Skip to main content

ကမာရွတ်မြို့နယ်အတွင်း အွန်လိုင်းလိမ်လည်မှုပြုလုပ်သူများအား လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

နေပြည်တော် ဇွန် ၁၈

ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် (၁၀) ရပ်ကွက် အောင်မင်းခေါင် (၁) လမ်းရှိ နေအိမ်တစ်လုံးတွင် အွန်လိုင်းလိမ်လည်မှုပြုလုပ်လျက်ရှိသည့် မြန်မာနိုင်ငံသား အမျိုးသားရှစ်ဦးနှင့် အမျိုးသမီးရှစ်ဦး စုစုပေါင်း ၁၆ ဦးအား လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ရွှေတောင်ကြား (၂) ရပ်ကွက် ရွှေတောင်ကြားလမ်း၌ ဖွင့်လှစ်ထားသည့် Loi Sam Sip ရှမ်းစားသောက်ဆိုင်ရှေ့ ကားပါကင်နေရာတွင် မော်တော်ယာဉ်အမှတ်၊ MDY -12 4F-1752 Honda Fit (လိုင်စင်မဲ့) မော်တော်ယာဉ်သည် အချိန်ကြာမြင့်စွာ ရပ်တန့်ထား၍ မသင်္ကာသဖြင့် စားသောက်ဆိုင်လုံခြုံရေးဝန်ထမ်းက လုံခြုံရေးတပ်ဖွဲ့ဝင်များထံ သတင်းပေးပို့မှုကြောင့် ဇွန် ၁၆ ရက် ညနေ ၃ နာရီခန့် တွင် သွားရောက်စစ်ဆေးခဲ့ရာ မော်တော်ယာဉ်အတွင်း X Power X စာတမ်းပါ Power Station သုံးလုံး၊ Laptop လေးလုံး၊ Charger USB ရှစ်ခု၊ Star Link စက်နှစ်လုံး၊ လက်ကိုင်ဖုန်းမျိုးစုံ ၁၇၅ လုံး၊ ကာလာ ပရင်တာ တစ်လုံးတို့အား ပိုင်ရှင်မဲ့တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။

အဆိုပါသိမ်းဆည်းရမိပစ္စည်းများ၏ ပိုင်ရှင်များအား ဖော်ထုတ်ဖမ်းဆီးရမိရေး လိုအပ်သည့် စုံစမ်းစစ်ဆေးဖော်ထုတ်မှုများ ဆောင်ရွက်ခဲ့ရာ အဆိုပါလိုင်စင်မဲ့မော်တော်ယာဉ်သည် Toyota BZ EV အမျိုးအစား မော်တော်ယာဉ်အမှတ်၊ BGO/27 5S-9527 နှင့်အတူ ကမာရွတ်မြို့နယ် (၁၀) ရပ်ကွက် အောင်မင်းခေါင် (၁) လမ်းရှိ နေအိမ်တစ်လုံးအတွင်းသို့ ဝင်ရောက်သွားသည်ကို CCTV မှတ်တမ်းများအရ စစ်ဆေးတွေ့ရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဇွန် ၁၇ ရက် ည ၉ နာရီ မိနစ် ၃၀ ခန့်တွင် အဆိုပါအိမ်သို့ သွားရောက်ရှာဖွေစစ်ဆေးခဲ့ရာ အွန်လိုင်းလိမ်လည်ကျူးလွန်ရာတွင် ပါဝင်ပတ်သက်ခဲ့သည့် မြန်မာနိုင်ငံသားအမျိုးသားရှစ်ဦးနှင့် အမျိုးသမီးရှစ်ဦး စုစုပေါင်း ၁၆ ဦးတို့ကို ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်များအရ ၎င်းတို့သည် ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁ ရက်မှ ၂၀၂၆ ခုနှစ် ဩဂုတ် ၃၀ ရက်အထိ အလုံမြို့နယ်ရှိ condo အခန်းအား တစ်လလျှင် ငွေကျပ် သိန်း ၇၀ ဖြင့် ငှားရမ်းနေထိုင်ခဲ့ကြောင်း၊ ဖမ်းဆီးရမိတရားခံများထဲမှတစ်ဦးက လက်ကိုင်ဖုန်းများ ထုတ်ပေးကာ ဆိုရှယ်မီဒီယာအကောင့်များအား ထည့်သွင်းပေးထားကြောင်း၊ ၎င်းနောက် တရုတ်နိုင်ငံသားများအား ဆက်သွယ်ပြီး အလှကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် ကျောက်စိမ်းများအား ရောင်းချမည်ဟု စည်းရုံးပြောဆိုရကြောင်း၊ ဝယ်ယူမည့်သူများက ၎င်းပစ္စည်းများအား ဝယ်ယူမည်ဆိုပါက ဓာတ်ပုံနှင့် တရုတ်ယွမ်ငွေတန်ဖိုးများကို ပေးပို့ရကြောင်း၊ ဝယ်ယူမည့်သူက မသင်္ကာ၍ မေးမြန်းလာသောအခါ အရောင်းဝန်ထမ်းများဖြစ်သည်ကို အသင့်ပြင်ဆင်ထားသည့် အီလက်ထရောနစ်လေဘာကတ်များ ပေးပို့၍ ယုံကြည်အောင် ဆောင်ရွက်ရကြောင်း၊ တရားခံများအနေဖြင့် ဈေးဝယ်ရန်လွှဲပေးသည့် ငွေပမာဏ၏ ၃ ရာခိုင်နှုန်းရရှိပြီး လစာသတ်မှတ်ထားခြင်းမရှိကြောင်း၊ လုပ်ငန်းအခြေအနေမကောင်းတော့သဖြင့် အဆိုပါအွန်လိုင်းလိမ်လည်မှု ပြုလုပ်ရာတွင် အသုံးပြုသည့် လက်ကိုင်ဖုန်းများနှင့် ဆက်စပ်ပစ္စည်းများအား မော်တော်ယာဉ်အမှတ်၊ MDY -12 4F-1752 Honda Fit (လိုင်စင်မဲ့) မော်တော်ယာဉ်နှင့်အတူ ပိုင်ရှင်မဲ့ဖြစ်စေရန် Loi Sam Sip ရှမ်းစားသောက်ဆိုင်ရှေ့ ကားပါကင်နေရာ၌ စွန့်ပစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိသူများအား ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ထိထိရောက်ရောက် ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဖြစ်ပြီး သိမ်းဆည်းရမိသည့် အွန်လိုင်းလိမ်လည်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် ပစ္စည်းများကိုလည်း ထပ်မံအသုံးပြုနိုင်ခြင်း မရှိစေရေးလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်