တရုတ်နှင့် မြန်မာအိမ်နီးချင်း နှစ်နိုင်ငံဆက်ဆံရေးမှာ နှစ်ပေါင်းထောင်ချီကြာမြင့်ခဲ့ပြီဖြစ်သည်။ သမိုင်းတစ်လျှောက် အတူယှဉ်တွဲနေထိုင်လာခဲ့ကြသည့် နှစ်နိုင်ငံအကြား ခေတ်သစ်ကမ္ဘာတွင်လည်း သံတမန်ဆက်ဆံရေးကို ထူထောင်ခဲ့ကြရာလာမည့် ၂၀၂၅ ခုနှစ်တွင် ၇၅ နှစ်ပြည့်မြောက်၍ စိန်ရတုကာလသို့ ရောက်ရှိတော့မည်ဖြစ်သည်။
နှစ်နိုင်ငံအကြား ကာလရှည်ကြာ ရင်းနှီးခင်မင်မှုကို ဆွေမျိုးပေါက်ဖော်အဖြစ် တင်စားခဲ့ကြပြီး ၁၉၅၀ ပြည့်နှစ် ဇွန်လ ၈ ရက်တွင် စတင်ထူထောင်ခဲ့သည့် နှစ်နိုင်ငံသံတမန် ဆက်ဆံရေးသည် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူဝါဒပေါ်တွင် အခြေတည်လျက် ဆက်လက်တိုးတက်ဖြစ်ထွန်းခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် နှစ်နိုင်ငံဆက်ဆံရေးသည် ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုသို့လည်းကောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် မြန်မာ - တရုတ်မျှဝေသော အနာဂတ်အသိုက်အဝန်းသို့လည်းကောင်း တိုးမြှင့်ရောက်ရှိလာခဲ့သည်။ တောတောင်ရေမြေချင်း ဆက်စပ်တည်ရှိနေပြီး တရုတ်နှင့် မြန်မာနှစ်နိုင်ငံကြား ကီလိုမီတာ ၂၂၀၀ ကျော်ရှည်လျားသည့် နယ်နိမိတ်မျဉ်း တစ်ဖက်တစ်ချက်မှ ပြည်သူများကြားတွင်လည်း ချစ်ခင်ရင်းနှီးစွာ ကူးလူးဆက်ဆံနေထိုင်ခဲ့ကြသည်။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အကြီးမားဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်သကဲ့သို့ အကြီးမားဆုံးရင်းနှီးမြှုပ်နှံသည့်နိုင်ငံ၊ အကူအညီပေးနေသည့် နိုင်ငံလည်းဖြစ်သည်။ တရုတ်နိုင်ငံ၏ စီးပွားရေးသည် ကမ္ဘာ့စီးပွားရေးနှင့် နက်ရှိုင်းစွာဆက်နွှယ်လျက်ရှိပြီး ကမ္ဘာ့စီးပွားရေးတည်ငြိမ် တိုးတက်မှု၏ စွမ်းအားအရင်းအမြစ်လည်းဖြစ်သည်။
မြန်မာနှင့်တရုတ်နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးပွဲကို ဩဂုတ် ၁၄ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ကျင်းပရာ အဆိုပါတွေ့ဆုံဆွေးနွေးပွဲက အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်း နှစ်နိုင်ငံအကြား ကာလရှည်ကြာတည်ရှိပြီးဖြစ်သည့် ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မာအားကောင်းလာစေပြီး အေးအတူပူအမျှ အသိုက်အဝန်းဖြစ်တည်မှုကို ပိုမိုထင်ရှားလာစေသည်။ နှစ်ဖက်အပြန်အလှန် ဆွေးနွေးမှုများတွင် မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံအတွက် ထာဝရမိတ်ဆွေနိုင်ငံ၊ ယုံကြည်စိတ်ချရသော နိုင်ငံအဖြစ် ခိုင်ခိုင်မာမာရပ်တည်သွားမည့်အခြေအနေများ၊ တည်ငြိမ်အေးချမ်းရေးကို အလေးထားသည့်အခြေအနေများ၊ မြန်မာနိုင်ငံ၏ လက်ရှိပြည်တွင်းဖြစ်ပေါ် တိုးတက်မှုအခြေအနေများ၊ နှစ်နိုင်ငံကြား စီးပွားရေးပူးပေါင်း ဆောင်ရွက်သွားနိုင်မည့် အခြေအနေများကိုလည်းကောင်း၊ မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၏ အကျိုးစီးပွားကိုထိခိုက်စေမည့် မည်သည့်ကိစ္စကိုမဆို မြန်မာနိုင်ငံမှတစ်ဆင့် လုပ်ဆောင်နေမှုများကို လုံးဝလက်ခံမည်မဟုတ်ကြောင်း တို့ကိုလည်းကောင်း ထည့်သွင်းဆွေးနွေးခဲ့သည်။
တရုတ်နိုင်ငံဘက်မှ ဆွေးနွေးရာတွင်လည်း မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမြဲထောက်ခံအားပေးနေပါကြောင်း၊ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍစုံကူညီပေးသွားမည်ဖြစ်ပြီး စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ ခိုင်ခိုင်မာမာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအတွက် ထာဝရမိတ်ဆွေနိုင်ငံအဖြစ် တည်ရှိနေမည်ဖြစ်ကြောင်း စသည့်အချက်များမှာ ဂရုပြုမှတ်သားဖွယ်ပင်ဖြစ်သည်။
ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး(၅)ရပ်နှင့်အညီ အေးအတူပူအမျှ အသိုက်အဝန်းကို အတူတကွ တည်ဆောက်ထားကြသည့် တရုတ်-မြန်မာ နှစ်နိုင်ငံအကြား တွေ့ဆုံဆွေးနွေးမှုမှသည် ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ ပိုမိုတိုးတက်ဖြစ်ထွန်းလာမည်ဟု ယုံကြည်ပါကြောင်း။ ။