Skip to main content

ဒစ်ဂျစ်တယ်နည်းပညာစွမ်းပကား အနာဂတ်လူ့ဘောင်ဖော်ဆောင်

၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့တွင် မြန်မာနိုင်ငံမှ လူငယ်လူရွယ်များ၏ လှုပ်ရှားဆောင်ရွက်မှုများကို ယခင်နှစ်များနှင့်မတူ တစ်မူထူးကဲအားတက်ဖွယ် မြင်တွေ့ခဲ့ရပါသည်။ လူငယ်လူရွယ်များက တိုင်းပြည်တိုးတက်ရာတိုးတက်ကြောင်း၊ ကောင်းရာကောင်းကျိုးတို့ကို အားကြိုးမာန်တက်ဆောင်ရွက်နေကြသည့်အတွက် ဝမ်းမြောက်ပီတိဖြစ်ရပါသည်။ လူငယ်များသည် အနာဂတ်နိုင်ငံတော်ကို ဖန်တီးပုံဖော်တည်ဆောက်ကြမည့် မျိုးဆက်သစ်များဖြစ်ပါသည်။

ကုလသမဂ္ဂအဖွဲ့ကြီးက ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ကို “စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး၊ လူငယ်များရဲ့ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုဖြင့် ဖော်ဆောင်ပေး” ဆောင်ပုဒ်ဖြင့် အကောင်အထည်ဖော်လျက်ရှိပါသည်။ မြန်မာနိုင်ငံအနေဖြင့် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့တွင် “လူငယ်စွမ်းအားပြည့်အင်အားဖြင့် ရှေ့သို့လှမ်းချီ မြန်မာပြည်” ဆိုသည့် မျှော်မှန်းချက်ဖြင့် လူငယ်ဖိုရမ်ကျင်းပလျက်ရှိသည့်အပြင် လူငယ်လှုပ်ရှားမှုများ၊ လူငယ်အားကစားပြိုင်ပွဲများ၊ ထူးချွန်လူငယ်မောင်မယ်များ ပြည်တွင်း/ပြည်ပ လေ့လာရေးခရီးစဉ်များ စသည့်လူငယ်အကျိုးပြုလုပ်ငန်းများကို အင်တိုက်အားတိုက်လုပ်ကိုင်နေပါသည်။

လူငယ်များ မိမိနိုင်ငံကို ချစ်မြတ်နိုးစိတ်များတိုးပွားလာပြီး အနာဂတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် အဓိကအင်အားစုအဖြစ် ပါဝင်လာနိုင်စေရန်၊ မိမိနိုင်ငံနှင့်ယဉ်ကျေးမှုအပေါ် တန်ဖိုးထားချစ်မြတ်နိုးစိတ်များတိုးပွားလာပြီး နိုင်ငံသားကောင်းတစ်ယောက်၏ အခွင့်အရေးနှင့်တာဝန်များကို ပိုမိုနားလည်လာစေရန်၊ မတူညီသည့်ဒေသအသီးသီးမှ လူငယ်များ တွေ့ဆုံဆွေးနွေးခွင့်ရရှိသည့်အတွက် လူငယ်ထုအကြား ရင်းနှီးချစ်ခင်မှုနှင့် နားလည်ယုံကြည်မှုတည်ဆောက်ပေးနိုင်စေရန်၊ လူငယ်များ၏ တန်ဖိုးရှိသည့်စွမ်းရည်များ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ပေးနိုင်ရန်နှင့် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် လူငယ်များ တက်ကြွစွာပူးပေါင်းပါဝင်လာခြင်းအားဖြင့် ရေရှည်တည်တံ့သောဖွံ့ဖြိုးတိုးတက်မှု ဖော်ဆောင်ပေးနိုင်ရန် မျှော်မှန်းချက်ဖြင့် လူငယ်လှုပ်ရှားမှုများ ပြုလုပ်လျက်ရှိသည်။

