တပ်မတော်သည် လွတ်လပ်ရေးနှင့်အတူ ပြည်သူများမှ ပေါက်ဖွားလာသည့် အဖွဲ့အစည်းဖြစ်သည်။ သမိုင်းကြောင်းအရ နယ်ချဲ့လက်အောက်မှလွတ်မြောက်ရေးကြိုးပမ်းရင်း စတင်သန္ဓေတည်ခဲ့သည်။ တပ်မတော်သည် မြန်မာနိုင်ငံကို အချုပ်အခြာအာဏာပိုင် လွတ်လပ်သောနိုင်ငံ ပေါ်ပေါက်လာရန် တိုက်ပွဲဝင်ခဲ့သည်။ လွတ်လပ်ပြီး နောက်တွင်လည်း အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲစေရန်နှင့် ပြည်တွင်းသောင်းကျန်းမှုအန္တရာယ်၊ ပြည်ပကျူးကျော်မှုအန္တရာယ်များကို အသက်၊ သွေး၊ ချွေး ပေးဆပ်ပြီး ကာကွယ်စောင့်ရှောက်ခဲ့သည်။
တပ်မတော်သည် နိုင်ငံကာကွယ်ရေးအတွက်သာမက လိုအပ်ပါက အမျိုးသားရေးတာဝန်အဖြစ် အုပ်ချုပ်ရေး၊ တည်ဆောက်ရေး၊ တရားဥပဒေစိုးမိုးရေးတာဝန်များကိုပါ ထမ်းဆောင်ခဲ့သည်။ သမိုင်းကြောင်းတစ်လျှောက် နိုင်ငံအတွင်း တရားဥပဒေစိုးမိုးရေး ပျက်သုဉ်းလာချိန်တွင် ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်များလုံခြုံမှုကို တာဝန်ယူထိန်းသိမ်းစောင့်ရှောက်ခဲ့သည်မှာ တပ်မတော်ဖြစ်သည်။ နိုင်ငံတော်တည်ဆောက်ရေးတာဝန်များကိုလည်း ကျေပွန်စွာထမ်းဆောင်ခဲ့သည်။ မူးယစ်ဆေးဝါးပပျောက်ရေးလုပ်ငန်းများကို အမျိုးသားရေးတာဝန်အဖြစ် စွန့်လွှတ်စွန့်စားထမ်းဆောင်ခဲ့သည်။
ပြည်တွင်းငြိမ်းချမ်းရေးနှင့် တိုင်းပြည်ပြန်လည်စည်းလုံးညီညွတ်ရေးလုပ်ငန်း စဉ်များတွင်လည်း တပ်မတော်၏ အခန်းကဏ္ဍသည် သမိုင်းမှတ်တိုင်တစ်ခုဖြစ်ခဲ့သည်။ ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေးတွင်လည်း တပ်မတော်သည်အရေးပါသောကဏ္ဍမှ ပါဝင်ဆောင်ရွက်ခဲ့သည်။ ထို့ကြောင့် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် တပ်မတော်ကြီးအင်အားရှိဖို့လိုအပ်သည်။
တပ်မတော်၏စွမ်းပကား မြင့်မားစေရန်၊ အစဉ်ရှင်သန်ထက်မြက်စေရန်၊ အရည်အသွေးရော၊ အရေအတွက်ပါ တိုးတက်ကောင်းမွန်စေရန်၊ တပ်မတော်သားများ၏ စိတ်ဓာတ်ခွန်အားများ မြင့်မားနေစေရန်လိုအပ်သည်။ တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်၊ တိုင်းပြည်အင်အားရှိမှ ပြည်ထောင်စုကြီးထာဝရတည်တံ့ ခိုင်မြဲမည်ဖြစ်သည်။ ပြည်ထောင်စုကြီး မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ကို တပ်မတော်၏ ယုံကြည်ချက်၊ ခံယူချက်အဖြစ်သတ်မှတ်ပြီး တာဝန်ကျေပွန်စွာထမ်းဆောင်လျက်ရှိသည်။ တပ်မတော်သည် နိုင်ငံတော်နှင့် ပြည်သူအတွက်သာဖြစ်သည်။
