Skip to main content

နိုင်ငံစဉ်ဆက်မပြတ်ဖွံ့ဖြိုးရေး အရှိန်အဟုန်မြှင့်တင်

၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်းအစီရင်ခံစာအရ မြန်မာနိုင်ငံရှိ လူဦးရေစုစုပေါင်း၏ ၃၃ ရာခိုင်နှုန်းကျော်သည် လူငယ်များဖြစ်သည့်အတွက် မြန်မာနိုင်ငံသည် လူငယ်ထုအင်အား သို့မဟုတ် လူ့စွမ်းအားအရင်းအမြစ်အင်အား များပြားသည့်အခြေအနေကောင်းများ ပိုင်ဆိုင်ထားသောနိုင်ငံဖြစ်သည်။ ထိုသို့ အင်အားကောင်းမွန်သည့် လူငယ်ထုအင်အားကို ကောင်းစွာပြုစုပျိုးထောင်ပြီး နိုင်ငံတော်အနာဂတ်အတွက် ဖန်တီးတည်ဆောက်ပေးကြရမည်ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကချမှတ်ထားသော လူမှုရေးဦးတည်ချက်၏ တတိယအချက်တွင် “နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသောလူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး” အချက်ကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ လူငယ်များသည် နိုင်ငံ၏အနာဂတ်ကို ကောင်းမွေ၊ ဆိုးမွေတို့ ဖန်တီးနိုင်သူများဖြစ်၍ လူငယ်များအား လမ်းမှားပေါ်သို့ မရောက်ရှိစေဘဲ မှန်ကန်သည့်လမ်းကြောင်းပေါ်တွင် ဖြောင့်တန်းစွာလျှောက်လှမ်း နိုင်ရန်အတွက် ဝိုင်းဝန်းတည့်မတ်ပေးကြရမည်ဖြစ်သည်။

ယနေ့လူငယ်များသည် အနာဂတ်လူ့ဘောင်ကို ပိုင်စိုးကြမည့်သူများဖြစ်သည်။ အနာဂတ်လူ့ဘောင်ကို ဖန်တီးတည်ဆောက်ကြမည့် နိုင်ငံ့အရင်းအမြစ်များဖြစ်သည်။ တစ်နည်းဆိုလျှင် တိုင်းပြည်၏အနာဂတ်ခေါင်းဆောင်များဖြစ်သည်။ လူငယ်များကို ပညာတတ်မြောက်ရေးသက်သက်သာမဟုတ်ဘဲ စနစ်တကျ မှန်မှန်ကန်ကန် လေ့ကျင့်ပျိုးထောင်ပေးနိုင်မှသာ အနာဂတ်နိုင်ငံတော်ကို မြင့်မားတိုးတက်အောင် ဆောင်ရွက်ပေးသွားနိုင်မည်ဖြစ်သည်။ စိတ်ဓာတ်မြင့်မားသူ၊ အတွေးအခေါ်မှန်ကန်သူ၊ ရိုးသားဖြောင့်မတ်သူ၊ စွမ်းရည်ပြည့်စုံသူ လူငယ်များဖြစ်မှသာ နိုင်ငံကိုကောင်းမွန်အောင် တည်ဆောက်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် လူငယ်များအား ဗလငါးတန်နှင့်ပြည့်စုံအောင် လေ့ကျင့်ပျိုးထောင်သွားကြရမည်ဖြစ်သည်။

“စည်းလုံးညီညွတ်ပြီး သဟဇာတဖြစ်သည့် အနာဂတ်လူ့ဘောင်အဖွဲ့အစည်းကို ထူးချွန်ထက်မြက်သည့်၊ ကျန်းမာကြံ့ခိုင်သည့်၊ တွေးခေါ်နိုင်စွမ်းရှိပြီး အကျင့်စာရိတ္တကောင်းမွန်သည့်၊ စိတ်ဓာတ်စည်းကမ်းကောင်းမွန်သည့် လူကောင်းလူတော်များဖြင့်သာ ဖန်တီးဖော်ဆောင်နိုင်မည်ဖြစ်သောကြောင့် နိုင်ငံ၏အနာဂတ်အတွက် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ၊ ကော်မတီများနှင့် တာဝန်ရှိသူအားလုံးက ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု အားကောင်းစွာဖြင့် ကြိုးပမ်းအားထုတ်သွားကြရန်” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အခမ်းအနားတွင် တိုက်တွန်းပြောကြားခဲ့သည်။

