးတွင် လူငယ်လူရွယ်များ ပါဝင်ထမ်းဆောင်နိုင်စေရန် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်အညီ ပြည်သူ့စစ်မှုထမ်းသင်တန်းများ ဖွင့်လှစ် ပေးလျက်ရှိသည်။

နိုင်ငံ၏အနာဂတ်ကို ပခုံးပြောင်းတာဝန်ယူထမ်းဆောင်ကြမည့် မျိုးဆက်သစ်လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး စွမ်းဆောင်ရည် မြင့်မားတိုးတက်လာစေ ရန်အတွက် နိုင်ငံတော်အစိုးရ၊ မိဘပြည်သူများနှင့် ဆရာ ဆရာမများက စဉ်ဆက်မပြတ် ပြုစုပျိုးထောင် မွေးထုတ်ပေးလျက်ရှိရာ အနာဂတ်နိုင်ငံတော်အတွက် အားကိုးအားထားပြုနိုင်မည့် လူငယ်လူရွယ်များ၊ လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွက်လာမည်ဟုမျှော်မှန်းထားသည်။ လောကတွင် အပြုနှင့်အဖျက်တို့သည် ဒွန်တွဲဖြစ်ပေါ်လျက်ရှိရာ လူငယ်လူရွယ်များအား လမ်းမှားပေါ်သို့ရောက်အောင် တွန်းပို့ပေးခဲ့သူများ လည်းရှိသည်။

သို့ဖြစ်ရာ ယနေ့လူငယ်လူရွယ်များသည် နိုင်ငံ၏အား၊ နိုင်ငံ၏အားထားရာ အရင်းအမြစ်များဖြစ်၍ လူငယ်လူရွယ်များကို နိုင်ငံတော်က တန်ဖိုးထားမြှင့်တင်အားပေးဆောင်ရွက်ပေးလျက်ရှိရာ လူငယ်လူရွယ်များအနေဖြင့် မိမိတို့၏ဘဝ၊ မိမိမိသားစုဘဝ၊ မိမိပတ်ဝန်းကျင်ဘဝ၊ မိမိနိုင်ငံအနာဂတ်ဘဝ တောက်ပြောင်လင်းလက် ကောင်းမွန်လာအောင် အားကြိုးမာန်တက် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။