မြန်မာနိုင်ငံသည် ရှေးနှစ်ပေါင်းထောင်ချီကတည်းက အမျိုးဂုဏ်၊ ဇာတိဂုဏ်နှင့် အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မြင့်မားသောနိုင်ငံဖြစ်သည်။ နှစ်လို ဖွယ်ရာကောင်းသည့် မြန်မာတို့၏ ယဉ်ကျေးမှုအစဉ်အလာများကို ရှေးနှစ်ပေါင်း များစွာကာလကတည်းက ယနေ့ထက်တိုင်အောင် ထိန်းသိမ်းစောင့်ရှောက်မြှင့်တင် လျက်ရှိသည်။ မြင့်မားသောယဉ်ကျေးမှုအစဉ်အလာများဖြင့် နိုင်ငံချစ်စိတ်၊ လူမျိုးချစ်စိတ်ကို မြှင့်တင်ပေးနိုင်ခဲ့သည်။
အမိပြည်ထောင်စုမြေပေါ်တွင် နေထိုင်ကြသည့် နိုင်ငံသားတိုင်းသည် အစဉ်အလာကြီးမားပြီး ဂုဏ်ရှိန်မြင့်မားခဲ့သော နန်းမူနန်းဟန် ယဉ်ကျေးမှုအစဉ်အလာ များသာမက သွေးချင်းသားရင်းတို့၏ ဇာစ်မြစ်၊ ရိုးရာဓလေ့ထုံးစံများနှင့် ယဉ်ကျေးမှုအစဉ်အလာများကို သိရှိထားရန်လိုအပ်သည်။ ယဉ်ကျေးမှုသည် အလွန်အရေးပါသည့် လူမှုဆက်ဆံရေးပညာရပ်ဖြစ်သည်။ အိမ်သားအချင်းချင်းသည်လည်းကောင်း၊ အိမ်နီးနားချင်း အချင်းချင်းသည်လည်းကောင်း တစ်ဦး၏စရိုက်၊ တစ်ဦး၏ယဉ်ကျေးမှု ဓလေ့ထုံးစံတို့ကို သိရှိနားလည်ထားပါမှ လူမှုဆက်ဆံရေးပြေပြစ်ပြီး ရင်းနှီးချစ်ကြည်မှုများ တိုးပွားလာစေမည်ဖြစ်သည်။
ရိုးရာယဉ်ကျေးမှုသည် ရင်းနှီးချစ်ကြည်စည်းလုံးမှုကိုဖြစ်စေသည့် ပြည်ထောင်စုစိတ်ဓာတ်ပင်ဖြစ်သည်။ မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးတစ်ရာကျော်ဖြင့် ဖွဲ့စည်းတည်ဆောက်ထားသောနိုင်ငံဖြစ်သည်။ တိုင်းရင်းသားလူမျိုးအသီးသီးတို့၏ ယဉ်ကျေးမှုစံကိုသိလိုသော် ထိုလူမျိုးတို့ဖန်တီးခဲ့သည့် ဓလေ့စရိုက်များကိုကြည့်၍ အကဲဖြတ်နိုင်သည်။ ယနေ့ဖန်တီးခဲ့သော ကောင်းမြတ်သည့် ယဉ်ကျေးမှုအစဉ်အလာများသည် နောင်တစ်ခေတ်တွင် သမိုင်းအမွေအနှစ် မြတ်နိုးစရာများဖြစ်လာသည်။ အတိတ်သမိုင်းက ဖန်တီးခဲ့သည့် ယဉ်ကျေးမှုအစဉ်အလာများသည် မျက်မှောက်ကာလတွင် တန်ဖိုးထားဂုဏ်ယူဖွယ်ရာ ဓလေ့ထုံးစံများဖြစ်လာသည်။
မြန်မာတို့၏ ယဉ်ကျေးမှုသမိုင်းအမွေအနှစ်များ မတိမ်ကောသေးကြောင်း၊ ရှင်သန်ထွန်းကားနေဆဲဖြစ်ကြောင်း၊ မြတ်နိုးတွယ်တာ ဂုဏ်ယူစရာများအဖြစ် ရှိနေဆဲဖြစ်ကြောင်းကို သက်သေထူပြနိုင်သည့် အခင်းအကျင်းတစ်ရပ်မှာ မြန်မာ့ရိုးရာ ယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးဖြစ်သည်။ ခေတ်မီနည်းပညာများ စဉ်ဆက်မပြတ်ထွန်းကားနေသော မျက်မှောက်ကာလတွင် ခေတ်ပေါ်ယဉ်ကျေးမှု လမ်းကြောင်းပေါ်တွင် လိုက်ပါစီးမျောကြရသည်မှာ သဘာဝပင်ဖြစ်သည်။ သို့သော် အရိုးကိုအရွက်မဖုံးစေဘဲ ပြောင်းလဲလိုက်ပါစီးမျောကြဖို့လိုမည်ဖြစ်သည်။ အစဉ်အလာယဉ်ကျေးမှုတို့ကို ဖျောက်ဖျက်မေ့လျော့မပြစ်ဘဲ လိုက်ပါကြဖို့လိုမည်ဖြစ်သည်။ ယဉ်ကျေးမှုပျောက်လျှင် လူမျိုးပျောက်နိုင်သည်ကို သတိပြုဖို့လိုမည်ဖြစ်သည်။