မျိုးဆက်သစ်လူငယ်လူရွယ်များကို မှန်ကန်သည့်လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်ရန်အတွက် ပထမဦးစွာ မိဘ၊ ဆရာသမားများနှင့် လူငယ်များ၏ ရပ်တည်လှုပ်ရှားနေသော ပတ်ဝန်းကျင်အခြေအနေပေါ်တွင် အဓိကမူတည်သည်။ ထို့နောက် လူငယ်များနှင့်သက်ဆိုင်သည့် နိုင်ငံတော်အဆင့်အဖွဲ့အစည်းများနှင့် သက်ဆိုင်နေပေသည်။ လူငယ်များသည် စိတ်ဓာတ်နှင့် အကျင့်စာရိတ္တကောင်းမွန်သည့် ပတ်ဝန်းကျင်တွင် လှုပ်ရှားဆောင်ရွက်ပြီး လူငယ်လူရွယ်များ ဘက်စုံထူးချွန်ထက်မြက်ကာ အတတ်ပညာရှင်၊ အသိပညာရှင်များ ထွက်ပေါ်လာစေရေး၊ ဗလငါးတန် ပြည့်စုံစေရေးနှင့် မှန်ကန်သည့်လမ်းကြောင်းပေါ်တွင် ရောက်ရှိစေရေး၊ နိုင်ငံတော်နှင့် ပြည်သူကို အကျိုးပြုမည့် နိုင်ငံ့သားကောင်းရတနာများ ဖြစ်ပေါ်လာစေရေးအတွက် အားလုံးကမျက်ခြည်မပြတ် ပြုစုပျိုးထောင်ပေးကြရမည်ဖြစ်သည်။

နိုင်ငံတော်အစိုးရအနေဖြင့် မျိုးဆက်သစ်လူငယ်များ နိုင်ငံ့သားကောင်းရတနာများ ဖြစ်လာစေရေးအတွက် လူငယ့်ရေးရာမူဝါဒကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ လူငယ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီ၊ မြန်မာနိုင်ငံ လူငယ်ရေးရာလုပ်ငန်းကော်မတီနှင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် လူငယ်ရေးရာကော်မတီတို့ကိုဖွဲ့စည်းပြီး အကောင်အထည်ဖော် လျက်ရှိသည်။ ယခုအခါ ယခင်နှစ်များနှင့်မတူဘဲ လူငယ်များကို ဖိတ်ကြားပြီး လူငယ်ဖိုရမ်၊ လူငယ်လေ့လာရေးအစီအစဉ်နှင့် လူမှုအကျိုးပြုလုပ်ငန်းများကို လုပ်ဆောင်သွားမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုများ ပိုမိုအားကောင်းစေရန်၊ အရည်အသွေးပြည့်မီပြီး သိပ္ပံနှင့်နည်းပညာဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်များ ပြုစုပျိုးထောင်နိုင်ရန်၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုလုပ်ငန်းများ အားပေးမြှင့်တင်နိုင်ရန်အတွက် Polytechnic University ရှစ်ခုကို ယခု ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်သည့်အတွက် အရည်အသွေးပြည့်မီသည့် နည်းပညာရှင်လူငယ်များ မွေးထုတ်ပေးနိုင်မည်ဖြစ်ရာ နည်းပညာကျွမ်းကျင်သည့် လူငယ်များပူးပေါင်းပါဝင်မှုဖြင့် နိုင်ငံစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း။ ။