မျက်မှောက်ကာလတွင် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ၌ မဲမသမာမှုကြောင့် ဖြစ်ပေါ်လာသော နိုင်ငံရေးအပြောင်းအလဲကို အကြောင်းပြု၍ နိုင်ငံအတွင်း သာမန်ဆန္ဒပြရာမှ မင်းမဲ့စရိုက်ဆန်သည့် ဆူပူလှုပ်ရှားမှုများဖြစ်ပေါ်ခဲ့သည်။ အစွန်းရောက်ပါတီဝင်အချို့၏ ဦးဆောင်မှုဖြင့် လက်နက်ကိုင်အကြမ်းဖက်လုပ်ရပ်များ စတင်လုပ်ဆောင်ခဲ့သည်။ လူငယ်အချို့ကို ဝါဒမှိုင်းသွင်းပြီး EAO လက်နက်ကိုင်အဖွဲ့အချို့၏ အားပေးအားမြှောက်မှုဖြင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ဖွဲ့စည်းပြီး နိုင်ငံအတွင်း လူသတ်၊ ဗုံးထောင်၊ ဗုံးခွဲအကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ပြီး ပြည်သူလူထု လုံခြုံမှုပျက်ပြားအောင် ယနေ့ထက်တိုင်ပြုလုပ်လျက်ရှိသည်။
အကြမ်းဖက်အဖျက်သမားများက တိုင်းပြည်တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင်ပြုလုပ်နေချိန်တွင် EAO လက်နက်ကိုင်အဖွဲ့အချို့က ထိုအခြေအနေကို အခွင့်ကောင်းယူပြီး နယ်မြေချဲ့ထွင် သိမ်းပိုက်နိုင်ရေးကြိုးပမ်းလာကြသည်။ နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေးကမ်းလှမ်းချက်ကို ငြင်းပယ်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း နယ်စပ်ဒေသများတွင်ရှိသည့် တပ်မတော်လုံခြုံရေးစခန်းများကို အင်အားသုံးတိုက်ခိုက်ခဲ့သည်။ တည်ငြိမ်အေးချမ်းနေသော မြို့ရွာများကို စစ်ဘေးဒဏ်သင့်အောင် လုပ်ဆောင်ခဲ့သည်။ လမ်းတံတားများ၊ လူနေအိမ်များ၊ ဆေးရုံ၊ စာသင်ကျောင်းများ၊ ဘာသာရေးအဆောက်အအုံများကို တိုက်ခိုက်ဖျက်ဆီးခဲ့သည်။ စစ်ဘေးရှောင်များနှင့် ဒေသခံပြည်သူများကို ခြိမ်းခြောက်ပြီး ကလေးသူငယ်များကို အဓမ္မစစ်အတွင်း သွတ်သွင်းခဲ့ကြသည်။
ပြည်ပမှ အမျိုးသားသစ္စာဖောက်များနှင့် ပြည်ဖျက်မီဒီယာများပူးပေါင်းပြီး တပ်မတော်အင်အားချည့်နဲ့အောင်၊ ပြည်သူလူထုစိတ်မချမ်းမသာဖြစ်အောင် ဝါဒဖြန့်ချိရေးများ ပြုလုပ်လျက်ရှိသည်။ တပ်မတော်အနေဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းသာမကဘဲ နိုင်ငံတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးကို ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်သည်။ မြန်မာပြည်ကြီးတည်ငြိမ်အေးချမ်းရေးအတွက် အသက်၊ သွေး၊ ချွေးများရင်းနှီးပေးဆပ်ပြီး ကာကွယ်ပေးကြသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များနှင့် မျိုးချစ်စိတ်ဓာတ်ရှိသည့် ပြည်သူများသည် မြန်မာပြည်ကြီးကို ကာကွယ်စောင့်ရှောက်နေသည့် သူရဲကောင်းများ ဖြစ်သည်။
သို့ဖြစ်ရာ ပြည်ထောင်စုနိုင်ငံတော်ကြီးနှင့် တိုင်းရင်းသားပြည်သူများကို ကာကွယ်စောင့်ရှောက်ပေးနေသော မျိုးချစ်တပ်မတော်သားများနှင့် မျိုးချစ်သူရဲကောင်းများသည် တရားသောစစ်ကိုဆင်နွှဲနေသော အမိနိုင်ငံတော်၏ သားကောင်းရတနာများဖြစ်၍ ပြည်သူလူထုတစ်ရပ်လုံးက ဝန်းရံအားပေးကူညီအားဖြည့်မှုများ တစ်တပ်တစ်အားပြုလုပ်ပြီး အဖျက်သမားသောင်းကျန်းသူများကို အမြစ်ပြတ်ချေမှုန်းကြရမည်ဖြစ်ပါကြောင်း။ ။