ထို့ကြောင့် အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားရေးစရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ကြရမည်ဖြစ်သည်။ တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှု အနုပညာအမွေအနှစ်များနှင့် အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာ မပျောက်ပျက်စေရန် ဖော်ထုတ်၊ ထိန်းသိမ်း၊ မြှင့်တင်ကြရမည်ဖြစ်သည်။ နိုင်ငံတော်အစိုးရကလည်း ပြန်လည်ဖော်ထုတ်မြှင့်တင်ပေးနေသည်မှာ ဝမ်းမြောက်စရာဖြစ်သည်။
မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို ၁၉၉၃ ခုနှစ် မှစတင်၍ ပြန်လည်ဖော်ထုတ်ပေးခဲ့သည်။ ၁၉၉၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ၂၂ နှစ် (၂၂) ကြိမ်တိုင်တိုင် နှစ်စဉ်မပျက် ကျင်းပပေးနိုင်ခဲ့၍ မြန်မာ့ရိုးရာယဉ်ကျေးမှုကို ချစ်ခင်မြတ်နိုး တန်ဖိုးထားကြသူတို့ ဝမ်းမြောက်ဝမ်းသာဖြစ်ကြမည်မှာ အမှန်ဖြစ်သည်။ သို့သော် ၂၀၁၇ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ငါးနှစ်ကြာအောင် မကျင်းပနိုင်ခဲ့သဖြင့် မြန်မာ့ယဉ်ကျေးမှု ကွက်လပ်ဖြစ်ခဲ့သည်။ မကျင်းပဖြစ်ခဲ့သည့်ကာလအတွင်း မြန်မာ့ရိုးရာယဉ်ကျေးမှု အနုပညာရပ်များနှင့် ကင်းကွာမှုဖြစ်ခဲ့သလို သမ္ဘာရင့်၊ ဝါရင့် သက်ကြီးအနုပညာရှင်အချို့ တိမ်းပါးသွားခဲ့ရသည်မှာလည်း ဝမ်းနည်းစရာဖြစ်သည်။ ထို့ကြောင့် ၂၀၂၂ ခုနှစ်တွင် (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို ပြန်လည်ဖော်ထုတ်ပေးနိုင်သဖြင့် ဝမ်းမြောက်ဝမ်းသာဖြစ်ရသည်။
၂၀၂၃ ခုနှစ်တွင် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို နေပြည်တော်၌ ခမ်းနားသိုက်မြိုက်ထည်ဝါစွာဖြင့် ကျင်းပပေးနိုင်ခဲ့သည်။ ယခု ၂၀၂၄ ခုနှစ်တွင် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီး ခမ်းနားထည်ဝါအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်အဆင့်၊ ခရိုင်အဆင့်ပြိုင်ပွဲများကို သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အားတက်သရောယှဉ်ပြိုင်နေကြပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်အဆင့်မှ ဗဟိုအဆင့်သို့ တက်လှမ်းယှဉ်ပြိုင်နိုင်ရန် ကြိုးစားနေကြပြီဖြစ်ရာ ပြိုင်ပွဲဝင်အနုပညာရှင်များအား လှိုက်လှိုက်လှဲလှဲ အားပေးရမည်ဖြစ်သည်။
သို့ဖြစ်ရာ မြန်မာတို့၏ အစဉ်အလာကြီးမားသော မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို ပြန်လည်ဖော်ထုတ် မြှင့်တင်ထိန်းသိမ်းလျက်ရှိသည့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးမှတစ်ဆင့် မျိုးဆက်သစ်လူငယ်များအကြားတွင် ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို ဖော်ထုတ်ထိန်းသိမ်းခြင်းနှင့်ထပ်တူ အမျိုးသားရေးစိတ်ဓာတ်များ ပိုမိုထွန်းကားပြန့်ပွားစေပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့အတွက် အမျိုးသားယဉ်ကျေးမှုအခန်းကဏ္ဍမှ တစ်တပ်တစ်အား ပံ့ပိုးဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း။ ။