ယခုနှစ်လူငယ်များနှင့်ပတ်သက်၍ ထူးခြားချက်မှာ ကုလသမဂ္ဂကချမှတ်ပေးခဲ့သည့် “စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး၊ လူငယ်များရဲ့ ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုဖြင့် ဖော်ဆောင်ပေး” ဆောင်ပုဒ်အတိုင်း ဦးစားပေးဆောင်ရွက်နေကြသည်ကို တွေ့ရသည်။ ယနေ့ခေတ်သည် သိပ္ပံနှင့်နည်းပညာခေတ်ဖြစ်၍ မြန်မာနိုင်ငံမှ လူငယ်လူရွယ်များအနေဖြင့် မိမိတို့နိုင်ငံကို နိုင်ငံတကာနှင့်အမီလိုက်ပါနိုင်ရန် လေ့လာဆည်းပူးထားသော ဒစ်ဂျစ်တယ်နည်းပညာများဖြင့် လူထုအကြား မျှဝေအသိပေး ဖော်ဆောင်နေကြသည်ကို ဝမ်းမြောက်ဖွယ်တွေ့ရသည်။ ကျင်းပနေသည့် လူငယ်ဖိုရမ်တွင် ကဏ္ဍအလိုက်ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ကြရာ၌ မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုနှင့် ဆန်းသစ်တီထွင်မှုများကို တင်ပြနိုင်ခဲ့သည်။

မျက်မှောက်ခေတ်တွင် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုနှင့် ဆန်းသစ်တီထွင်မှုများသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး စသည့်နယ်ပယ်စုံတွင် ထိရောက်စွာအသုံးချလျက်ရှိသည့် အဓိကသော့ချက်တစ်ခုဖြစ်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုက်ရိုက်အချိုးကျလျက်ရှိသည်။ မြန်မာလူငယ်များအနေဖြင့် လာမည့် ဆယ်စုနှစ်များတွင် မိမိနိုင်ငံအတွက် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်မည့်ကိစ္စရပ်များအား ဖော်ထုတ်ရာတွင် အဓိကကျပြီး လူငယ်များ၏ နေ့စဉ်လူမှုဘဝဖြတ်သန်းမှုများတွင် ပုံစံအမျိုးမျိုးဖြင့် ကဏ္ဍမျိုးစုံတွင် ဆက်စပ်ပါဝင်လျက်ရှိသည်။ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်တွင် အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည့် ဉာဏ်ရည်တု AI နှင့်ပတ်သက်သည့် သိမှတ်ဖွယ်ရာဗဟုသုတများ၊ ဆောင်ရန်ရှောင်ရန်ကိစ္စရပ်များ၊ လုပ်ဆောင်နိုင်စွမ်းနယ်ပယ်များနှင့် စိန်ခေါ်မှုများ ကျော်လွှားနိုင်သည့်နည်းလမ်းများ၊ နည်းပညာတိုးတက်လာမှုနှင့်ပတ်သက်၍ ဆိုးကျိုးနှင့် ကောင်းကျိုးများ၊ အချက်အလက်များနှင့်ပတ်သက်သည့် လုံခြုံရေးဆိုင်ရာများ၊ လူငယ်များဘဝကို တိုးတက်ပြောင်းလဲစေနိုင်မည့် နည်းပညာစွမ်းအားများ စသည်တို့ကို ဆွေးနွေးခဲ့ကြသည်။

ထို့အပြင် မျက်မှောက်ခေတ်အခြေအနေတွင် နည်းပညာဆိုင်ရာ တိုးတက်ပြောင်းလဲမှုများနှင့်အတူ စိတ်ပိုင်းဆိုင်ရာနှင့် ကျင့်ဝတ်ပိုင်းဆိုင်ရာ ဖြေရှင်းနိုင်ရေးအချက်များ၊ နိုင်ငံတော်၏ အနာဂတ်ခေါင်းဆောင်များဖြစ်လာမည့် လူငယ်များအတွက် နိုင်ငံသားကျင့်ဝတ်များ၊ ခေါင်းဆောင်မှုဆိုင်ရာအရည်အသွေးများနှင့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်ရေးနှင့်ပတ်သက်သည့် အလေ့အကျင့်ကောင်းများကို ဆောင်ရွက်သင့်သည်များ၊ လူငယ်များ မဖြစ်မနေတတ်ကျွမ်းသင့်သည့် အသိပညာ၊ အတတ်ပညာများ၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ထိလွယ်ရှလွယ်မှုကို ကာကွယ်တားဆီးနိုင်ရန် နည်းလမ်းများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံမှ လူငယ်လူရွယ်များအနေဖြင့် တိုးတက်ပြောင်းလဲလာသော ခေတ်စနစ်နှင့်အညီ လူငယ်များစိတ်ဝင်စားသည့် ဒစ်ဂျစ်တယ်နည်းပညာများဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် တက်ကြွလှုပ်ရှား ဆောင်ရွက်မှုများသည် အနာဂတ်နိုင်ငံတော်တည်ဆောက်ရေးတွင် အဓိကတွန်းအားတစ်ရပ်အဖြစ် စဉ်ဆက်မပြတ် ပြန့်ပွားနေမည်ဖြစ်ပါကြောင်း။          ။